ဖောက်ရဦးမည့် လမ်းများ . . . ဆောက်ရဦးမည့် တံတားများ အပိုင်း(၃)
Posted_Date
Image
Body
သံလွင်တံတားပေါ်မှ ဘားအံမြို့သို့ ပြန်ခဲ့ပေပြီ။
သံလွင်မြစ်ရေများသည် ငြိမ်သက်စွာ ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။ တောင်တန်းများကလည်း တိတ်တဆိတ် ရပ်တည်နေကြဆဲဖြစ်သည်။ နေဝင်ပေတော့မည်။ နေရောင်တို့ကြောင့် သံလွင်မြစ်၏ ရေမျက်နှာပြင်ပေါ်တွင် ရွှေရောင်လှိုင်းကလေးများဖြစ်ပေါ်ပျံ့နှံ့နေသည်။ တောင်တန်းများ၏ အရိပ်များက မြစ်ရေထဲသို့ တိတ်တဆိတ် လျှောဆင်းနေကြ၏။ ညအချိန်၏ တိတ်ဆိတ်မှုကို ကြိုဆိုနေသကဲ့သို့ ထင်မြင်ရသည်။
ဘားအံမြို့ကြီးက မီးရောင်အောက်တွင် လှပနေသည်။ ဇွဲကပင်တောင် ပွဲတော်ဘက်မှ တေးဂီတသံများကြားနေရသည်။ မနက်ဖြန်ဆို ဖားစည်မြေမှ ပြန်ရပေဦးမည်။ လွမ်းရပါဦးမည်။ တစ်ချိန်ကဖြစ်ပွားခဲ့သော တိုက်ပွဲကြီးများ၊ယမ်းခိုးယမ်းငွေ့များ၊ ဆိုးရွားလှသည့် အနိဋ္ဌာရုံမြင်ကွင်းများကိုမဟုတ်ပါ။ ငြိမ်းချမ်းစွာ တည်ရှိနေမည့် ကရင်ပြည်နယ်၏ ဖားစည်သံ၊ ဇွဲကပင်တောင်၊ သံလွင်မြစ်၊ ရေ၊ မြေ၊ တောတောင်သဘာဝ၊ ရိုးသားသောတိုင်းရင်းသားများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပင်ဖြစ်ပါလိမ့်မည်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
အတိတ်ကာလများကပင် စာရေးသူတို့ ဘိုးဘွားများသည် လမ်းမရှိသည့်နေရာများတွင် ပေါက်ပြား၊ ဓားတို့ဖြင့် လမ်းဖောက်ခဲ့ကြသည်။ တံတားမရှိသော မြစ်ချောင်းများကို လှေငယ်များနှင့် ကူးခဲ့ကြသည်။ ယာယီတံတားများ ထိုးခဲ့ကြသည်။
လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းသည် တောင်ကုန်းများကို ဖြတ်ရသည်။
မြေနိမ့်များကို ဖို့ရသည်။ ချောက်ကမ်းပါးများကိုကျော်ရသည်။ မြစ်ချောင်းအတားအဆီးများကိုကူးရသည်။ မဖြစ်နိုင်သောအလုပ်တော့မဟုတ်ခဲ့ပါ။ ဘိုးဘွားတို့က ချွေးစက်များဖြင့်ဆောင်ရွက်၍ ပေးခဲ့ကြသော လက်ဆင့်ကမ်းအမွေများဖြစ်သည်။
ပစ္စုပ္ပန်တွင် စာရေးသူတို့၌ စက်ယန္တရားများ၊ နည်းပညာများ၊ လူသားအရင်းအမြစ်များရှိနေပြီဖြစ်ရာ ပိုမိုကောင်းမွန်သည့်လမ်းများ၊ ပိုမိုခိုင်ခံ့သည့်တံတားများကို ဆောက်လုပ်ရန် အခွင့်အလမ်းများ ရှိနေပါပြီ။
အနာဂတ်အတွက် အရေးအကြီးဆုံးမှာ ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ မည်သည့်လမ်းကို ဦးစားပေးဖောက်မည်။ မည်သည့်တံတားကြီးငယ်များကို ဦးစားပေးတည်ဆောက်မည်၊ မည်သည့်ဒေသကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည်။ ဤမှန်ကန်သောဆုံးဖြတ်ချက်များက နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆုံးဖြတ်ပေးနိုင်ပါလိမ့်မည်။
