ရွှေနိုင်ငံသစ်အုတ်မြစ်များနှင့် မြန်မာ့အရုဏ်ဦးနေ့သစ်ရောင်နီ
Posted_Date
Image
Body
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါးယန္တရားသည် တစ်ခုကိုတစ်ခု အထောက်အမှီပြုကာ ဆက်စပ်လည်ပတ်လျက်ရှိနေပါသည်။ အတိတ်သည် ပစ္စုပ္ပန်၏အရိပ်နှင့်ခြေရာဟုလည်း ဆိုကြပါသည်။ တစ်နည်းအားဖြင့် ထိုအရိပ်နှင့် ခြေရာတို့မှာ ဆင်ခြင်တုံတရားကိုပေးစွမ်း၍ သင်ခန်းစာဖော်ထုတ်ရယူနိုင်သော ဥပမာကောင်းတစ်ရပ်လည်းဖြစ်ပါသည်။ ပစ္စုပ္ပန်မှာမူ အနာဂတ်သို့ဦးတည် လျှောက်လှမ်းရမည့်ခရီးအတွက် စမှတ်ပင်ဖြစ်ပါသည်။ ပစ္စုပ္ပန်တွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုးပမ်းတည်ဆောက်ခြင်းတို့မှာ အနာဂတ်အတွက် ခွန်အားနှင့်အောင်မြင်မှုကိုဆောင်ကြဉ်းပေးနိုင်မည့် အရင်းခံအကြောင်းတရားများဖြစ်ပါသည်။
မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ပြောင်းဆန်းစစ်ကြည့်လျှင် လွတ်လပ်ရေးရပြီးစကာလမှစ၍ ခေတ်အဆက်ဆက်တွင် အစိုးရအဖွဲ့အမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်ခြေချနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် အဆင်ပြေချောမွေ့စွာ လျှောက်လှမ်းနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုရလဒ်များဖြစ်ပေါ်ခဲ့လေသည်။
ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ ပါဝင်ယှဉ်ပြိုင်ကြသည့်ပါတီများ၏ တိုင်ကြားမှု များအပေါ်တည်ဆဲအစိုးရ အနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းမှုမရှိဘဲ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းခဲ့သောကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ခဲ့ရပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ယခုနိုင်ငံတော်အကြီးအကဲ)သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီမှုရှိစေရေး အစိုးရအဖွဲ့ကို နိုင်ငံ့အကျိုးကိုဆောင်ရွက်နိုင်ပြီး အတွေ့အကြုံရှိသည့် အရပ်သားများ၊ တပ်မတော်သားများဖြင့် ဖွဲ့စည်းခဲ့သည့်အတွက် ပြည်သူ့ဆန္ဒအပေါ် အလေးထားမှုနှင့် နိုင်ငံရေးရင့်ကျက်မှုကို ပြသနိုင်ခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့်အစိုးရအဖွဲ့မှာ အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြားမှပင် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် အခြေအနေ ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည်။
ဤနေရာတွင် နိုင်ငံတော်အကြီးအကဲအား ဗိသုကာတစ်ဦးဟု ပမာပြုရပါလျှင် မိမိတို့နိုင်ငံအား အိမ်ကြီးတစ်လုံးဟု ရည်ညွှန်းရပါလိမ့်မည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသဖြင့် ပြည်ထောင်စုအိမ်ကြီးဟုလည်း ဆိုနိုင်ပါသည်။ ဗိသုကာတစ်ဦးသည် အိမ်တစ်လုံးအား တည်ဆောက်ရာတွင် တည်တံ့ခိုင်မြဲခြင်းလည်းရှိအောင်၊ လှပသာယာခြင်းလည်းရှိအောင် ကြိုးပမ်းအားထုတ်ကြစမြဲဖြစ်ပါသည်။ ထိုနည်းတူပင် ဗိသုကာတစ်ဦးနှယ်ဖြစ်သော နိုင်ငံတော်အကြီး
အကဲသည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အမိနိုင်ငံတော်တည်းဟူသော ပြည်ထောင်စုအိမ်ကြီးကို ရှုထောင့်အသီးသီး၊ မျက်နှာစာအဖုံဖုံ၊ အခန်းကဏ္ဍအစုံစုံတို့မှ အားနည်းချွတ်ယွင်းမှုမရှိရလေအောင် ခိုင်ခိုင်မာမာကြိုးပမ်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ တစ်နည်း
