နိုင်ငံ၏ရတနာများနှင့် မိဘများ၏တာဝန်
Posted_Date
Image
Body
ယနေ့မျိုးဆက်သစ်လူငယ်များနှင့်နိုင်ငံ၏အနာဂတ်
ယနေ့လူငယ်များသည် အနာဂတ်ကာလတွင် အမိနိုင်ငံ၏ ပခုံးပြောင်းတာဝန်ကို ယူကြရမည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် အနာဂတ်ကာလ၏ ခေါင်းဆောင်များဖြစ်ကြသည်။ အနာဂတ်ကာလ အမိနိုင်ငံ၏ အခြေအနေသည် ယနေ့မျိုးဆက်သစ် လူငယ်များ၏ အခြေအနေပေါ်တွင် များစွာမူတည်သည်။ ယနေ့မျိုးဆက်သစ်လူငယ်များ အဆင့်မြင့်ပါက အနာဂတ်အမိနိုင်ငံ အဆင့်မြင့်မည်။ ယနေ့မျိုးဆက်သစ်လူငယ်များ အဆင့်နိမ့်ပါက အနာဂတ်အမိနိုင်ငံ အဆင့်နိမ့်မည်။ ယနေ့မျိုးဆက်သစ်လူငယ်များသည် အသွင်သဏ္ဌာန်အရ ငယ်ရွယ်နုပျိုကြသော်လည်း အနှစ်သာရအနေဖြင့် နိုင်ငံအား ပုံဖော်ထုဆစ်ကြမည့် နိုင်ငံ၏ဖန်တီးရှင်များ ဖြစ်ကြသည်။
မျိုးဆက်သစ်များအတွက် နိုင်ငံတော်၏ကြိုးပမ်းမှု
ယခုအခါ နိုင်ငံတော်သည် လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထူးအားဖြင့် လူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အတွေးအခေါ်ပိုင်း၊ အသိပညာပိုင်း၊ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ အဆင့်အတန်းကို မြှင့်တင်ပေးလျက်ရှိသည်။ ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်း၊ လူငယ်စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်တီထွင်ဖန်တီးမှုစွမ်းရည်ပြပွဲများ၊ ပညာရည်ချွန်ဆုပေးပွဲများ၊ ပြည်တွင်းပြည်ပလေ့လာရေးခရီးစဉ်များ၊ လူငယ်အားကစားပြိုင်ပွဲများ စသည်တို့ကို အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ အမိနိုင်ငံတော်၏ အနာဂတ်အရေးကို မြော်တွေး၍ မျိုးဆက်သစ်လူငယ်များကို ဤသို့ပြုစုပျိုးထောင်နေခြင်းဖြစ်သည်။
ကျွန်ုပ်တို့မိဘများတွင်လည်း တာဝန်ရှိသည်လူငယ်ပြုစုပျိုးထောင်ရေးတာဝန်သည် နိုင်ငံတော်တွင်သာ ရှိသည်မဟုတ်ပါ။ ကျွန်ုပ်တို့မိဘများတွင်လည်း တာဝန်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့မျိုးဆက်သစ်လူငယ်များသည် ကျွန်ုပ်တို့၏ သားသမီးများဖြစ်သောကြောင့်ဖြစ်သည်။ မိဘသည် သားသမီးနှင့်ပတ်သက်၍ တာဝန်ရှိသည်။ ထို့ကြောင့် သားသမီးမကောင်း မိဘခေါင်းဟု အဆိုရှိနေခြင်းဖြစ်သည်။ မိဘများသည် သားသမီးများ၏ လက်ဦးဆရာများလည်းဖြစ်ကြသည်။ လက်ဦးဆရာများ ဖြစ်ကြသော မိဘများ၏ သွန်သင်ဆုံးမမှု၊ ပြုစုပျိုးထောင်မှုသည် သားသမီးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပညာပိုင်းဖွံ့ဖြိုးတိုးတက်မှုအပေါ် အတိုင်းအတာကြီးမားစွာလွှမ်းမိုးနေသည်ဆိုသည့် အချက်ကို သတိပြုရန်လိုသည်။
