ဆံပင်ဖြူခြင်းအကြောင်းရင်းနှင့် ကျန်းမာရေးဆက်စပ်နေမှု
Posted_Date
Image
Body
ဆံပင်ဖြူခြင်းကို အသက်အရွယ်ကြီးသူများတွင် ပို၍တွေ့ရသည်။ သို့သော် ယနေ့ ခေတ်လူငယ်အများစုတွင် ဆံပင်ဖြူခြင်းကို ပြဿနာတစ်ရပ်အနေဖြင့် ရင်ဆိုင် နေရသည်။ ဆံပင်ဖြူခြင်းသည် သဘာဝထက်စောကာ နုပျိုခြင်းကို ကျဆင်းစေနိုင်သည်။ ဆံပင်မွေးအိတ်များ၏အောက်ခြေရှိ မယ်လမင်းဟုခေါ်သော အမည်းရောင်ခြယ်ပေးသည့် ဆဲလ်များ၏ စွမ်းဆောင်ရည်ကျဆင်းလာပြီး မယ်လမင်းထုတ်လုပ်မှု ရပ်ဆိုင်းသွားလျှင်၊ လျော့နည်းသွားလျှင် ဆံပင်ဖြူသည့်ဖြစ်စဉ် စတင်ဖြစ်ပွားလာသည်။
သို့သော် လူငယ်များတွင် ဆံပင်ဖြူသော အကြောင်းရင်းမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတို့ကြောင့်ဖြစ်သည်။အမြဲတမ်းပူပင်သောကရောက်၍အတွေးများခြင်းနှင့် အာဟာရချို့တဲ့ခြင်း တို့ကြောင့် ဆံပင်ဖြူလာနိုင်သည်။ မျိုးရိုး ဗီဇကြောင့်လည်း ဆံပင်ဖြူနိုင်သည်။ အလှ ပြင်ဆိုင်တွင် ရေနွေးဖြင့်ခေါင်းလျှော်ခြင်း၊ လျှပ်စစ်စက်ကြာရှည်စွာသုံးစွဲခြင်း၊ ဆံပင် ဆေးဆိုးခြင်းတို့ကြောင့်လည်း ဆံပင်ဖြူ နိုင်သည်။
ဆံပင်ဖြူခြင်း၏ အဓိကအကြောင်းရင်း မှာ စိတ်ဖိစီးမှုများခြင်း၊ အလုပ်များခြင်း၊ ပင်ပန်းလွန်းခြင်း၊ နာမကျန်းဖြစ်ခြင်း (တချို့ရောဂါများက ဆံပင်ဖြူစေသည်)၊ အာဟာရချို့တဲ့ခြင်း၊ နေရောင်ခြည်နှင့်ထိတွေ့မှုများခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲ ခြင်း၊ မကြာခဏပေါင်းတင်ခြင်း၊ ဆံပင် ဆေးဆိုးရာတွင် ကျွမ်းကျင်မှုမရှိခြင်းနှင့် ကြိမ်ဖန်များစွာဆိုးခြင်း စသည်တို့ကြောင့် လူငယ်များ ဆံပင်ဖြူရခြင်းဖြစ်သည်။
လူတစ်ယောက်စီတိုင်းတွင် ငွေရောင် ဆံပင်၊ ရွှေအိုရောင်ဆံပင်၊ နက်မှောင်တောက်ပြောင်သော ဆံပင်စသည်ဖြင့် အရောင်အမျိုးမျိုး ကွဲပြားနိုင်သော်လည်း တစ်ချိန်ချိန်တွင် ဆံပင်ဖြူခြင်းဖြစ်စဉ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။
ပုံမှန်ဆိုလျှင် လူတစ်ယောက်၏ အသက် ၄၀-၅၀ ရောက်မှ ဆံပင်ဖြူ တတ်ကြသော်လည်း တချို့က အသက် ၂၀ အရွယ်ဖြင့် ဆံပင်ဖြူလာကြသည်။ ထိုကဲ့သို့ ဆံပင်ဖြူရသည့်အကြောင်းရင်း များတွင် အောက်ပါအချက်များကြောင့်လည်း ပါဝင်သည်။
