တန်ဖိုးထား ထိန်းသိမ်းရမည့် သဘာဝပတ်ဝန်းကျင်
Posted_Date
Image
Body
သဘာဝပတ်ဝန်းကျင်သည် နိုင်ငံ၏ရတနာ ရတနာဆိုသည်မှာ မြတ်နိုးထိန်းသိမ်းအပ်သည့်အရာဟူ၍ အဓိပ္ပာယ်ရသည်။ နိုင်ငံတိုင်းတွင် ကိုယ်ပိုင်သဘာဝ ပတ်ဝန်းကျင်ရှိသည်။ နိုင်ငံ၏သဘာဝပတ်ဝန်းကျင်ကို နိုင်ငံသားတိုင်းက တန်ဖိုးထားထိန်းသိမ်းရမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် နိုင်ငံသားတိုင်းသည် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် မှီခိုအားထားနေရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားထိန်းသိမ်းနေရမည့် ရတနာတစ်ပါးဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်သည် နိုင်ငံနှင့်နိုင်ငံသားများအား တန်ဖိုးကြီးမားလှသော ကောင်းကျိုးအဖြာဖြာကိုပေးသည်။ ယင်းကောင်းကျိုးများအနက် အဓိကအချက်အချို့ကို အောက်ပါအတိုင်းတင်ပြလိုသည်။
သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံ၏ဂုဏ်သတင်း နိုင်ငံတိုင်းသည် ကောင်းသောဂုဏ်သတင်းဖြင့် ကျော်ကြားနေရန်လိုအပ်သည်။ ကောင်းသောဂုဏ်သတင်းဖြင့် ကျော်ကြားနိုင်ရန်အတွက် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် များစွာအရေးပါသည်။
နိုင်ငံ၏သဘာဝပတ်ဝန်းကျင်တွင် သာယာလှပရှုမောဖွယ်ကောင်းသော၊ ခံ့ညားထည်ဝါသော၊ သဘာဝသွင်ပြင် လက္ခဏာရပ်များ ရှိနေပါက နိုင်ငံသည် ကောင်းသောဂုဏ်သတင်းဖြင့် ကျော်ကြားသည်။ အကယ်၍ နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်တွင် သာမန်သဘာဝသွင်ပြင် လက္ခဏာရပ်များသာရှိနေပါက နိုင်ငံ၏ဂုဏ်သတင်းသည် ကျော်ကြားမည်မဟုတ်ပေ။ ဤသဘောမှာ နိုင်ငံတစ်နိုင်ငံသည်ကောင်းသော ဂုဏ်သတင်းဖြင့် ကျော်ကြားရေးတွင် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုအထိအရေးပါသည်ဆိုသည် ပြဆိုနေခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေသည်နှင့်အမျှ အမိနိုင်ငံသည် သာယာလှပသောနိုင်ငံဟူ၍ ကောင်းသောဂုဏ်သတင်းဖြင့် အစဉ်ကျော်ကြားနေမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ထိန်းသိမ်း ကာကွယ်နေခြင်းသည် အမိနိုင်ငံအား ကောင်းသောဂုဏ်သတင်းဖြင့် အစဉ်ကျော်ကြားနေရန် ကျွန်ုပ်တို့ကြိုးပမ်း ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့်နိုင်ငံဖွံ့ဖြိုးမှု
နိုင်ငံတိုင်းသည် ဖွံ့ဖြိုးတိုးတက်နေရန် လိုအပ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်သည် များစွာအရေးပါသည်။ နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်တွင် နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေမည့် အဖိုးတန်သဘာဝအရင်းအမြစ်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ အခွင့်အလမ်းအမျိုးမျိုးတို့တည်ရှိနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်သည်။ သဘာဝပတ်ဝန်းကျင်တွင် နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေမည့် အဖိုးတန်သဘာဝ အရင်းအမြစ်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ အခွင့်အလမ်းအမျိုးမျိုးတို့မရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိမည်မဟုတ်ချေ။ ဤသဘောသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်ဆိုသည့် အချက်ကို ပြဆိုနေခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေသည်နှင့်အမျှ အမိနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်၍နေမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးနေခြင်းသည် အမိနိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင် ကျွန်ုပ်တို့ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံကြံ့ခိုင်မှု