ဤသို့ပြုစုပျိုးထောင်ကြရပါမည်
သားသမီးများကို နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ရတနာများအဖြစ်ရောက်ရှိအောင် ပြုစုပျိုးထောင်နည်းများစွာရှိသည်။ ယင်းနည်းလမ်းများထဲမှ နည်းလမ်းတစ်ခုကိုတင်ပြပါမည်။ ယင်းနည်းလမ်းမှာ သားသမီးများ၏လိုအင်များကို အသိသတိကြီးစွာဖြင့် စနစ်တကျဖြည့်ဆည်းပေးသော နည်းလမ်းဖြစ်သည်။ သားသမီးများတွင် လိုအင်များစွာရှိသည်။ ယင်းလိုအင်များစွာထဲမှ အဓိကထားဖြည့်ဆည်းပေးရမည့် လိုအင်ခြောက်မျိုးကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြပါမည်။
အသိအမှတ်ပြုခြင်းခံယူလိုမှုလိုအင်
လူငယ်များတွင် အသိအမှတ်ပြုခြင်းခံယူလိုမှုလိုအင်ရှိသည်။ ဤလိုအင်၏သဘောမှာ လူငယ်များသည် မိမိတို့၏စွမ်းရည်များ၊ ကြိုးပမ်းအားထုတ်နေမှုများ၊ အောင်မြင်မှုများကို ထိုက်တန်စွာအသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခြင်းကို ခံယူလိုခြင်းဖြစ်သည်။ ဤကဲ့သို့ အသိအမှတ်ပြုခြင်းခံယူလိုသည့်လိုအင်မိမိတို့သားသမီးများတွင်ရှိသည်ဆိုသည်ကို မိဘများကသိရှိရမည်။ ဤသို့သိရှိပြီး သားသမီးများ၏ စွမ်းရည်၊ ကြိုးပမ်းအားထုတ်မှု၊ အောင်မြင်မှုများကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပေးခြင်းကို ပြုလုပ်ရမည်။ ဤသို့ပြုလုပ်ရာတွင် အသိသတိကြီးစွာဖြင့် လိုအပ်သည်ထက် ပိုလည်းမပို၊ လိုလည်းမလိုသော သင့်တင့်မျှတသည့် အသိအမှတ်ပြုချီးကျူးဂုဏ်ပြုခြင်းမျိုးသာဖြစ်ရမည်။ ဤသို့ မိဘများက အသိ၊ သတိဖြင့် စနစ်တကျ အသိအမှတ်ပြုချီးကျူးဂုဏ်ပြုခြင်းများကို ပြုလုပ်ပေးနေမှုကြောင့် သားသမီးများ စိတ်ဓာတ်မြင့်မားတက်ကြွလာသည်။ အသိအမှတ်ပြုချီးကျူးဂုဏ်ပြုခြင်းကို ဆက်လက်ခံယူရရှိရန်အတွက် မိမိတို့၏စွမ်းရည်များကို ကြိုးပမ်းမြှင့်တင်ကြသည်။ ဤသို့ကြိုးပမ်းမြှင့်တင်နေမှုကြောင့် စွမ်းရည်မြင့်မားသော လူငယ်များဖြစ်လာကြသည်။
