တစ်ချိန်ကစည်ကားခဲ့ဖူးသော လော့စ်အိန်ဂျလိစ်မြို့၏ သမိုင်းဝင်မြို့လယ် အထိမ်းအမှတ်များ ယခုအခါ လူသူကင်းမဲ့နေ
Posted_Date
Image
Body
တစ်ချိန်က ကမ္ဘာကျော် မြို့တော်ကြီး၏ ဂုဏ်ယူစရာ မြို့လယ်ခေါင်ဖြစ်ခဲ့သော လော့စ်အိန်ဂျလိစ် မြို့၏ Historic Core ဒေသသည် ယခုအခါ ဆိုင်များပိတ်သိမ်းမှု၊ အိုးမဲ့အိမ်မဲ့များ များပြားလာမှုတို့ ကြောင့် စွန့်ပစ်ထားသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
၂၀ ရာစုအစောပိုင်းကတည်းက ထိုဒေသသည် လော့စ်အိန်ဂျလိစ်၏ အစည်ကားဆုံး စီးပွားရေးနှင့် ဖျော်ဖြေရေးဗဟိုချက်ဖြစ်ခဲ့သည်။ Art Deco ဗိသုကာလက်ရာ အဆောက်အအုံများ၊ ဇိမ်ခံရုပ်ရှင်ရုံ များနှင့် အမြင့်မားဆုံး ရုံးအဆောက်အဦများသည် ထိုနေရာတွင် စုစည်းတည်ရှိခဲ့ပြီး မြို့၏အလှ တရားနှင့် စည်ပင်ဝပြောမှုကို ကိုယ်စားပြုခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ထိုဒေသသည် တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။
NY Post ၏ ဖော်ပြချက်အရ Historic Core တွင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပိတ်သိမ်းထားပြီ ဖြစ်ကာ Avison Young သုတေသနအဖွဲ့၏ အဆိုအရ စီးပွားရေးဆိုင်ရာ နေရာများ၏ သုံးပုံတစ်ပုံခန့် အလွတ်ဖြစ်နေသည်။ လမ်းဘေးတွင် အိပ်စက်နေသူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို နေ့အလင်း ရောင်အောက်တွင် မကြာခဏမြင်တွေ့နေရပြီး လုံခြုံမှုနည်းပါးလာသည်။
သမိုင်းဝင်အဆောက်အအုံများရှိနေသေးသော်လည်း ပြတင်းပေါက်မှန်ကွဲများ၊ နံရံများပေါ်တွင် အရေးအသားများနှင့် ညစ်ပတ်နေသော လမ်းဘေးအခြေအနေများက ဒေသ၏ ဆုတ်ယုတ်မှုကို သရုပ်ဖော်နေသည်။
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုနှင့်အတူ အွန်လိုင်းဈေးရောင်းဝယ်မှု တိုးပွား လာခြင်းတို့က ရုပ်ပိုင်းဆိုင်ရာ ဆိုင်များကို ထိခိုက်စေခဲ့သည်။လော့စ်အိန်ဂျလိစ်တွင် အိမ်ခန်းငှားရမ်းခ မြင့်မားမှုကြောင့် အိုးမဲ့အိမ်မဲ့ဦးရေ တိုးပွားလာစေလျက်ရှိသည်။ မကြာသေးမီနှစ်များအတွင်း မက်ဖက်တမင်းနှင့် အခြားမူးယစ်ဆေးများ အလွယ်တကူရရှိမှုက ထိုပြဿနာကို ပိုမိုဆိုးရွားစေခဲ့ သည်။
မြို့တော်အာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းများက ဒေသကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေ သော်လည်း အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ သမိုင်းဝင်အမွေအနှစ်များ ပျောက်ကွယ်မသွား စေရန်နှင့် လူနေမှုအဆင့်အတန်း ပြန်လည်မြင့်တက်လာစေရန် ပိုမိုထိရောက်သော အစီအမံများ လိုအပ်နေသည်။