ဒေသခံများအတွက် အရေးပါသော လမ်းတံတားများ“ဖောက်ပြီးသော လမ်းများပေါ်တွင် မောင်းနှင်ခြင်းထက် မဖောက်ရသေးသောလမ်းသစ်များကို ဖောက်လုပ်ခြင်းက ပိုမိုခက်ခဲပြီး ဂုဏ်ယူဖွယ်ကောင်းလှသည်” ဟု အဆိုရှိသည်။
စာရေးသူတာဝန်ထမ်းဆောင်ခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သော အသုံးဝင်သည့်၊ အကျိုးရှိသည့် လုပ်ငန်းများစွာရှိသည်။ ထိုလမ်း/တံတားများသည် ဒေသခံများအတွက် များစွာအရေးပါလှကြောင်း မြင်သာထင်သာရှိလှပေသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင် မဂွေဇ-ခေါင်လန်ဖူးလမ်း ၆၅ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်းလုပ်ငန်းကို အခက်အခဲမျိုးစုံကြားမှာ အောင်မြင်စွာ ဖောက်လုပ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ လမ်းဖောက်လုပ်ရေး၊ တံတားတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ချိန် လေးနှစ်ကျော် ငါးနှစ်နီးပါးကြာခဲ့သည်။ ယခုကာလတွင်လည်း ပြုပြင်မွမ်းမံထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေဆဲဖြစ်သည်။
ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းခဲ့သည့် မြန်မာပြည်မြောက်ဖျားနေ ဒေသခံတို့အတွက် မျှော်လင့်ခြင်းအိပ်မက်များကို နိုးထရှင်သန်စေခဲ့သော လမ်းတစ်လမ်းပင်ဖြစ်သည်။
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်နှင့် မြောက်ပိုင်း သီပေါမြို့နယ်အား ဆက်သွယ်ဖောက်လုပ်ပေးသည့် ကျောက်ဂူ-နောင်ဝိုး-ညဉ့်စဉ်-ကျန်ကော့-ပန်ဝပ်-သဘာဝတံတား-ကုန်းအံ-နမ့်လန် လမ်းကြောင်း ၅၀ မိုင် ၄ ဖာလုံသည် အတက်အဆင်းမတ်စောက်သည့် ဒုဋ္ဌဝတီတံတား(တာပလန်းဆိပ်)အား ရှောင်ကွင်းသွားလာနိုင်ခြင်း၊ ဂုတ်ထိပ်ဒေသ၌ ယာဉ်ကြောပိတ်ဆို့မှုအခက်အခဲအား ရှောင်ကွင်းသွားလာနိုင်ခြင်း၊ ကုန်စည်ပို့ဆောင် ရေးစရိတ် လျော့နည်းစေခြင်း၊ တောင်အတက်အဆင်းနည်းပါးပြီး ပြေပြစ်သည့်လမ်းပိုင်းဖြစ်သောကြောင့် ဘေးအန္တရာယ်နည်းပါးခြင်းနှင့် လမ်းတစ်လျှောက်ရှိ ကျေးရွာ ၇၀ မှ လူဦးရေ ၃၅၀၀၀ ခန့်၏ လူမှုစီးပွားဘဝများကို များစွာအထောက်အကူပြုသော လမ်းမကြီးနှင့် တံတားများဖြစ်သည်။
ထို့ပြင် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့ကို ဆက်သွယ်သည့် နာနတ်တော-ဘောင်ကန်း-ခဲကား-မှော်ဘီ-နောင်ပိ-ပင်လောင်း ၆၄ မိုင်လမ်းနှင့် ထိုလမ်းပေါ်ရှိ တံတားများသည်လည်း ဒေသတွင်းအကျိုးပြုမှု အလွန်များသောလမ်းကြောင်းတစ်လမ်းဖြစ်ခဲ့သည်။ ထိုလမ်းကြောင်းကြောင့် ပဋိပက္ခကာလအတွင်း ကယားပြည်နယ်ဒေသအတွင်း ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီများ၊ သွားလာရေးအခက်အခဲမရှိခဲ့ခြင်းသာဖြစ်သည်။ ပဋိပက္ခရှောင်ပြည်သူများအတွက်လည်း အရေးပါသည့်လမ်းတစ်လမ်းဖြစ်ခဲ့သည်။
မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံး ဖြစ်သော“ရေး”မြို့နယ်အတွင်းရှိ “ကဗျာဝပင်လယ်ကမ်းခြေပတ်လမ်းနှင့် ကဗျာဝကွန်ကရစ်တံတား”၃၇၅ ပေအား ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မိုးရွာသွန်းမှုများပြားသော ဤဒေသသည် မိုးရာသီသွားလာရန် ခက်ခဲသောအခြေအနေမှ ရာသီမရွေး အချိန်တိုအတွင်းသွားလာနိုင်ခဲ့ပြီဖြစ်သည်။ ပင်လယ်ကမ်းခြေဒေသ ကျေးရွာများ၏ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး၊ ဒေသထွက်ကုန်များ အချိန်မီတင်ပို့နိုင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုခဲ့သည်။
အခြားသော တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဆောင်ရွက်ပေးခဲ့သည့် လမ်းများ၊ တံတားများလည်း များစွာရှိသည်။
အကျိုးဆက်
လမ်းများ၊ တံတားများ ကောင်းမွန်လာသည်နှင့်အမျှ လူမှုစီးပွားရေးလှုပ်ရှားမှုများ၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုများလည်း တဖြည်းဖြည်းအသက်ဝင်လာကြသည်။ ကုန်စည်များ စီးဆင်းသွားလာရာ Commercial Road များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ချိတ်ဆက်ပေးသည့် Main Highway များမှစ၍ ကျေးရွာလမ်းငယ်များမှ Rural Road များအထိ လမ်းပန်းဆက်သွယ်ရေး တစ်ရပ်လုံးသည် နိုင်ငံသားတို့၏လူမှုစီးပွားဘဝများကို ကွင်းဆက်သဖွယ် အပြန်အလှန်ချိတ်ဆက်ပေးသည့် Transport Network ကြီးတစ်ခုအဖြစ် တည်ရှိနေသည်။
ထိုသို့သော လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာဌာန အသီးသီးက မိမိတာဝန်ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
တာဝန်ယူဆောင်ရွက်
ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုတစ်ဝန်း ချိတ်ဆက်ပေးသည့် အဓိကလမ်းကြောင်းများနှင့် Main Road Network လမ်း/တံတားများကို ဦးဆောင်ဖောက်လုပ် တည်ဆောက်ပေးသည်။ ထိုလမ်းကြီးများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကြား သွားလာရေးအတွက်သာမက ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်မှုများအတွက် အရေးပါသော Transport Corridor များ ဖြစ်လာကြသည်။
မြို့ပြဒေသများတွင် နေ့စဉ်လူနေမှုဘဝ လှုပ်ရှားမှုများအဆင်ပြေစေရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များက မြို့များတွင် Urban Road System များကို တာဝန်ယူဆောင်ရွက်သည်။ ဈေးကွက်များ၊ စက်မှုဇုန်များ၊ လူနေအိမ်ရာရပ်ကွက်များကို ချိတ်ဆက်ပေးသည့် လမ်း/ တံတားများက မြို့ပြဘဝ၏ လှုပ်ရှားမှုများကို တက်ကြွစေသည်။