ဆံပင်ကို နက်မှောင်စိုပြည်စေသည့် ရောင်ခြယ်ပစ္စည်းများ ထုတ်လုပ်မှုနည်း သွားသည့်အခါ ဆံပင်သည် မီးခိုးရောင် ပြောင်းသွားသည်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သည် ဆံပင်အရောင်များကို ကျွတ် စေသည်။ အာဆီယံနိုင်ငံများ၌ အသက် ၃၀ နောက်ပိုင်းတွင် ဆံပင်ဖြူတတ်သော် လည်း တချို့နိုင်ငံများတွင် အသက် ၄၀ ကျော်မှသာ ဆံပင်ဖြူခြင်းကိုတွေ့ရသည်။ အသားအရောင်မရွေး လူတိုင်း အသက် ၅၀ နှောင်းပိုင်းတွင် ဆံပင်ဖြူခြင်း က သဘာဝဖြစ်သည်။
ဆံပင်ဖြူခြင်းက ကျန်းမာရေးပြဿနာ တစ်ခုဖြစ်သည်။ လူတိုင်းတွင် စိတ်ဖိစီးမှု များကြောင့်ဆံပင်ဖြူလာနိုင်သည်ဟု အခိုင်အမာပြောဆိုနေကြသော်လည်း သုတေသီများက ပို၍ခိုင်မာသောအထောက်အထားများရရန် ကြိုးစားနေကြဆဲဖြစ်သည်။ သေချာသည်ကား ကိုယ်ခံ စွမ်းအားနှင့် ပတ်သက်သည့်ရောဂါ၊ မျိုးရိုး ဗီဇလိုက်ခြင်းသည် အသက်ငယ်ငယ်နှင့် ဆံပင်ဖြူစေသည်။ ခရုသင်းကဲ့သို့ အရေပြား ရောဂါများ၊ အရွယ်ရောက်ခါစကတည်း က Werner Syndrome ရောဂါကြောင့် ဆံပင်အရောင်က ပြောင်းသွားတတ် သည်။ ဗီတာမင်-B12 ချို့တဲ့မှု၊ ပစ်ကျူ ထရီဂလင်း၊ သိုင်းရွိုက်ဂလင်းတို့နှင့်ပတ် သက်သည့် ရောဂါများကြောင့်လည်း ဆံပင်ဖြူတတ်သည်။ တချို့သုတေသီ များက အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းက အရိုးများ၏ သိပ်သည်းဆနည်းလာခြင်း ကြောင့်ဟုဆိုသည်။
ဗီတာမင်-A
ဗီတာမင်-A က ဦးရေပြားကျန်းမာစေ ရန် အာဟာရဖြည့်ပေးနိုင်ပြီး ဆံပင်ကို နူးညံ့သန်စွမ်းစေသည်။ အရွယ်မတိုင်မီ ဆံပင်ဖြူသူများအနေဖြင့် အာဟာရပညာရှင်များနှင့်တိုင်ပင်ပြီး ဗီတာမင်-A ပါဝင် မှုများသောအစားအစာများကို ဦးစားပေး စားသင့်သည်။ အထူးသဖြင့် အစိမ်းရင့် ရောင်အရွက်များနှင့် အဝါရောင်အသီးအနှံများကို စားပေးသင့်သည်။
ဗီတာမင်-E
ဗီတာမင်-E က အဆီထုတ်ခြင်းကို ထိန်းချုပ်ထားသကဲ့သို့ ဆံသားများစိုပြည် ကာ နက်မှောင်သန်စွမ်းစေရန် ကူညီပေး နိုင်သည်။ လတ်ဆတ်သည့်အစိမ်းရောင် အရွက်များ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ကောက်ပဲသီးနှံ၊ ကလီစာ၊ ဒိန်ချဉ်နှင့် ငှက် ပျောသီး စသည့်ဗီတာမင်-E ကြွယ်ဝသောအစားအစာများသည် အချိုဓာတ်များ သောအစားအစာများနှင့် ဆီကြော်စာများထက် ဆံပင်၏ကျန်းမာရေးကို ပို၍ အားကောင်းစေသည်။