အရေးပါသူအဖြစ် သတ်မှတ်ခံရလိုမှု လိုအင်လူငယ်များတွင် အရေးပါသူအဖြစ် သတ်မှတ်ခံရလိုမှုလိုအင်ရှိသည်။ ဤလိုအင်၏သဘောမှာ လူငယ်များသည် အရေးပါပြီး အနှစ်သာရပြည့်ဝသော လုပ်ငန်းတာဝန်များကို ထမ်းရွက်လိုခြင်း၊ မိမိအဖွဲ့အစည်း၏ အရေးကြီးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခွင့်ရလိုခြင်း၊ အကြီးအကဲများ၏ အရေးတယူတန်ဖိုးထား ဆက်ဆံမှုကို ခံယူလိုခြင်းဖြစ်သည်။ ဤကဲ့သို့ အရေးပါသူအဖြစ် သတ်မှတ်ခံရလိုမှုလိုအင် မိမိတို့သားသမီးများတွင်ရှိသည်ဆိုသည်ကို မိဘများက သိရှိရမည်။ ဤသို့သိရှိပြီးနောက် သားသမီးများကို အရေးပါသူများအဖြစ် အသိအမှတ်ပြုရာရောက်သည့် တန်ဖိုးထားဆက်ဆံခြင်းမျိုးကို ပြုလုပ်ပေးရမည်။ ဤသို့ပြုလုပ်ပေးရာတွင် အသိသတိကြီးစွာဖြင့် လိုအပ်သည်ထက် ပိုလည်းမပို၊ လိုလည်း မလိုသော တန်ဖိုးသာဆက်ဆံခြင်းမျိုးကိုသာ ပြုလုပ်ပေးရမည်။ ဤသို့ မိဘများက အသိ၊ သတိကြီးစွာဖြင့် စနစ်တကျ တန်ဖိုးထားဆက်ဆံနေခြင်းကြောင့် သားသမီးများသည် မိမိတို့ကိုယ်ကိုမိမိလေးစားတန်ဖိုးထားမှု မြင့်မားစွာဖြစ်ပေါ်လာသည်။ အရေးပါသူအဖြစ် သတ်မှတ်ထားခြင်းကို ဆက်လက်ခံယူနိုင်ရန်အတွက် တော်သည်ထက်တော်အောင်၊ ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်းလာကြသည်။ ဤသို့ကြိုးပမ်းအားထုတ်နေမှုကြောင့် လူတော်လူကောင်း လူငယ်များဖြစ်လာကြသည်။
စွမ်းရည်များကို လွတ်လပ်စွာအသုံးပြုလိုသည့်လိုအင်လူငယ်များတွင် မိမိတို့၏စွမ်းရည်များကို လွတ်လပ်စွာအသုံးချလိုသည့် လိုအင်ရှိသည်။ ဤလိုအင်၏သဘောမှာ လူငယ်များသည် မိမိတို့၏စွမ်းရည်များကို အချုပ်အချယ်ကင်းစွာ မိမိဆန္ဒအတိုင်း အသုံးချလိုခြင်းဖြစ်သည်။ ဤသို့ စွမ်းရည်များကို လွတ်လပ်စွာအသုံးချလိုသည့်လိုအင် မိမိတို့သားသမီးများတွင်ရှိသည်ဆိုသည်ကို မိဘများကသိရှိရမည်။ ဤသို့သိရှိပြီးနောက် သားသမီးများအား ယင်းတို့၏စွမ်းရည်များကိုလွတ်လပ်စွာအသုံးချနိုင်မည့် အခြေအနေ၊ အခွင့်အလမ်းများကို စီမံဖန်တီးပေးရမည်။ ဤသို့စီမံဖန်တီးပေးရာတွင် လိုအပ်သည့်အတိုင်းအတာထက် ပိုလည်းမပို၊ လိုလည်းမလိုသော သင့်တင့်မျှတသည့် စီမံဖန်တီးပေးမှုမျိုးသာဖြစ်ရမည်။ ထို့ပြင် လိုအပ်သည့်ကြီးကြပ်လမ်းညွှန်မှု၊ အသိပညာပေးမှုများကိုလည်း ထိုက်သင့်သလို ပြုလုပ်ပေးရမည်။
ဤသို့ မိဘများက စနစ်တကျဆောင်ရွက်ပေးနေခြင်းကြောင့် သားသမီးများသည် မိမိတို့၏စွမ်းရည်များကို အမှားအယွင်းမရှိ လွတ်လပ်စွာအသုံးချနိုင်လာကြသည်။ မိမိတို့စွမ်းရည်များကို လွတ်လပ်စွာအသုံးချနိုင်ရန်အတွက် တာဝန်များကို ထပ်မံဆောင်ရွက်ရန် မျှော်လင့်လာကြသည်။ တာဝန်ကြောက်စိတ်၊ တာဝန်ရှောင်လွှဲလိုစိတ်ကင်းပျောက်ပြီး တာဝန်ထမ်းဆောင်လိုစိတ်အစဉ်မြင့်မားနေသော လူငယ်များဖြစ်လာကြသည်။