အားဖြင့် မြန်မာ့အရုဏ်ဦးက နေ့သစ်ရောင်နီများကို ကြိုဆိုလက်ခံနိုင်ရန်အလင်းတံခါးကို ဆွဲဖွင့်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ရွှေနိုင်ငံသစ်အတွက် ခိုင်မာမြဲမြံသောအုတ်မြစ်များ ချမှတ်တည်ဆောက်နိုင်ခဲ့ခြင်းဟုလည်း ဆိုရပါမည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြု၍ စနစ်တကျ စီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့ပါသည်။ နိုင်ငံရေးလောကဓံဟုဆိုရမည့် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တိုင်းတွင် ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံရေးဖိအားပေးမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ၊ နိုင်ငံတကာအသိုက် အဝန်းများနှင့်လိုက်လျောညီထွေရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုများ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါသည်။ ထိုသို့ရှိစဉ် အခြားတစ်ဖက်တွင်လည်း ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်များမှာ သမိုင်းတွင်မည့် ကမ္ပည်းစာမျက်နှာများအဖြစ် ခိုင်ခိုင်မာမာ မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။
ထိုထိုသော စိန်ခေါ်မှုအခက်အခဲများကြားမှာပင် ပြည်သူများ အထူးလိုလားတောင့်တမျှော်လင့်နေသည့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်းမှာ မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲ၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထင်ဟပ်ပေါ်လွင်နေပါသည်။
နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့သည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ရာဂိမုန်တိုင်းနှင့်ဆိုးရွားသည့်ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု၊ ၂၀၂၅ ခုနှစ်တွင် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု စသည့် သဘာဝဘေးအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်ငြား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုတောင်းသည့်အချိန်ကာလအတွင်းမှာပင် အလျင်အမြန် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်မှာ နိုင်ငံတော်အကြီးအကဲ၏ ခေါင်းဆောင်ကောင်းပီသစွာ စည်းရုံးနိုင်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စည်းစနစ်ကျနခြင်း၊ ဆုံးဖြတ်ချက်မှန်ကန်ပြတ်သားခြင်း၊ လိုက်လျောညီထွေစွာပြုမူခြင်း၊ ပူးပေါင်းလုပ်ကိုင်လိုစိတ်ရှိခြင်းတို့ကြောင့်ပင်ဖြစ်သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်ပါသည်။ ထိုသို့တည်ဆောက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်မှာ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် “ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိ ရောက်ရောက်အကောင်အထည် ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို မိမိကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမယ်”ဆိုသည့် ငြိမ်းချမ်းရေးမိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကိုထောက်ချင့်၍ နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် ထက်သန်ပြင်းပြသော စိတ်ရင်းစေတနာကို တွေ့မြင်နိုင်ပါသည်။
ထို့အတူ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ ကိစ္စရပ်များတွင်လည်း ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကောင်းများ ပိုမိုတိုးမြှင့်တည်ဆောက်နိုင်ခဲ့ပါသည်။