ထို့ပြင် မြို့ပြနှင့် ကျေးလက်ဒေသအကြား အကွာအဝေးကိုလျှော့ချနိုင်ရန်နှင့် ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက Rural Road Connectivity ကို တိုးတက်ကောင်းမွန်စေရန် လမ်း/တံတားများ တည်ဆောက်ပေးလျက်ရှိသည်။ ကျေးလက်ဒေသများအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုကောင်းမွန်စေသည့် မျှော်လင့်ချက် ပြည့်ဝစေသည့် လမ်း/တံတားများဖြစ်သည်။
အချို့သော ကျေးလက်ဒေသများတွင် မြို့ကြီးများနှင့် ဆက်သွယ်ရေးခက်ခဲသဖြင့် ဆင်းရဲမှုကြား နစ်မြုပ်နေသည့်ဒေသများရှိနေဆဲဖြစ်သည်။ လမ်းကောင်းကောင်းရှိမှသာ ဒေသ၏ထွက်ကုန်များအလွယ်တကူရောင်းချနိုင်မည်၊ ဝင်ငွေကောင်းမည်။ မြို့များမှ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ လွယ်လွယ်ကူကူရရှိနိုင်မည်။
အထူးသဖြင့် တောင်တန်းများနှင့် တောတောင်ထူထပ်သည့် နယ်စပ်ဒေသများတွင် လမ်း/တံတားတည်ဆောက်ရေး လုပ်ငန်းများသည် ပိုမိုခက်ခဲကြမ်းတမ်းလှသည်။ မြစ်ချောင်းများရေကြီးခြင်း၊ တောင်ကျရေများကြမ်းတမ်းခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ တောင်ကြားများကြား လမ်းဖောက်ရန်ခက်ခဲခြင်း၊ တည်ဆောက်ရေးပစ္စည်းများ၊ ယန္တရားများပို့ဆောင်ရန် ခက်ခဲခြင်း၊ လုံခြုံရေး ကန့်သတ်ချက်များရှိခြင်းကြောင့် ဆက်သွယ်သွားလာရေး မလွယ်ကူသောဒေသများဖြစ်သည်။
ထိုကဲ့သို့သော နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက Border Area Development Projects များအဖြစ် လမ်းများ၊ တံတားများ တာဝန်ယူဖောက်လုပ် တည်ဆောက်ပေးလျက်ရှိသည်။ လမ်း/တံတား မရှိသေးသည့် တောင်တန်းများကြားက တိတ်ဆိတ်နေသည့် ရွာငယ်လေးများအား ချိတ်ဆက်ပေးသည့် လမ်းတစ်လမ်း၊ မြစ်ချောင်းတစ်စင်းကို ကျော်လွှားစေသည့် တံတားတစ်စင်းသည် နယ်စပ်ဒေသရှိ ပြည်သူများအတွက် သွားလာရေး အဆင်ပြေစေရုံသာမကဘဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအင်အား များပင်ဖြစ်သည်။ ထိုလမ်း/တံတားများသည် နိုင်ငံ၏နယ်စပ်ဒေသများနှင့် အခြားဒေသများ ပိုမိုနီးကပ်စေရန် ချိတ်ဆက်ပေးသည့် Development Link များအဖြစ် သက်ရောက်မှုဖြစ်လာကြသည်။
အရေးပါသောကဏ္ဍ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အရေးပါသော Infrastructure Sector ဖြစ်သည်။ လမ်းနှင့်တံတားသည် စွမ်းဆောင်ရည်၊ အားထုတ်မှုများဖြင့် တည်ဆောက်ရသော အနာဂတ်ပုံဖော်မှုလည်းဖြစ်သည်။
“A single road can change a village, a single bridge can change a life.” “လမ်းတစ်လမ်းသည် အနာဂတ်ကို ဦးတည်ခြင်းဖြစ်သည်။”
“တံတားတစ်စင်းသည် ဝေးကွာနေသော ကမ်းနှစ်ဖက်ကို နီးစပ်စေသည်။”