နိုင်ငံတိုင်းသည် အင်အားအမျိုးမျိုး ကြံ့ခိုင်တောင့်တင်းနေရန် လိုအပ်သည်။ နိုင်ငံ၏အင်အားအမျိုးမျိုး ကြံ့ခိုင်တောင့်တင်းနေရန်အတွက် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် များစွာအရေးပါသည်။ နိုင်ငံ၏သဘာဝပတ်ဝန်းကျင်တွင် နိုင်ငံ၏အင်အားအမျိုးမျိုးကို ပြည့်ဝကြံ့ခိုင်စေမည့် သဘာဝစွမ်းအားအမျိုးမျိုး တည်ရှိနေပါက နိုင်ငံအနေဖြင့် အားအမျိုးမျိုးပြည့်ဝမြင့်မားလာပြီး ကြံ့ခိုင်တောင့်တင်းလာသည်။ သဘာဝပတ်ဝန်းကျင်တွင် နိုင်ငံ၏အားအမျိုးမျိုးကို ပြည့်ဝကြံ့ခိုင်စေမည့် သဘာဝစွမ်းအားအမျိုးမျိုးမရှိပါက နိုင်ငံ၏အားအမျိုးမျိုး ယုတ်လျော့ပြီး နိုင်ငံကြံ့ခိုင်တောင့်တင်းမည် မဟုတ်ချေ။ ဤသဘောသည် ကြံ့ခိုင်တောင့်တင်းသောနိုင်ငံအဖြစ် ရပ်တည်နိုင်ရေးတွင် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်ဆိုသည့်အချက်ကို ပြဆိုနေခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေသည်နှင့်အမျှ အမိနိုင်ငံသည် ကြံ့ခိုင်တောင့်တင်း၍နေမည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးနေခြင်းသည် အမိနိုင်ငံအား ကြံ့ခိုင်တောင့်တင်းသောနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ကျွန်ုပ်တို့ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာကြံ့ခိုင်မှု နိုင်ငံ၏နိုင်ငံသားတိုင်းသည် ကျန်းမာကြံ့ခိုင်မှုမြင့်မားနေရန် လိုအပ်သည်။ နိုင်ငံသားတိုင်းကျန်းမာကြံ့ခိုင်နေရန်အတွက် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် များစွာအရေးပါသည်။ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် သန့်ရှင်းသပ်ရပ်မှု၊ ညစ်ညမ်းမှုမှန်သမျှကင်းစင်မှု၊ ယိုယွင်းဖောက်ပြန်မှုမှန်သမျှကင်းစင်မှု၊ ရောဂါဘယအမျိုးမျိုးကင်းစင်မှု စသည့်ကျန်းမာရေးစံနှုန်း အမျိုးမျိုးနှင့်ကိုက်ညီနေပါက နိုင်ငံသားများ ကျန်းမာကြံ့ခိုင်လာသည်။ အကယ်၍ နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်သည် အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေးစံနှုန်းများနှင့် မကိုက်ညီပါက နိုင်ငံသားများ ကျန်းမာကြံ့ခိုင်မှု အဆင့်နိမ့်ကျလာသည်။ နိုင်ငံသားများ ကျန်းမာကြံ့ခိုင်ရေးတွင် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်ဆိုသည့်အချက်ကို ပြဆိုနေခြင်းဖြစ်သည်။သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေသည်နှင့်အမျှ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြင့်မား၍နေမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးနေခြင်းသည် ကျွန်ုပ်တို့နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းကို ကြိုးပမ်းမြှင့်တင်နေခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု နိုင်ငံ၏နိုင်ငံသားတိုင်းသည် စိတ်ဓာတ်ကြံ့ခိုင်မြင့်မားနေရန် လိုအပ်သည်။ နိုင်ငံသားတိုင်းစိတ်ဓာတ်ကြံ့ခိုင်မြင့်မားနေရန်အတွက် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် များစွာအရေးပါသည်။ သဘာဝပတ်ဝန်းကျင်သည် လေးနက်တည်ကြည်မှုရှိသော၊ ခံ့ညားထည်ဝါမှုရှိသော၊ ကြံ့ခိုင်မာကျောသော သဘောဆောင်သည့် သွင်ပြင်လက္ခဏာရပ်များနှင့် ပြည့်စုံနေပါက နိုင်ငံသားများ၏ စိတ်ဓာတ်သည် ကြံ့ခိုင်မြင့်မားလာသည်။ ကြံ့ခိုင်သော သဘာဝပတ်ဝန်းကျင်နှင့် နေ့စဉ်ထိတွေ့ခံစားနေရမှုကြောင့် ကြံ့ခိုင်သောစိတ်ဓာတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်သည် အထက်ဖော်ပြပါကြံ့ခိုင်သော သွင်ပြင်လက္ခဏာရပ်များ မရှိပါက နိုင်ငံသားများ၏စိတ်ဓာတ်သည် ကြံ့ခိုင်မှုအဆင့်အတန်း နိမ့်ကျလာသည်။ ကြံ့ခိုင်မှုမရှိသော သဘာဝပတ်ဝန်းကျင်နှင့် နေ့စဉ်ထိတွေ့ ခံစားနေရမှုကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှု အဆင့်နိမ့်ကျလာခြင်းဖြစ်သည်။ ထို့အတူ ကြမ်းတမ်းခက်ထန်သော သဘာဝပတ်ဝန်းကျင်မျိုးနှင့် နေ့စဉ်ထိတွေ့ခံစားနေရပါက ကြမ်းတမ်းခက်ထန်သော စိတ်ဓာတ်ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဤသဘောသည် နိုင်ငံသားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမြင့်မားရေးတွင် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်ဆိုသည့်အချက်ကို ပြဆိုနေခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးနေသည်နှင့်အမျှ နိုင်ငံသားများ၏စိတ်ဓာတ်သည် ကြံ့ခိုင်မြင့်မား၍နေမည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးနေခြင်းသည် ကျွန်ုပ်တို့နိုင်ငံသားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုအဆင့်ကို ကြိုးပမ်းမြှင့်တင်နေခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံချစ်စိတ်နိုင်ငံသားတိုင်းသည် မိမိနိုင်ငံအပေါ် ချစ်စိတ်၊ ဂုဏ်ယူတန်ဖိုးထားစိတ်၊ မြတ်နိုးစိတ်များ မြင့်မားစွာဖြစ်ပေါ်နေရန်လိုအပ်သည်။ ဤသို့မိမိနိုင်ငံအပေါ်ချစ်စိတ်၊ မြတ်နိုးစိတ်များ မြင့်မားစွာဖြစ်ပေါ်နေရန်အတွက် နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်သည် များစွာအရေးပါသည်။ သဘာဝပတ်ဝန်းကျင်တွင် ဂုဏ်ယူတန်ဖိုးထားမြတ်နိုးဖွယ်ရာ ကောင်းသော သဘာဝသွင်ပြင် လက္ခဏာရပ်များနှင့် ပြည့်စုံနေပါကနိုင်ငံသားများတွင် မိမိနိုင်ငံအပေါ် ချစ်စိတ်၊ မြတ်နိုးစိတ်၊ ဂုဏ်ယူတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာသည်။ အကယ်၍ နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် ဂုဏ်ယူတန်ဖိုးထားဖွယ်ရာ မကောင်းသည့် သဘာဝသွင်ပြင် လက္ခဏာရပ်များဖြစ်နေပါက နိုင်ငံသားများသည် မိမိနိုင်ငံအပေါ် ချစ်စိတ်၊ မြတ်နိုးစိတ်၊ ဂုဏ်ယူတန်ဖိုးထားစိတ်များ နိမ့်ကျနေမည်။ ဤသဘောမှာ မိမိနိုင်ငံအပေါ်ချစ်စိတ်၊ မြတ်နိုးစိတ် ဖြစ်ပေါ်ရေးတွင် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်ဆိုသည့်အချက်ကို ပြဆိုနေခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေသည်နှင့်အမျှ အမိနိုင်ငံအပေါ် ချစ်စိတ်၊ မြတ်နိုးစိတ်သည် မြင့်မား၍နေမည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေခြင်းသည် နိုင်ငံချစ်စိတ်၊ မြတ်နိုးစိတ်မြင့်မားလာရန် ကျွန်ုပ်တို့ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံ၏ရာသီဥတု နိုင်ငံတိုင်းသည် ရာသီဥတု