ပြစ်မှုများ၊ စံချိန်တင် ငှားရမ်းခများနှင့် လူသွားလူလာနည်းပါးလာမှုတို့ကြောင့် အခိုင်မာဆုံး စီးပွားရေး လုပ်ငန်းများပင် လော့စ်အိန်ဂျလိစ် မြို့လယ်မှ ဆုတ်ခွာလာခဲ့ရသည်။ လော့စ်အိန်ဂျလိစ်၏သက်တမ်း အရှည်ကြာဆုံး စားသောက်ဆိုင်ဖြစ်သော Cole’s French Dip သည် ၎င်းတို့၏ ဆိုင်ပိတ်သိမ်းမည့် အကြောင်း ကြေညာစာတွင် "ရေရှည်တည်တံ့ခဲ့သော လွတ်လပ်သည့်စားသောက်ဆိုင်များစွာသည် ထိုအခြေအနေများကြောင့် ပိတ်သိမ်းခဲ့ရပြီး၊ ကျန်ရှိနေသေးသည့်ဆိုင်များလည်း ဆက်လက်ရပ်တည် နိုင်ရေး ရုန်းကန်နေရသည်" ဟု ဖော်ပြခဲ့သည်။
အသေးစားလုပ်ငန်းများသာမက စားသောက်ဆိုင်ကြီးများနှင့် ကုန်စုံဆိုင်များပါ စိတ်ပျက်ဖွယ်နှုန်းဖြင့် ပိတ်သိမ်းလာကြသည်။ အမေရိကတွင် သက်တမ်းအရင့်ဆုံး ကုန်တိုက်ကြီးဖြစ်သော Macy’s သည် ယခုနှစ်အတွင်း Historic Core ရှိ ဆိုင်ခွဲကို ပိတ်မည်ဟု ကြေညာခဲ့ပြီး နှစ်ပေါင်း ၁၅၀ အတွင်း မြို့လယ်တွင် ကုန်စုံဆိုင်ကြီးမရှိသည့် ပထမဆုံးအခိုက်အတန့် ဖြစ်လာမည်ဖြစ်သည်။
နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်များဖြစ်သည့် Vans, Theory, Paul Smith နှင့် Acne တို့သည် လည်း ထိုဒေသမှ ရုပ်သိမ်းသွားပြီဖြစ်သည်။ Starbucks သည်လည်း ၂၀၂၂ တွင် လုံခြုံရေးစိုးရိမ်မှု များကြောင့် မြို့လယ်ရှိ ဆိုင်ခွဲတစ်ခုကို ပိတ်ခဲ့သည်။ နွေရာသီအဓိကရုဏ်းများအတွင်း လုယက်ခံခဲ့ ရသော Adidas ဆိုင်မှာ ယနေ့ထိတိုင် ပြန်ဖွင့်မည့်အခြေအနေမရှိသေးပေ။
ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ လော့စ်အိန်ဂျလိစ်မြို့လယ်သို့ ဈေးဝယ်လာသူဦးရေသည် လအလိုက်ကျဆင်းလျက်ရှိပြီး Skid Row မှ အိုးမဲ့အိမ်မဲ့များ ပိုမိုဝင်ရောက်လာနေသည်။ Skid Row သည် တဲများ၊ ကတ်ထူပြားအိမ်များဖြင့် လူထောင်ချီနေထိုင်သော လော့စ်အိန်ဂျလိစ်၏ ကျော်ကြား သည့် အိုးမဲ့အိမ်မဲ့ဒေသဖြစ်သည်။
Historic Core တွင် အလုပ်လုပ်ကိုင်နေသော ဆံပင်ညှပ်ဆိုင်ပိုင်ရှင်တစ်ဦးက "သူတို့တွေ အခု Spring Street အထိ ရောက်လာနေပြီ" ဟု ပြောကြားခဲ့ပြီး၊ မကြာသေးမီက အိုးမဲ့အိမ်မဲ့တစ်ဦး ၎င်း၏ဆိုင် အတွင်းသို့ အတင်းဝင်ရောက်ကာ ပိတ်ဆို့နေခဲ့သည့်အတွက် ရဲများကိုခေါ်ယူခဲ့ရကြောင်း ဖွင့်ဟခဲ့ သည်။ "အရင်တုန်းက လူတွေကဒီမှာ ပါတီလုပ်ကြသည် ၊ တက္ကသိုလ်ကျောင်းသားတွေက အပြင် ထွက်ပြီး ဆံပင်ညှပ်ကြသည် ၊ ယခုတော့ အရာအားလုံး