စူးစမ်းရှာဖွေလိုသည့်လိုအင်
လူငယ်များတွင် စူးစမ်းရှာဖွေလိုသည့် လိုအင်ရှိသည်။ ဤလိုအင်၏သဘောမှာ လူငယ်များသည် မိမိတို့မသိရှိသေးသော အကြောင်းအရာများကို သိရှိလိုခြင်း၊ မရောက်ဖူးသေးသော နေရာဒေသတစ်ခုသို့ သွားရောက်လိုခြင်း၊ မတွေ့မကြုံဖူးသေးသော အတွေ့အကြုံတစ်ခုကို တွေ့ကြုံလိုခြင်း၊ မခံစားဖူးသေးသော အာရုံတစ်ခုကို ခံစားလိုခြင်းဖြစ်သည်။ ဤသို့စူးစမ်းရှာဖွေလိုသည့်လိုအင် မိမိတို့သားသမီးများတွင်ရှိသည်ဆိုသည်ကို မိဘများက သိရှိရမည်။
ဤသို့သိရှိပြီးနောက် သားသမီးများအား ယင်းတို့ဆန္ဒရှိသည့် စူးစမ်းရှာဖွေမှုများကို ပြုလုပ်နိုင်မည့် အခြေအနေ၊ အခွင့်အလမ်းများကို စီမံဖန်တီးပေးရမည်။ ဤသို့စီမံဖန်တီးရာတွင် လိုအပ်သည့်အတိုင်းအတာထက် ပိုလည်းမပို၊ လိုလည်းမလိုသော သင့်တင့်မျှတသည့် စီမံဖန်တီးပေးမှုမျိုးသာဖြစ်ရမည်။ ထို့ပြင် လိုအပ်သည့်ကြီးကြပ်မှု၊ လမ်းညွှန်မှု၊ အသိပညာပေးမှုများကိုလည်း ထိုက်သင့်သလို ပြုလုပ်ပေးရမည်။ ဤသို့ မိဘများက စနစ်တကျဆောင်ရွက်ပေးနေမှုကြောင့် သားသမီးများသည် မှန်ကန်အကျိုးရှိသော စူးစမ်းရှာဖွေမှုများကို ပြုလုပ်လာကြသည်။ စိတ်ဓာတ်များ မြင့်မားတက်ကြွလာကြပြီး အဆင့်မြင့်စူးစမ်းရှာဖွေမှုများကို ထပ်မံပြုလုပ်လာကြသည်။ ဤသို့စူးစမ်းရှာဖွေမှုများကို အစဉ်ပြုလုပ်နေမှုတို့ကြောင့် အသိပညာဗဟုသုတမြင့်မားနေသော လူငယ်များဖြစ်လာကြသည်။
တီထွင်ဆန်းသစ်လိုသည့်လိုအင်
လူငယ်များတွင် တီထွင်ဆန်းသစ်လိုသည့် လိုအင်ရှိသည်။ ဤလိုအင်၏သဘောမှာ ပစ္စုပ္ပန်အခြေအနေထက် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ကို ဖန်တီးလိုခြင်း၊ ယခင်အတွေးအခေါ်အယူအဆအသိအမြင်များနှင့် မတူသောအတွေးအခေါ် အယူအဆအသိအမြင်များကို အသုံးပြုလိုခြင်းဖြစ်သည်။ ဤသို့ တီထွင်ဆန်းသစ်လိုသည့် လိုအင် မိမိတို့သားသမီးများတွင် ရှိသည်ဆိုသည်ကို မိဘများက သိရှိရမည်။ ဤသို့သိရှိပြီးနောက် သားသမီးများအား ယင်းတို့ပြုလုပ်လိုသည့် တီထွင်ဆန်းသစ်မှုများကို ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် အခြေအနေ၊ အခွင့်အလမ်းများကို စီမံဖန်တီးပေးရမည်။ ဤသို့စီမံဖန်တီးပေးရာတွင် လိုအပ်သည့်အတိုင်းအတာထက် ပိုလည်းမပို၊ လိုလည်းမလိုသော သင့်တင့်မျှတသည့် စီမံဖန်တီးပေးမှုမျိုးသာဖြစ်ရမည်။ ထို့ပြင် လိုအပ်သည့် ကြီးကြပ်မှု၊ လမ်းညွှန်မှု၊ အသိပညာပေးမှုများကိုလည်း ထိုက်သင့်သလို ပြုလုပ်ပေးရမည်။ မိဘများက ဤသို့စနစ်တကျဆောင်ရွက်ပေးနေမှုကြောင့် သားသမီးများသည် မှန်ကန်အကျိုးရှိသော တီထွင်ဆန်းသစ်မှုမျိုးကိုသာ ပြုလုပ်လာကြသည်။ စိတ်ဓာတ်များ မြင့်မားတက်ကြွလာကြပြီး ပိုမိုအဆင့်မြင့်တီထွင်ဆန်းသစ်မှုများကို ဆက်လက်ပြုလုပ်လာကြသည်။ ဤသို့ တီထွင်ဆန်းသစ်မှုများကို ပြုလုပ်နေကြခြင်းကြောင့် ခေတ်နောက်ကျမကျန်ရစ်ဘဲ အမြဲခေတ်မီဆန်းသစ်နေသော လူငယ်များဖြစ်လာကြသည်။
စွန့်လွှတ်စွန့်စားလိုသည့်လိုအင်
လူငယ်များတွင် စွန့်လွှတ်စွန့်စားလိုသည့် လိုအင်ရှိသည်။ ဤလိုအင်၏သဘောမှာ သာမန်လူတို့မပြုလုပ်ရဲသောအရာတစ်ခုကို ပြုလုပ်ပြလိုခြင်း၊ သာမန်လူတို့ ရင်မဆိုင်ရဲသောအခြေအနေမျိုးကို ရင်ဆိုင်ပြလိုခြင်း၊ အောင်မြင်မှုကို အလွယ်တကူရယူလိုခြင်းမရှိဘဲ အခက်အခဲအန္တရာယ်အမျိုးမျိုးကြားမှ ရယူပြလိုခြင်းဖြစ်သည်။ ဤသို့ စွန့်လွှတ်စွန့်စားလိုသည့်လိုအင်မျိုး မိမိတို့သားသမီးများတွင်ရှိသည်ဆိုသည်ကို မိဘများကသိရှိရမည်။ ဤသို့သိရှိပြီးနောက် သားသမီးများအား ယင်းတို့ပြုလုပ်လိုသည့် စွန့်လွှတ်စွန့်စားမှုများကို ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့်အခြေအနေ၊ အခွင့်အလမ်းများကို စီမံဖန်တီးပေးရမည်။ ဤသို့စီမံဖန်တီးပေးရာတွင် လိုအပ်သည့်အတိုင်းအတာထက် ပိုလည်းမပို၊ လိုလည်းမလိုသော သင့်တင့်မျှတသည့် စီမံဖန်တီးပေးမှုမျိုးသာဖြစ်ရမည်။ ထို့ပြင် လိုအပ်သည့် ကြီးကြပ်မှု၊ လမ်းညွှန်မှု၊ အသိပညာပေးမှုများကိုလည်း ထိုက်သင့်သလို ပြုလုပ်ပေးရမည်။ ဤသို့မိဘများက စနစ်တကျဆောင်ရွက်ပေးနေမှုကြောင့် သားသမီးများသည် ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော မှန်ကန်အကျိုးရှိသည့် စွန့်လွှတ်စွန့်စားမှုမျိုးကိုသာ ပြုလုပ်လာကြသည်။ ထိုအခါ စိတ်ဓာတ်များ မြင့်မားတက်ကြွလာပြီး စွန့်လွှတ်စွန့်စားလိုစိတ် မြင့်မားနေသော လူငယ်များဖြစ်လာကြသည်။
လိုအင်များဖြည့်ဆည်းပေးခြင်းအကျိုးတရား