သာယာမျှတရန်လိုသည်။ ရာသီဥတုသာယာမျှတရန်အတွက် နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်သည် များစွာအရေးပါသည်။ နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် အမြဲစိမ်း သစ်တောကြီးများ၊ တောအုပ်များဖုံးလွှမ်းနေသည့်တောင်တန်းကြီးများ၊ မြစ်ချောင်းအင်းအိုင်စိမ့်စမ်းကြီးများ၊ ရေတံခွန်များ စသည့်ရာသီဥတုကို သာယာမျှတစေမည့် သဘာဝသွင်ပြင်လက္ခဏာရပ်များနှင့် ပြည့်စုံနေပါက သာယာမျှတသောရာသီဥတုဖြစ်ပေါ်လာသည်။ အကယ်၍ နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် ရာသီဥတုကိုသာယာမျှတစေမည့် အထက်တွင်ဖော်ပြခဲ့သည့် သဘာဝသွင်ပြင်လက္ခဏာရပ်များ မရှိပါက ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်ပေါ်လာသည်။ ဤသဘောမှာ နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်သည် နိုင်ငံ၏ရာသီဥတုသာယာမျှတရေးတွင် အတိုင်းအတာတစ်ခုအထိ အရေးပါသည်ဆိုသည့်အချက်ကို ပြဆိုနေခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေသည်နှင့်အမျှ အမိနိုင်ငံ၏ရာသီဥတုသည် သာယာမျှတ၍နေမည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေခြင်းသည် အမိနိုင်ငံ၏ရာသီဥတုကို သာယာမျှတအောင် ကျွန်ုပ်တို့ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံတကာဆက်ဆံရေး နိုင်ငံတိုင်းသည် နိုင်ငံတကာဆက်ဆံရေးကဏ္ဍ အောင်မြင်နေရန် လိုအပ်သည်။ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍအောင်မြင်ရန်အတွက် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် များစွာအရေးပါသည်။ မိမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် ပြည်ပနိုင်ငံများအတွက် တစ်နည်းတစ်ဖုံအရေးပါနေခြင်း၊ ပြည်ပနိုင်ငံများက တစ်နည်းတစ်ဖုံမှီခိုအားထားနေရခြင်း၊ ပြည်ပနိုင်ငံများအား အသွင်သဏ္ဌာန်တစ်မျိုးမျိုးဖြင့် အကျိုးပြုနေခြင်း စသည့်အဆင့်မြင့်သွင်ပြင်လက္ခဏာရပ်များနှင့် ပြည့်စုံနေပါက နိုင်ငံတကာ၏ အလေးပေးဆက်ဆံခြင်းကို ခံယူရရှိပြီး နိုင်ငံတကာဆက်ဆံရေး ကဏ္ဍအောင်မြင်သည်။ အကယ်၍ မိမိနိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်သည် အထက်ဖော်ပြပါ အဆင့်မြင့်သွင်ပြင်လက္ခဏာရပ်များ မရှိပါက နိုင်ငံတကာ၏ အလေးပေးဆက်ဆံခြင်းကိုမခံရဘဲ သာမန်ဆက်ဆံခြင်းမျိုးကိုသာခံရသည်။ ဤသဘောမှာ နိုင်ငံ၏နိုင်ငံတကာဆက်ဆံရေးကဏ္ဍ အောင်မြင်ရေးတွင် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုအထိ အရေးပါသည်ဆိုသည့်အချက်ကိုပြဆိုနေခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေသည်နှင့်အမျှ ကျွန်ုပ်တို့အမိနိုင်ငံသည် နိုင်ငံတကာ၏ အလေးပေးဆက်ဆံခြင်းကို ခံယူရရှိပြီး နိုင်ငံတကာဆက်ဆံရေး ကဏ္ဍအောင်မြင်နေမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေခြင်းသည် အမိနိုင်ငံ၏နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ အောင်မြင်ရန် ကျွန်ုပ်တို့ကြိုးပမ်း ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၏အကျိုးတရား
