မောပန်းခြင်း ဝေဒနာနောက်ကွယ်က ကျန်းမာရေး သတိပေးချက်များနှင့် သိမှတ်ဖွယ်ရာများ

Posted_Date

Image

မောပန်းခြင်း ဝေဒနာနောက်ကွယ်က ကျန်းမာရေး သတိပေးချက်များနှင့် သိမှတ်ဖွယ်ရာများ

Body

ယခုရက်ပိုင်းအတွင်း အသက်အရွယ်ကြီးသူများ၊ လူငယ်လူရွယ်များသာမကရောဂါအခံရှိသူများပါမကျန် မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်း၊ အနည်းငယ်လှုပ်ရှားရုံဖြင့် မောဟိုက်ခြင်း စသည့်လက္ခဏာများကိုတွေ့ကြုံကာ   ဆေးခန်းသို့ရောက်လာတတ်ကြသည်။

မောခြင်းသည်   ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးသောအ င်္ဂါအစိတ်အပိုင်းများ၏  အချက်ပေးစနစ် တစ်ခုဖြစ်နေနိုင်သည်။ အဆုတ်၊ နှလုံး၊ သွေးကြောများနှင့်  စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်များကြောင့် မောနေနိုင်သဖြင့် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိသားစုဝင်များသော်လည်းကောင်း    မောပန်းခြင်းခံစားလာရပါက  မပေါ့ဆဘဲ  သတိပြုသင့်သည်။ 

အသက်အရွယ်မရွေး    မောပန်းခြင်းကိုဖြစ်စေသော အဓိကအကြောင်းရင်းများစွာရှိသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ 

-ပန်းနာ၊ ရင်ကျပ်ရောဂါဆိုးရွားလာခြင်း။ ပန်းနာ၊ရင်ကျပ်ရောဂါဆိုးရွားလာသောအခါ ရင်ကျပ်ရောဂါ အခံရှိသူများ၏ လေပြွန်များကို  ရုတ်တရက် ကျဉ်းမြောင်းသွားစေပြီး လေပြွန်ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေသည်။ ပန်းနာ၊ ရင်ကျပ်ရောဂါဆိုးရွားလာချိန်တွင် ရုတ်တရက်မောဟိုက်လာခြင်း၊ တရွှီရွှီမြည်သံများကြားလာရခြင်းတို့ခံစားရတတ်သည်။

-နာတာရှည်အဆုတ်နှင့်   လေပြွန်ရောင်ရောဂါ။ဆေးလိပ်သောက်သူများနှင့်အသက်ကြီးပိုင်းများတွင် အဖြစ်များသည့် နာတာရှည်အဆုတ်နှင့် လေပြွန်ရောင်ရောဂါအခံရှိသူများသည်  အဆုတ်နှင့်လေပြွန်ရောင်နေခြင်းကြောင့် အဆုတ်အတွင်း လေဝင်လေထွက်မကောင်းတော့ဘဲ အမြဲတမ်းမောပန်းနွမ်းနယ်နေတတ်သည်။

အဆုတ်ရောင်ခြင်းနှင့်ပိုးဝင်ခြင်း။  အသက်ရှူလမ်းကြောင်းအတွင်း ဗိုင်းရပ်စ်နှင့်ဗက်တီးရီးယားပိုးများ ဝင်ရောက်ကာ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်းများ ဖြစ်ပွားပါက ခန္ဓာကိုယ်အတွက် လုံလောက်သော အောက်ဆီဂျင်ကို ဖလှယ်ခြင်းမပြုနိုင်တော့ဘဲ ပြင်းထန်စွာမောပန်းလာရသည်။