အရမ်းပြောင်းလဲသွားပြီ" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သမိုင်းပညာရှင် William Deverell ၏ အဆိုအရ COVID-19 မတိုင်မီက လော့စ်အိန်ဂျလိစ်မြို့လယ် သည် ၁၉၂၀ ပြည့်လွန်နှစ်များကတည်းက မမြင်တွေ့ခဲ့ဖူးသော ပြန်လည်နိုးကြားမှုကို ကြုံတွေ့ခဲ့ရ သည်။ "၂၀၁၅-၂၀၂၀ က အထွတ်အထိပ်ဖြစ်ခဲ့သည်။ Arts District နှင့် Historic Core မှာ အနုပညာ နှင့် စီးပွားရေးအရှိန်အဟုန်တွေ ပြန်တက်လာခဲ့သည့်ကာလဖြစ်ခဲ့သည်" ဟု ၎င်းက ရှင်းပြခဲ့သည်။
သို့သော် ၂၀၂၀ ပြည့်နှစ် တွင် COVID-19 ကပ်ရောဂါနှင့် Black Lives Matter (BLM) ဆန္ဒပြမှုများအတွင်း ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ လုယက်ဖျက်ဆီးခံရမှုများက ဒေသကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ လုပ်ငန်းများစွာသည် ပြန်ဖွင့်နိုင်ခြင်းမရှိဘဲ တစ်နှစ်အတွင်း ဒေဝါလီခံခဲ့ရသည်။
တစ်ချိန်က စည်ကားခဲ့သော အဆိုပါမြို့လယ်ခေါင်သည် ယခုအခါ လုံခြုံရေးစိုးရိမ်မှုများ၊ စီးပွားရေး ပြိုလဲမှုများနှင့် လူမှုရေးပြဿနာများကြောင့် ကမ္ဘာ့မြို့ကြီးများအတွက် သတိပေးနမူနာတစ်ခုအဖြစ် ရှိနေသည်။ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ သမိုင်းဝင်အဆောက်အအုံကြီးများသည် ယခုအခါ ပျက်စီး ယိုယွင်းလာနေပြီဖြစ်သည်။
Los Angeles Times ၏ ယခင် ဌာနချုပ်ဟောင်း ၊ ဂီတသမိုင်းဝင် Morrison Hotel (The Doors ဘန်ဒ်ကို နာမည်ရစေခဲ့သောနေရာ) ၊ Oceanwide Plaza အဆောက်အဦကြီးကဲ့သို့ စွန့်ပစ်ထားသော အဆောက် အအုံများသည် အိုးမဲ့အိမ်မဲ့များ၏ ခိုအောင်းရာနေရာများဖြစ်လာသည်။
Broadway ပေါ်ရှိ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် Benny က "မြို့တစ်ဝှမ်းလုံးတွင် မှုခင်းနှုန်း ကျဆင်း နေသော်လည်း မြို့လယ်က ခြွင်းချက်ဖြစ်နေသည်" ဟု ပြောကြားခဲ့သည်။"ထိုနေရာက အရာအားလုံး၁၈၀ ဒီဂရီ လှည့်ပြောင်းသွားပြီ" ဟု ၎င်းက ဆိုပြီး၊ မကြာသေးမီနှစ်များအတွင်း ၎င်းကို သေနတ်ဖြင့် နှစ်ကြိမ်ခြိမ်းခြောက်ခံရမှု အကြောင်းကိုလည်း ဖွင့်ဟခဲ့သည်။
မြို့တော်အာဏာပိုင်များက လုံခြုံရေးတိုးမြှင့်ခြင်း၊ စီးပွားရေးမြှင့်တင်ခြင်းများ ပြုလုပ်နေသော်လည်း အိုးမဲ့အိမ်မဲ့ပြဿနာ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလိုအပ်ချက်များ ကြီးမားနေဆဲဖြစ်သည်။
VN Express တွင် Duc Trung ရေးသားသည့် “Downtown Los Angelese is deserted” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