ကျွန်ုပ်တို့နိုင်ငံသားများသည် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် မှီတည်နေရသည်။ ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံသားများအားလုံး ဂုဏ်ယူတန်ဖိုးထားထိန်းသိမ်း ကာကွယ်နေရမည့်အရာမှာ အမိနိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်ပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေခြင်းသည် အမိနိုင်ငံအား ထိန်းသိမ်းကာကွယ်နေခြင်းဖြစ်သကဲ့သို့ ကျွန်ုပ်တို့နိုင်ငံသားများ၏ဘဝကိုလည်း ထိန်းသိမ်းကာကွယ်နေခြင်း သဘောဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေခြင်းဖြင့် ရရှိလာသောအကျိုးတရားများမှာ ကျွန်ုပ်တို့အမိနိုင်ငံကို ကောင်းသောဂုဏ်သတင်းဖြင့် ကျော်ကြားလာခြင်း၊ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကြံ့ခိုင်တောင့်တင်းလာခြင်း၊ နိုင်ငံသားများကျန်းမာကြံ့ခိုင်လာခြင်း၊ နိုင်ငံသားများ စိတ်ဓာတ်ကြံ့ခိုင်မြင့်မားလာခြင်း၊ နိုင်ငံသားများတွင် နိုင်ငံချစ်စိတ်ဖြစ်ပေါ်မြင့်မားလာခြင်း၊ နိုင်ငံ၏ရာသီဥတုသာယာ မျှတလာခြင်း၊ နိုင်ငံ၏နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍအောင်မြင်မှု ရရှိလာခြင်း စသည့်အချက်(၈)ချက်ဖြစ်သည်။ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ထိန်းသိမ်းကာကွယ်နေခြင်းသည် နိုင်ငံအားသာယာလှပစေသည်သာမကဘဲ နိုင်ငံအား ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့တွင်လည်း ကိုယ်စီတာဝန်ရှိသည် အမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးရမည့် တာဝန်သည် နိုင်ငံတော်တွင်သာရှိသည်မဟုတ်ပါ။ ကျွန်ုပ်တို့နိုင်ငံသားများတွင်လည်း တာဝန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့နိုင်ငံသားအားလုံးသည် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် အားကိုးအားထားပြု၍ ရှင်သန်ရပ်တည်နေကြရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဘဝ အောင်မြင်စွာရပ်တည်နိုင်ရေး၊ နိုင်ငံတော်တည်တံ့ခိုင်မြဲနေရေး အတွက် ကျွန်ုပ်တို့နိုင်ငံသားအားလုံး အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေကြရမည့်အချက်မှာ အမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နေခြင်းပင်ဖြစ်သည်။
စည်းကမ်းလိုက်နာခြင်းနည်းလမ်းဖြင့် ထိန်းသိမ်းကာကွယ်မည်
အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်နိုင်သော နည်းလမ်းရှိသည်။
ယင်းနည်းလမ်းမှာ အမိနိုင်ငံအပေါ် ဆောင်ရွက်ရမည့် စည်းကမ်းမှန်သမျှကိုဆောင်ရွက်ပြီး ရှောင်ကြဉ်ရမည့် စည်းကမ်းမှန်သမျှကို ရှောင်ကြဉ်နေခြင်းပင်ဖြစ်သည်။ သဘောမှာ ကျွန်ုပ်တို့အားလုံး အမိနိုင်ငံအပေါ် စည်းကမ်းရှိသော နိုင်ငံသားများအဖြစ် ရပ်တည်ကြရမည်။ စည်းကမ်းရှိသောနိုင်ငံသားအဖြစ်ရပ်တည်နေခြင်းသည် အမိနိုင်ငံအား စည်းကမ်းဖြင့် ထိန်းသိမ်းကာကွယ်မှုပေးနေခြင်းပင်ဖြစ်ပြီး အမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်မှုပေးနေခြင်းသဘောဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံသားများ စည်းကမ်းကြီးမားလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်သည်လည်း ပိုမိုခိုင်ခံ့လာမည်ဖြစ်သည်။ ထို့ကြောင့် အမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်ကို ထိရောက်စွာထိန်းသိမ်း ကာကွယ်နိုင်သောနည်းလမ်းမှာ စည်းကမ်းရှိသောနိုင်ငံသားများအဖြစ် အစဉ်ကြိုးပမ်း ရပ်တည်နေသည့် နည်းလမ်းသာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။
MWD