နိုင်ငံ့စီးပွားပြန်လည် ဦးမော့လာစေရေးအတွက် နိုင်ငံတကာ၏စီးပွားရေးပိတ်ဆို့မှုများကို ကြံ့ကြံ့ခံပြီး သွင်းကုန်အစားထိုးပစ္စည်းများ ပိုမိုထုတ်လုပ်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ခြင်းဖြင့်ဝင်ငွေပိုမိုတိုးတက်ရရှိရေး၊ နိုင်ငံတွင်း စားရေရိက္ခာဖူလုံစေရေးတို့အတွက် စီးပွားရေးမူဝါဒများကို အစဉ်တစိုက် ချမှတ်ကြပ်မတ်ထိန်းကျောင်းခဲ့သည်။ စိုက်ပျိုးမွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းများ (Agro-based Industries)ကိုမဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို နိုင်ငံနှင့်တစ်ဝန်း အားပေးမြှင့်တင်ကာ လိုအပ်သည့် ထောက်ပံ့မှုများစွာကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော်အကြီးအကဲသည် ပြည်ပနိုင်ငံများသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ်နှင့် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်စဉ်အတွင်း မိမိနိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေရန်မျှော်ရည်ပြီး သက်ဆိုင်ရာနိုင်ငံမှစီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် စီးပွားရေးဖိုရမ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်သော နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်အခွင့်အလမ်း များကို မိမိနိုင်ငံသို့ ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေတစ်ရပ် ထူထောင်၍ ပြည်သူများ၏ လူမှုစီးပွားဘဝကို အကြားအလပ်မရှိ မြှင့်တင်ပေးနိုင်ခဲ့သည်။
ကျောင်းနေအရွယ် ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးနိုင်ခဲ့သည်။ KG+ 9 အထိ မသင်မနေရပညာရေးအဖြစ် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းပင်ဖြစ်သည်။ ထိုမျှမက တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လိုအပ်သည့်အခမဲ့ထောက်ပံ့မှုများကို စီမံဖြည့်ဆည်းပေးခဲ့ပါသည်။ ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းတက်နိုင်ရေးနှင့် အခြေခံပညာအလယ်တန်းအဆင့် KG+9 ထိ ပြီးမြောက်ရေး အောင်မြင်စွာအကောင်အထည် ဖော်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းပေါင်း ၈၉ ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အဆင့်မြင့်ပညာရေးကဏ္ဍအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် Naypyitaw State Academy၊ နေပြည်တော်နည်းပညာတက္ကသိုလ်၊ Polytechnic University ကို နေပြည်တော်အပါအဝင်မြို့ကြီးခြောက်မြို့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ နိုင်ငံအတွင်းရှိ တက္ကသိုလ်အားလုံးတွင် စီးပွားရေးနှင့်ဥပဒေပညာရပ်သင်ကြားပေးနိုင်ရေး၊ BA (Law)နှင့် BA (Eco)ဘွဲ့များသင်ကြားနိုင်ရေး ဆောင်ရွက်ပေးနေခြင်းမှာ နိုင်ငံရေးနှင့်ပညာရေး ဟန်ချက်ညီစွာပေါင်းစပ်နိုင်ခြင်း၏ ရှေ့ပြေးခြေလှမ်းများဟု ဆိုရပါမည်။
ကျန်းမာရေးနှင့် ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲ၏ မူဝါဒမှာ ရှင်းလင်းပြတ်သားလှပါသည်။ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်”၊ “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ”ဟူ၍ဖြစ်သည်။ ထိုလမ်းညွှန်ချက်နှင့်အညီပင် ပြည်သူများသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို ရည်မှန်းထားသည့်အတိုင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။
“ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်”ဆိုသည့်အတိုင်း ငါးနှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် ၂၆၄၉ ဦးအပါအဝင် သွားနှင့်ခံတွင်းဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ပြည်တွင်း/ပြည်ပဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ပေးလျက်ရှိသည့်နည်းတူ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံကျောင်းများအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပါသည်။