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ

-နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း။ နှလုံးသည် ခန္ဓာကိုယ်အနှံ့သို့ သွေးညှစ်ထုတ်ပေးသည့် ပန့်စက်တစ်ခုဖြစ်သည်။ နှလုံးကြွက်သားများ အားနည်းလာသောအခါ သွေးကိုထိရောက်စွာ မညှစ်ထုတ်နိုင်တော့ဘဲ  အဆုတ်ထဲတွင် သွေးများအိုင်လာတတ်သည်။ ထို့ကြောင့် လှုပ်ရှားလိုက်လျှင်သော် လည်းကောင်း၊ လှဲအိပ်လိုက်လျှင်သော်လည်းကောင်း  ပြင်းထန်စွာ မွန်းကျပ်လာတတ်သည်။

-နှလုံးသွေးကြောကျဉ်းရောဂါ။  နှလုံးကြွက်သားများသို့ သွေးပို့လွှတ်သည့် သွေးကြောများကျဉ်းမြောင်းလာသောအခါ နှလုံးဆီသို့ အောက်ဆီဂျင် လုံလောက်စွာမရောက်ရှိတော့ဘဲ အလုပ်လုပ်လျှင်သော်လည်း

ကောင်း၊   လမ်းလျှောက်လျှင်သော်လည်းကောင်း ရင်ဘတ်အောင့်ခြင်းနှင့်အတူ အသက်ရှူရခက်ခဲပြီး မောဟိုက်လာတတ်သည်။

-သွေးတိုးရောဂါ။ သွေးဖိအား အလွန်အမင်းမြင့်မားလာပါက   နှလုံးက ပိုမိုအလုပ်လုပ်ရသဖြင့်   ရေရှည်တွင် နှလုံးကြွက်သားများထူထဲလာပြီး မောပန်းလွယ်ခြင်း၊ ရင်တုန်ခြင်းများကို ခံစားလာရသည်။

အထွေထွေကျန်းမာရေးဆိုင်ရာပြဿနာများ 

-သွေးအားနည်းရောဂါ။ သွေးတွင်းရှိ အောက်ဆီဂျင်   သယ်ဆောင်ပေးသည့်    ဟေမိုဂလိုဘင်နည်းပါးနေပါက  ခန္ဓာကိုယ်ရှိ တစ်သျှူးများနှင့် အင်္ဂါအစိတ်အပိုင်းများဆီသို့   အောက်ဆီဂျင်   လုံလောက်စွာ မရောက်ရှိတော့ပေ။ ထိုအခါ အနည်းငယ်လှုပ်ရှားရုံဖြင့်   အသက်ရှူမဝဘဲ  မောပန်းလွယ်လာရသည်။ လူငယ်များနှင့်အမျိုးသမီးများတွင် ဤအချက်ကြောင့် မောပန်းခြင်းကို အများဆုံးခံစားကြရသည်။

-သိုင်းရွိုက်ဟော်မုန်း ပုံမှန်မဟုတ်ခြင်း။ သိုင်းရွိုက်ဟော်မုန်းအထွက်လွန်ကဲခြင်းဖြစ်ပါက ခန္ဓာကိုယ်၏    ဇီဝကမ္မဖြစ်စဉ်များ   မြန်ဆန်လာပြီး နှလုံးခုန်နှုန်း အလွန်မြန်လာကာ ငြိမ်ငြိမ်နေလျှင်ပင် မောပန်းခြင်းကို ခံစားရတတ်သည်။

-ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း။ ရောဂါမရှိဘဲ မောရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုလုံးဝမရှိဘဲ  ထိုင်ရုံ၊ အိပ်ရုံသာ နေထိုင်သူများတွင် ကြွက်သားများနှင့် နှလုံးစနစ်က မလှုပ်ရှားတော့သဖြင့် လှေကားတက်ခြင်း သို့မဟုတ် လမ်းအနည်းငယ်လျှောက်ခြင်းပြုလုပ်ရုံဖြင့်  အမောဖောက်လာတတ်သည်။