သတ္တုဓာတ်များ
ဇင့်ဓာတ်၊ သံဓာတ်နှင့် ကော့ပါးဓာတ် များက ဆံပင်ကျန်းမာရေးကို အထောက် အကူပြုပေးသော သတ္တုဓာတ်ဖြစ်သည်။ ဇင့်ဓာတ်ကိုအရေခွံနှင့်အဆီမပါသည့် အသားများ၊ ကြက်သား၊ အစိမ်းရင့်ရောင် အရွက်များမှရရှိနိုင်ပြီး သံဓာတ်ကို အမဲသား၊ အသား၊ ငါး၊ ကြက်ဥ၊ ဂျုံ၊ နေကြာစေ့များမှ ရရှိနိုင်သည်။ ကော့ပါးဓာတ်ကို ပင်လယ်စာ၊ ကြက်ဥအနှစ်နှင့် ကောက်ပဲသီးနှံများမှ ရရှိနိုင်သည်။
ပရိုတင်း
အသားဓာတ်ကို လုံလုံလောက် လောက်စားပေးခြင်းက ဆံသားများကိုတောက်ပပြီး နူးညံ့ပျော့ပျောင်းစေသည်။ ထို့ကြောင့် ပရိုတင်းပါဝင်မှုများသည့်အသားများ၊ နွားနို့၊ ပဲနို့၊ ပဲအမျိုးမျိုး စသည် တို့ကို ဦးစားပေး စားသင့်သည်။
မီးခိုးရောင်ဆံပင်များကိုဖုံးကွယ်ခြင်း
ဆံပင်ဖြူခြင်းက စိတ်ကသိကအောက် ဖြစ်စေသည်ဆိုလျှင် မိမိအသားအရောင်နှင့် လိုက်ဖက်မှုရှိသည့် ဆံပင်အရောင်ကိုပြောင်းလဲနိုင်သည်။ အဆိုပါအရောင် များသည် ရက်အနည်းငယ်ခံပြီး ဆံပင်ဖြူများကို ချက်ချင်းမတွေ့နိုင်ပါ။ အရောင် ငြိမ်ငြိမ်အသုံးပြုပြီး လိုင်းဖော်ထားသည့် အရောင်များကြားထဲတွင် မီးခိုးရောင် ဆံပင်ကရောနှောသွား၍ ဆံပင်ဖြူကို ရုတ်တရက်မတွေ့နိုင်ပါ။
ငယ်ရွယ်သူမိန်းကလေးများက ဆံပင်ဖြူခြင်းကို အရွယ်ကျသွားသည်ဟု ထင်မြင်ကြသည်။ ဆံပင်အရောင်သည် ငယ်ရွယ်ပြီး တက်ကြွသော အမျိုးသမီးတစ်ယောက် အတွက် မည်သို့မျှ သိသိသာသာ ပြောင်းလဲခြင်းမရှိပါ။
လူတစ်ယောက်တွင်ရှိသည့် တက်ကြွ လန်းဆန်းမှုနှင့် စိတ်ကူးစိတ်သန်းများက ဆံပင်ဖြူရုံမျှနှင့် ပြောင်းလဲခြင်းမရှိပါ။ ဆံပင်အရောင်တစ်ခုတည်းဖြင့် အလှအပ သည် ပြည့်စုံသွားမည်မဟုတ်ပါ။ မိမိဘဝကို ကျေနပ်နှစ်သက်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းသည်ကသာ အမျိုးသမီးတစ်ယောက်အတွက် တကယ့်အလှစစ်ကိုဖြစ် စေသည်။
ဆံပင်ဖြူခြင်းအတွက် အိမ်တွင်းကုထုံးတချို့ရှိသည်။ သဘာဝကုထုံးကို သုံးစွဲလိုသည့် ဆံပင်ဖြူသူများအတွက် အကြံပြုလိုသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
အုန်းဆီ