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းကို အဆင့်ဆင့် စနစ်တကျ ပြန်လည်ဆောင်ရွက်ရမည်ဟူသည့် နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းကပင် မှတ်သားခဲ့ရဖူးသည်၊၊ နိုင်ငံတစ်ဝန်းခရီးစဉ်များတွင် အားကစားကွင်းများစွာသို့ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အဆင့်မီပြုပြင်မွမ်းမံရေး လမ်းညွှန်မှာကြားခြင်း၊ အားကစားအထောက်အကူပြု ပစ္စည်းကိရိယာများ ဖြည့်ဆည်းပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည် မြန်မာနိုင်ငံ၏ ကာကွယ်ရေးစွမ်းအား မြင့်မားတိုးတက်အောင် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် ခြေလျင်တပ်ရင်း/တပ်ဖွဲ့များကိုသာမက တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များ၏ စွမ်းရည်၊ စွမ်းအားများကိုပါ မြှင့်တင်ဆောင်ရွက် ပေးခဲ့သည်။ တပ်မတော်(ရေ)အတွက် လိုအပ်သည့်စစ်ရေယာဉ်များကို ကိုယ်တိုင် တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းများအပြင် တပ်မတော်(လေ)အတွက် လိုအပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်များ၊ ရဟတ် ယာဉ်များရရှိရေးအတွက် ဆောင်ရွက်နိုင်ခဲ့သည်။ ပင်လယ်ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃ဝဝ ကျော်နှင့် ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်းမိုင်ခန့် ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့် ကျယ်ဝန်းသောပင်လယ်ပြင်ကိုကာကွယ်ရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲသည် လူငယ်ထုအင်အားစုကြီး တည့်မတ်ခိုင်မာစွာရပ်တည်နိုင်ရေးအတွက် အသိမှန်၊ အမြင်မှန်၊ လမ်းမှန်ညွှန်ပြနိုင်ရေး ဦးဆောင်လမ်းညွှန်မှုများ၊ ထောက်ပံ့ချီးမြှင့်မှုများ၊ အကောင်အထည်ဖော်ဆောင်မှုများကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ လူငယ်နှင့်စာပေပွဲတော်၊ လူငယ်နှင့် စာပေအနုပညာပြပွဲ၊ လူငယ်ဖိုရမ်၊ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅၊ လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ စသည့် လူငယ်ဆိုင်ရာပွဲတော်များကို ပညာရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် ဆက်စပ်၍ အဓိပ္ပာယ် ပြည့်ဝလေးနက်စွာ အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်စေခဲ့ပါသည်။ ထို့ပြင် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် လူငယ်တို့၏ စွမ်းရည်စွမ်းပကားကို မြင့်မားတိုးတက်စေခဲ့ပါသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပထမဆုံးအဖြစ် ဂုဏ်ယူဖွယ်ရာပါဝင်လာပြီဖြစ်ပါသည်။ ဆက်လက်၍လည်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုနှင့်လက်ဖက်စိုယဉ်ကျေးမှုကို ယူနက်စကို၏ Representative List of The Intangible Cultural Heritage of Humanity သို့ အမည်စာရင်းတင်သွင်း၍ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ထုံးဓလေ့များနှင့် မြန်မာမှု၊ မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာဘိုးဘွားအစဉ်အဆက်က ဖန်တီးပုံဖော်တည်ဆောက် ထိန်းသိမ်းလာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာ့အနုပညာရပ်များကို မြတ်နိုးတန်ဖိုးထားနိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ အားပေးထောက်ပံ့လမ်းညွှန်မှုနှင့်အတူ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ခမ်းနားစွာကျင်းပလျက်ရှိသည်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု ခံတပ်ကြီးများအဖြစ် မားမားမတ်မတ် ရပ်တည်နေပြီဖြစ်ပါသည်။