အထက်ဖော်ပြပါအတိုင်း သားသမီးများ၏ အသိအမှတ်ပြုခြင်းခံရလိုမှုလိုအင်၊ အရေးပါသူအဖြစ် သတ်မှတ်ခံရလိုမှုလိုအင်၊ စွမ်းရည်များကို လွတ်လပ်စွာအသုံးပြုလိုသည့်လိုအင်၊ စူးစမ်းရှာဖွေလိုသည့်လိုအင်၊ တီထွင်ဆန်းသစ်လိုသည့်လိုအင်၊ စွန့်လွှတ်စွန့်စားလိုသည့်လိုအင် စသည့်လိုအင်ခြောက်မျိုးကို အသိ၊ သတိရှိရှိဖြင့် မှန်ကန်စွာဖြည့်ဆည်းပေးပါက ရရှိမည့်အကျိုးတရားများမှာ သားသမီးများသည် စွမ်းရည်မြင့်မားသောလူငယ်များ၊ တော်ပြီးကောင်းသောလူငယ်များ၊ တာဝန်ထမ်းဆောင် လိုစိတ်မြင့်မားသောလူငယ်များ၊ အသိပညာဗဟုသုတမြင့်မားနေသောလူငယ်များ၊ ခေတ်မီဆန်းသစ် နေသောလူငယ်များ၊ စွန့်လွှတ်စွန့်စားလိုစိတ်မြင့်မားနေသောလူငယ်များဖြစ်လာကြသည်။ တစ်နည်းအားဖြင့် အမိနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံ၏ရတနာများအဖြစ်သို့ ရောက်ရှိလာကြသည်။
မိဘများ၏ ထာဝရတာဝန်
နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုပါက သားသမီးများတွင် လိုအင်အမျိုးမျိုးဖြစ်ပေါ်နေမည်ဖြစ်သည်။ ယင်းလိုအင်များကို ဖြည့်ဆည်းပေးရမည့်တာဝန်မှာ မိဘများထာဝရထမ်းဆောင်နေရမည့်တာဝန်ဖြစ်သည်။ သားသမီးများ၏ လိုအင်ကို ဖြည့်ဆည်းပေးသည့် တာဝန်ထမ်းဆောင်ရာတွင် မိဘများအနေဖြင့် အချက်သုံးချက်ကို အစဉ်လိုက်နာဆောင်ရွက်နေရမည် ဖြစ်သည်။ ပထမအချက်မှာ သားသမီးများတွင် မည်သည့်လိုအင်များဖြစ်ပေါ်နေသည်ကို အသိတရားဖြင့် သုံးသပ်ဖော်ထုတ်ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ သားသမီးများ၏ လိုအင်များကို မည်သို့မည်ပုံမည်သည့်နည်းလမ်းများဖြင့် မည်ကဲ့သို့ မှန်ကန်စွာဖြည့်ဆည်းပေးရမည်ကို ပညာဖြင့် ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ တတိယအချက်မှာ ပညာဖြင့်ဆင်ခြင်သုံးသပ်ပြီး ဝီရိယရှိစွာဖြင့် လိုအင်များကို အချိန်မီ၊ အချိန်ကိုက် ထိုက်သင့်သည့်အတိုင်းအတာအတိုင်း ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ဤအချက်သုံးချက်ကို အစဉ်လိုက်နာဆောင်ရွက်နေပါက သားသမီးများသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ်လူငယ်များဖြစ်လာကြသည်။ ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်လူငယ်များကို ပိုင်ဆိုင် ထားမှုကြောင့် အမိနိုင်ငံတော်ကြီးသည်လည်း ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့်ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံတော်ကြီးအဖြစ် မလွဲမသွေရောက်ရှိမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ။
MWD