စိတ်ကျန်းမာရေးဆိုင်ရာအချက်များ 

-စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုလွန်ကဲခြင်း။ မောပန်းခြင်းဝေဒနာသည် ခန္ဓာကိုယ်ရောဂါကြောင့်တင်မကဘဲ စိတ်ကြောင့်လည်း ဖြစ်ပွားနိုင်သည်။ ပြင်းထန်သော စိတ်ဖိစီးမှု  သို့မဟုတ် တွေးတောပူပန်မှု  များပြားလာသောအခါခန္ဓာကိုယ်ကအသက်ရှူနှုန်းကို ရုတ်တရက်မြှင့်တင်လိုက်သဖြင့် အသက်ကို မြန်မြန်နှင့် တိုတို ရှူမိတတ်ကြသည်။ ယင်းကို Hyperventilation ဟုခေါ်ပြီး  သွေးတွင်းကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် နည်းပါးသွားကာ     လက်ဖျားခြေဖျားထုံကျဉ်ခြင်းနှင့်အတူ   အသက်ရှူမဝဘဲ    မွန်းကျပ်ခြင်းတို့ဖြစ်ပေါ်လာတတ်သည်။

မောပန်းခြင်းကို  ရုတ်တရက်မောခြင်းနှင့် နာတာရှည်မောခြင်းဟူ၍ အမျိုးအစားခွဲခြားနိုင်သည်။ 

ရုတ်တရက်မောခြင်း

ရုတ်တရက်မောခြင်းဆိုသည်မှာ ယခင်က ပုံမှန်အတိုင်း ကောင်းမွန်နေပြီးမှ မိနစ်ပိုင်း သို့မဟုတ် နာရီပိုင်း၊ ရက်ပိုင်းအတွင်း မောပန်းခြင်းဝေဒနာ စတင်ခံစား လာရခြင်းကို ဆိုလိုသည်။  ဤအမျိုးအစားသည် ခန္ဓာကိုယ်အတွင်း အရေးပေါ်အသက်အန္တရာယ်ရှိနိုင်သည့်အခြေအနေတစ်ခုကို   ပြသနေခြင်းဖြစ်သဖြင့် အချိန်ဆွဲ၍မရဘဲ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သည်။

နာတာရှည်မောခြင်း 

နာတာရှည်မောခြင်းဆိုသည်မှာ    မောပန်းခြင်းဝေဒနာသည်     တစ်ရက်၊  နှစ်ရက်မျှသာမဟုတ်ဘဲ ရက်သတ္တပတ်အတော်ကြာအောင်(အနည်းဆုံးတစ်လ သို့မဟုတ်  ထိုထက်မက) တဖြည်းဖြည်း ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ အစပိုင်းတွင် လှေကားတက်လျှင်၊ အမြင့်သို့တက်လျှင်သာ       မောတတ်သော်လည်း နောက်ပိုင်းတွင် အဝတ်လဲခြင်း၊ ထမင်းစားခြင်းကဲ့သို့ သာမန်ကိစ္စများ၌ပင် မောပန်းတတ်လာသည်။ 

မောပန်းခြင်းဝေဒနာခံစားရပါက ဆောင်ရန်၊  ရှောင်ရန်များနှင့် ရှေးဦးပြုစုစောင့်ရှောက်နည်းများ

မိမိကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တစ်ဦးမောပန်းခြင်းဝေဒနာ  စတင်ခံစားလာရပါက ဆေးရုံ၊ ဆေးခန်းသို့မရောက်ရှိမီ စနစ်တကျ ပြုစုစောင့်ရှောက်တတ်ရန် အလွန်အရေးကြီးသည်။    မှန်ကန်သော ရှေးဦးပြုစုမှုသည်    လူနာ၏အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သကဲ့သို့ မှားယွင်းသော ပြုစုမှုများသည်လည်း ဝေဒနာကို ပိုမိုဆိုးရွားသွားစေနိုင်သည်။