နိုင်ငံတော်အကြီးအကဲသည် အမျိုးဘာသာယဉ်ကျေးမှုနှင့် စာပေ၊ ဂီတ၊ သုခုမ အနုပညာအရပ်ရပ်တို့ကို လှိုက်လှဲစွာအားပေးချီးမြှင့်လေ့ရှိပါသည်။ ဆိုင်ရာဆိုင်ရာအနုပညာရှင်ကြီးများကိုလည်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံလေ့ရှိပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း အနုပညာရပ်ဝန်း အသီးသီးအတွက် ရန်ပုံငွေများနှင့် အခြေခံအမယ် စားကုန်များကို တစ်ပြေးညီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထိုမျှမက ယနေ့တိုင် စာပေဗိမာန်အသင်းဝင်တစ်ဦးဖြစ်သော နိုင်ငံတော်အကြီးအကဲသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော် ဌာနချုပ်များ/တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များသို့ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေနှင့်စာအုပ်စာစောင်များကို အကြိမ်များစွာ ပေးအပ်လှူဒါန်းလေ့ရှိပါသည်။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသည့်ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်သစ်ပင်စိုက်ပျိုးပွဲများ နှစ်စဉ်ကျင်းပခြင်း၊ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်း၊ သဘာဝသစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောကြိုးဝိုင်းများ၊ ကာကွယ်တောများ တိုးချဲ့သတ်မှတ်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် မီးခိုးမြူ
ငွေ့များဖြစ်ပေါ်စေပြီး မှန်လုံအိမ်ဓာတ်ငွေ့များထွက်ပေါ်စေသည့် လယ်ယာမြေမီးရှို့ခြင်း၊ တောင်ယာနှင့် တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်းများ မပြုလုပ်ရန်အထိ အသိပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်းတို့ကို ဂရုပြုဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အကြီးအကဲဦးဆောင်သော အစိုးရအဖွဲ့သည် မြန်မာနိုင်ငံနှင့်တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ပြတ်ပြတ်သားသားနှိမ်နင်းလျက်ရှိကာ အရေးယူဆောင်ရွက်ချက်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်အသိပေးနိုင်ခဲ့ပါသည်။
အနှစ်ချုပ်အားဖြင့်ဆိုရပါသော် ဘာသာသာသနာ စာမျက်နှာ၌လည်း နိုင်ငံတော်အကြီးအကဲ၏ မမေ့မလျော့သော အပ္ပမာဒတရားဖြင့် သာသနာတော်ကို ချီးမြှောက်ထောက်ပံ့နိုင်မှုစွမ်းအားမှာ ကြီးမားကျယ်ပြန့်လှသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ စေတနာသဒ္ဓါတရားနှင့် စိတ်ဇောအဟုန်တို့မှာ ထက်သန်ပြင်းပြလှပါသည်။ င်းတို့၏အစွမ်းသတ္တိအားဖြင့် သာသနာတော်ဆိုင်ရာမှတ်ကျောက်များ ထူးခြားလေးနက်စွာ ပေါ်ထွန်းလျက်ရှိပါသည်။
(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဘဒ္ဒန္တပညာသိရီလင်္ကာရဆရာတော်သည် (၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ်လည်းကောင်း၊ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်သည် (၁၇)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ်လည်းကောင်း၊ (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဘဒ္ဒန္တဝိစိတ္တသာရဆရာတော်သည် (၁၈)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ်လည်းကောင်း နှစ်ကာလအပိုင်းအခြားမရှိ ပေါ်ထွန်းလာခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲ၏ ဘာသာတရားအပေါ် အလေးအနက် သက်ဝင်ယုံကြည်မှု၊ ကြည်ညိုသဒ္ဓါစိတ်ထက်သန်ပြင်းပြမှုတို့ဖြင့် ဦးဆောင်ဦးရွက်ကြိုးပမ်းမှုများကိုအရင်းခံ၍ ကမ္ဘာပေါ်တွင် ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ခဲ့သည်။ ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ သဒ္ဓမ္မဇောတိကသိမ်တော်မြတ် ရေစက် သွန်းချလှူဒါန်းခြင်းနှင့် ကာလုဂါပြည်နယ် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကြီးများကို ဝှဲချီးဆင်ယင်ကျင်းပနိုင်ခဲ့ပါသည်။
မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်မင့်အိမ်ရွှဲစို၊ အမိုးယိုသော်မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့အကာအခင်း၊ ပျက်ပြိုယွင်းသော်မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့အခွင်အနဲ့၊ အရွဲ့အစောင်းမကောင်းမပြေ၊ ဟောင်းထွေထွေကိုအခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍ လုံ့လသက်သွင်း သစ်စေမင်း။
အမျိုးသားစာဆို ဆရာကြီးဇော်ဂျီ၏ “မင့်အိမ်”ကဗျာမှ ညွှန်းဆိုသည့်ပမာ မိမိတို့အိမ်ကို မိမိတို့ကိုယ်တိုင်ပင် အခြေနှင့်မျှ ဉာဏ်ဖြင့်ဆ၍ တည်ဆောက်ကြရမည်ဖြစ်ပါသည်။ ဆောင်ပြိုင်သာမော သူ့အိမ်ချောမှ စကြောသပ်ရပ် စံပယ်ထပ်နှင့် ပန်းကပ်ပန်းကြွ ထိုအလှကို ငေးမောတွေဝေနေရုံဖြင့် ခရီးရောက်မည်မဟုတ်ပါ။ မိမိတို့သည်လည်း “သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာ နီဝါတင့်ရမပေါ့”
ဟူသောခံယူချက်ဖြင့် မိမိတို့၏ ပြည်ထောင်စုအိမ်ကြီးကို ညီညာဖြဖြစုပေါင်း တည်ဆောက်ကြရမည်ဖြစ်ပါသည်။
ယနေ့ပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေများအောက်တွင် မိမိတို့နိုင်ငံသည်လည်း စိန်ခေါ်မှုများနှင့်အတူ အခွင့်အလမ်းများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်စဉ်အတွင်း ထိုအခွင့်အလမ်းများကို အမိအရဖမ်းဆုပ်နိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။
၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့အား မြန်မာ့သမိုင်းစဉ်မှတ်တမ်းတွင် ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့အဖြစ် ထပ်မံပေါင်းစပ်ရပေမည်။ နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အသီးသီးက ရွေးချယ်တင်ပြထားသည့် ဒုတိယသမ္မတသုံးဦးအနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄၂၉ မဲဖြင့် နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ဦးညိုစောက ၁၂၆ မဲဖြင့်ဒုတိယသမ္မတအဖြစ် လည်းကောင်း၊
ဒေါ်နန်းနီနီအေးက ၂၉ မဲဖြင့် ဒုတိယသမ္မတအဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့တစ်နေ့ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အကြီးအကဲသည် မဲအရေအတွက်ပြတ်သားစွာဖြင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် တစ်ခဲနက်ရွေးချယ်တင်မြှောက်မှုနှင့်အတူ (တစ်နည်းအားဖြင့် ပြည်သူတို့မှ တင်မြှောက်မှုနှင့်အတူ) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင်မည့် ဖြစ်တည်ရာနေ့အစလည်း ဖြစ်ပါသည်။
ယနေ့ မြန်မာနိုင်ငံသည် လေပြင်းမုန်တိုင်းများကင်းစင်ချိန်တွင် ပေါ်ထွက်လာသည့် သက်တံကြီးပမာ၊ တိမ်မည်းညိုများအကြားမှ ဝင်းပပေါ်ထွက်လာသည့် လမင်းကြီးပမာ အရောင်အသွေးစုံလင်မျှတ၍ တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်သော မြန်မာ့အနာဂတ်ဆီသို့ လှမ်းချီရမည့် အချိန်အခါကောင်းပင်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့သစ်နှင့်အတူ မြန်မာနိုင်ငံ၏ အရုဏ်ဦးနံနက်ခင်းသစ် တစ်ခု၊ မျက်နှာစာသစ်တစ်ခုသည် မလွဲဧကန်ဆိုက်ရောက်လာတော့မည်ဖြစ်ပါသည်။ ထိုမျက်နှာစာသစ်ကို လှပစွာ ပုံဖော်ထုဆစ်နိုင်ရေး ရွှေနိုင်ငံသစ်အုတ်မြစ်များကို ခိုင်မာမြဲမြံစွာ အကောင် အထည်ဖော် တည်ဆောက်နိုင်ခဲ့ပြီလည်းဖြစ်ပါသည်။ မြန်မာ့အရုဏ်ဦး နေ့သစ်ရောင်နီများ ဖြာဝေယှက်သန်းလျက်ရှိသည့် ယခုကဲ့သို့ မင်္ဂလာရှိသော အချိန်အခါသမယတွင် မြန်မာနိုင်ငံသား အားလုံးစည်းလုံးမှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှု စသည့်ကောင်းကျိုးတရားများ ရရှိခံစားနိုင်ကြပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွ ဝိုင်းဝန်းအကောင်အထည်ဖော် သွားကြရမည်ဖြစ်ပါကြောင်း နှိုးဆော် ရေးသားလိုက်ရပါသည်။ ။
MWD