ညတိုင်း သို့မဟုတ် တစ်ညခြား အိပ်ရာ မဝင်မီ ဆံပင်နှင့် ဦးရေပြားကို အုန်းဆီ လိမ်းပြီး နှိပ်နယ်ပေးသင့်သည်။ နောက် တစ်နေ့နံနက်တွင် ပုံမှန်အတိုင်း ခေါင်း လျှော်သင့်သည်။
ချင်း
ခြစ်ထားသော ချင်းလတ်လတ်ဆတ်ဆတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည်တစ်ဇွန်းနှင့်ရောပြီး စားသုံးသင့်သည်။
ဆီးဖြူသီး
နေ့စဉ် ဆီးဖြူသီးဖျော်ရည်တစ်ခွက် သောက်သုံးသင့်သည်။ သို့မဟုတ် တစ်ပတ် လျှင် တစ်ကြိမ် အဆီထုတ်ထားသောဆီးဖြူသီးအဆီဖြင့် ဆံပင်ကို နှိပ်နယ်ပေးသင့်သည်။
နှမ်းနက်စေ့
နှမ်းနက်စေ့ကို တစ်ပတ်လျှင် နှစ်ကြိမ် မှ သုံးကြိမ်အထိ ထမင်းစားဇွန်းတစ်ဇွန်းစားခြင်းက ဆံပင်ဖြူသည့်ဖြစ်စဉ်ကိုနှေးကွေးစေပြီး ဖြူနေသောဆံပင်ကို ပြန်လည် နက်မှောင်လာစေသည်။
ပျဉ်းတော်သိမ်ရွက်
ကြိတ်ခြေထားသောပျဉ်းတော်သိမ်ရွက် ခွက်တစ်ခွက်၏ လေးပုံတစ်ပုံနှင့် ဒိန်ချဉ်ခွက်တစ်ဝက်စာတို့ကိုရောပြီး ဦးရေပြားပေါ်လိမ်းကာ မိနစ် ၃၀ အကြာတွင် ရေဆေးချသင့်သည်။ ထိုနည်း အတိုင်း တစ်ပတ်လျှင် တစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်နိုင်သည်။
ကြက်သွန်နီ
ကြက်သွန်နီကို မွှေစက်ဖြင့်ကြိတ်ခြေပြီး အရည်ညှစ်သင့်သည်။ ရလာသည့်ကြက်သွန်နီအရည်ကိုဦးရေပြားအား တစ်ပတ်လျှင်နှစ်ကြိမ် ညင်သာစွာပွတ် လိမ်းပေးသင့်သည်။ မိနစ် ၃၀ ကြာ ပြီးနောက် ပုံမှန်အတိုင်း ခေါင်းလျှော်သင့် သည်။
မုန်လာဥနီဖျော်ရည်
မုန်လာဥနီဖျော်ရည်ကို တစ်နေ့တစ် ခွက်သောက်သုံးခြင်းက ဆံပင်ဖြူခြင်းကို သက်သာစေသည်။
ဗာဒံစေ့ဆီ
ဗာဒံစေ့ဆီ၊ သီဟိုဠ်နှင့် ဆီးဖြူသီးအရည် တို့ကို အချိုးညီညီရောစပ်၍ ဆံပင်နှင့် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပြီး လိမ်းပေးသင့်သည်။ တစ်နေ့လျှင်နှစ်ကြိမ်နှင့် တစ်ပတ်လုံးပြုလုပ်ပေးသင့်သည်။
အချုပ်အားဖြင့်ဆိုသော် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းက မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်သောကြောင့် အရွယ်ငယ်ငယ်ဖြင့် ဆံပင်ဖြူသော မျိုးရိုးရှိလျှင် ကျန်းမာရေးနှင့် သင့်လျော်သည့် အစားအစာများကို စားပေးသင့်ကြောင်း ကျန်းမာရေး သုတရရှိစေရန် ရေးသား တင်ပြလိုက်ရပါသည်။
MWD