စာရေးသူတို့နိုင်ငံတွင် တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လိုအပ်သော အချို့လမ်းများဖောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ အချို့တံတားများ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။
အချို့လမ်းများ ဖောက်လုပ်ဆဲဖြစ်သည်။ အချို့တံတားများ တည်ဆောက်ဆဲဖြစ်သည်။
ခရီးပန်းတိုင်ရောက်ဖို့အတွက် ထိုလမ်းများပေါ်မှာ လျှောက်ကြသည်။ ထိုတံတားပေါ်မှာ ဖြတ်သန်းကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောက်ရဦးမည့်လမ်းများ၊ ဆောက်ရမည့်တံတားများက မနက်ဖြန်များစွာအတွက် စောင့်ကြိုနေဆဲဖြစ်သည်။ အဆုံးမရှိသေးပါ။
မချောမွေ့သောလမ်းများကိုလည်း ကောင်းမွန်အောင်ပြန်လည်ပြင်ဆင်ရပါလိမ့်မည်။ ယိုင်နဲ့နေသောတံတားများ၊ ပျက်စီးနေသောတံတားများကိုလည်း ခိုင်မြဲအောင်ပြန်လည် တည်ဆောက်ရပါလိမ့်မည်။ ထိုအခြေခံ အဆောက်အအုံများသည် ပြည်သူလူထု၏ အနာဂတ်ဘဝကို ထောက်ပံ့နေသောအုတ်မြစ်များပင် ဖြစ်၏။
ထိုအုတ်မြစ်များကို တူးဆွခြင်း၊ ဖြိုချခြင်း၊ ဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။
ဖျက်ဆီးခြင်းသည် ဝိဝါဒကွဲပြားသူတို့၏ ခဏတာအာရုံစိုက်မှုကိုသာ ရရှိစေနိုင်သည်။ ထို့ကြောင့် နိုင်ငံတိုးတက်ရေးနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ်လိုလားသူတိုင်းအနေဖြင့် ဖျက်ဆီးမှုများမှဝေးကွာလျက် တည်ဆောက်ရေးလုပ်ငန်းများကိုသာ ရွေးချယ်ကြရမည်။
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်။
လမ်းသစ်/တံတားသစ်များ
ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးခြင်းသည် တိုက်ရိုက်အချိုးကျသည်။ ဒေသများငြိမ်းချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးများ ရှင်သန်လာမည်ဖြစ်သည်။
ဒေသဖွံ့ဖြိုးရှင်သန်စေရန်ဆောင်ရွက်ခဲ့သည့် ထိုလမ်းများ၊ တံတားများအား မိမိတို့၏ မျိုးဆက်သစ်များ ဆက်လက်အသုံးပြုကြပါလိမ့်မည်။ ထိုလမ်း/တံတားများကို အသုံးပြု၍ နိုင်ငံ၏ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ခရီးများကို လုံခြုံစိတ်ချအောင်မြင်စွာ ဖြတ်သန်းသွားလာနိုင်ကြပါလိမ့်မည်။
ထို့ကြောင့် နိုင်ငံတော်ကို အမှန်တကယ် ချစ်မြတ်နိုးစိတ်၊ သဘာဝအရင်းအမြစ်များကို လေးစားထိန်းသိမ်း လိုသောစိတ်နှင့် နိုင်ငံအတွင်း ငြိမ်းချမ်းစွာနေထိုင်လိုသည့် ဆန္ဒများဖြင့် နိုင်ငံတော်၏ ရှိပြီးသားအခြေခံအုတ်မြစ်များ(Infrastructure)ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြလျက် ဆက်လက်၍ -
“လမ်းသစ်များ ဖောက်ကြပါစို့ . . .
တံတားသစ်များ ဆောက်ကြပါစို့။”
MWD