အမောသက်သာစေမည့်အနေအထားများ ပြင်ဆင်ပေးခြင်း 

လူနာမောလာပါက လှဲအိပ်ခိုင်းခြင်းသည် အဆုတ်ကို ပိုမိုဖိသိပ်သကဲ့သို့ဖြစ်စေပြီး အမောကို ပိုဆိုးစေတတ်သည်။ ထို့ကြောင့် အောက်ပါအနေအထားများကို ပြင်ဆင်ပေးရပါမည်။

-ထိုင်လျက်အနေအထား။  လူနာကို   ခုတင် သို့မဟုတ် ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်ခိုင်းပြီး ကျောကို  ခေါင်းအုံးနှစ်လုံး၊  သုံးလုံးဖြင့် မှီထားပေးရမည်။ ဤအနေအထားသည် ရင်ဝမ်းခြားကြွက်သား ကို  အောက်သို့နိမ့်ဆင်းသွားစေသဖြင့်  အသက်ရှူရ ပိုမိုလွယ်ကူစေသည်။

-ရှေ့သို့ကိုင်းထိုင်ခြင်း။     လူနာကို   ခုံတစ်ခုတွင် ထိုင်ခိုင်းပြီး  ရှေ့ရှိ စားပွဲပေါ်တွင် ခေါင်းအုံးတင်ကာ လက်နှစ်ဖက်ကိုထောက်လျက်ရှေ့သို့အနည်းငယ် ကိုင်းပေးထားခြင်းဖြစ်သည်။ အသက်ရှူလမ်းကြောင်း ကြွက်သားများကို အားဖြည့်ပေးသဖြင့် အသက်ရှူမဝသူများအတွက် အလွန်သက်သာစေသည်။

မှန်ကန်သော အသက်ရှူနည်းစနစ်ကို လေ့ကျင့်ပေးခြင်း 

 မောလာသောအခါ လူနာသည် စိုးရိမ်စိတ်ကြောင့် အသက်ကို မြန်မြန်နှင့် တိုတိုရှူမိတတ်ရာ အမောကို ပိုဆိုးစေသည်။   ထို့ကြောင့်   လူနာကို  စိတ်ငြိမ်ငြိမ်ထားရန်အားပေးပြီး     အောက်ပါအတိုင်း    ရှူခိုင်းရမည်။

နှာခေါင်းမှတစ်ဆင့်  လေကို ဖြည်းဖြည်းချင်း ဝဝ ရှူသွင်းပါ။ ထို့နောက်  နှုတ်ခမ်းကို  လေချွန်မည့်ပုံစံအတိုင်းစုလိုက်ပြီး ရှူသွင်းခဲ့သည့်အချိန်ထက် နှစ်ဆခန့်ပိုကြာအောင်  လေကိုအပြင်သို့  ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်ပါ။

ဤနည်းလမ်းသည် လေပြွန်များကို ကြာရှည်ပွင့်နေစေပြီး အဆုတ်ထဲမှ လေဟောင်းများကို ကောင်းမွန်စွာထွက်သွားစေသဖြင့်   အမောကို    ချက်ချင်း သက်သာစေသည်။

ပတ်ဝန်းကျင်လေဝင်လေထွက်ကောင်းမွန်အောင်ပြင်ဆင်ခြင်း လူနာရှိသည့်အခန်း၏ ပြတင်းပေါက်များကို ဖွင့်ထားပြီး လေကောင်းလေသန့်ရရှိအောင် လုပ်ဆောင်ပေးရပါမည်။

လူနာဘေးတွင် လူအုပ်စုပတ်လည် ဝန်းရံကာဆီးနေခြင်းကို  လုံးဝရှောင်ကြဉ်ရမည်။ (လူအုပ်ဖြစ်နေခြင်းသည် အောက်ဆီဂျင်ပမာဏကို နည်းပါးစေပြီး လူနာကို ပိုမိုစိုးရိမ်စိတ်ဝင်စေနိုင်သည်)။

ပန်ကာဖွင့်ပေးခြင်း သို့မဟုတ် ယပ်တောင်ခတ်ပေးခြင်းသည် ဦးနှောက်ရှိ အသက်ရှူဗဟိုဌာနကို လှုံ့ဆော်ပေးသဖြင့်  အမောသက်သာစေသော ခံစားချက်ကို ရရှိစေသည်။

အိမ်တွင်း၌ ဆောင်ရန်နှင့် ရှောင်ရန်အချက်များ

            မိမိတွင် ရင်ကျပ် သို့မဟုတ် နှလုံးရောဂါအခံရှိပါက ဆရာဝန်ညွှန်ကြားထားသည့် ရှူဆေး  သို့မဟုတ် ငုံဆေးများကို   လက်လှမ်းမီသောနေရာ၌      အမြဲဆောင်ထားရမည်။  ဆေးခန်းပြချိန်တွင်  ဆရာဝန်ပေးသော ဆေးမှတ်တမ်းဟောင်းများကို  စနစ်တကျ သိမ်းဆည်းထားရမည်ဖြစ်သည်။

လူနာမောနေချိန်တွင် ရေ သို့မဟုတ် အရည်များကို   အဓမ္မတိုက်ကျွေးခြင်း    လုံးဝမပြုလုပ်သင့်ပေ။ (မောနေစဉ် သီးသွားပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး  အသက်အန္တရာယ်ရှိနိုင်သည်)။  ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် အောက်ဆီဂျင်ဘူးများဝယ်ယူကာ အလွန်အကျွံရှူခြင်းမျိုးကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်းနှင့် အမောတွဲလာခြင်း၊ နှုတ် ခမ်း၊  လျှာနှင့်လက်သည်းခြေသည်းများ  ပြာနှမ်းလာ ခြင်း၊ စကားကိုဆုံးအောင်မပြောနိုင်ခြင်း၊ လှဲအိပ်၍ လုံးဝမရခြင်း၊   သတိလစ်ချင်သလိုဖြစ်ခြင်းနှင့် ကယောင်ကတမ်းဖြစ်ခြင်း၊ အသက်ရှူသံပုံမှန်မဟုတ်ဘဲ အသံမြည်ခြင်းတို့ကိုခံစားလာရပါက ဆရာဝန်နှင့် အရေးပေါ်ပြသ၍ ကုသမှုခံယူသင့်သည်။

အချုပ်အားဖြင့်ဆိုရသော်  မောပန်းခြင်းဝေဒနာဟူသည် သာမန်ပင်ပန်းနွမ်းနယ်မှု တစ်ခုမျှသာမဟုတ်ဘဲ     ခန္ဓာကိုယ်အတွင်းရှိ   အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံးနှင့် သွေးကြောစနစ်များက မိမိအား   အန္တရာယ်ရှိနေပြီဖြစ်ကြောင်း  သတိပေးချက်တစ်ခုဖြစ်သည်။

ထို့ကြောင့် မိမိကိုယ်တိုင် သို့မဟုတ် မိသားစုဝင်များတွင်   မောပန်းခြင်းဝေဒနာကို   ခံစားလာရပါက နီးစပ်ရာဆေးမြီးတိုများဖြင့် ကုသခြင်းများကို လုံးဝရှောင်ကြဉ်ကြရန် တိုက်တွန်းလိုပါသည်။ 

အမော ဝေဒနာ နောက်ကွယ်က ရောဂါအရင်းအမြစ်ကို စောစီးစွာရှာဖွေတွေ့ရှိကာ စနစ်တကျကုသမှုခံယူခြင်းသည် မိမိနှင့်မိသားစုဝင်များ၏ အသက်

အန္တရာယ်ကို ကာကွယ်ရာရောက်စေကြောင်း မောပန်းခြင်းဝေဒနာကို ကျန်းမာရေးအသိဖြင့် သတိပြုဆင်ခြင်နိုင်ရန် တိုက်တွန်းရေးသား လိုက်ရပါသည်။   

MWD