ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အလေးထား ဆောင်ရွက်ပေး
Posted_Date
Image
Body
ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိသည်။ စင်စစ်အားဖြင့် ပုခက်လွှဲသော လက်များဖြစ်ကြသည့်မိခင်များသည် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာ၌ များစွာအရေးပါလျက်ရှိသည်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် အာဟာရပြည့်ဝနေမှသာလျှင် ကျန်းမာကြံ့ခိုင်သော ရင်သွေးငယ်တစ်ဦးကို မွေးဖွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော နို့ချိုအာဟာရကိုလည်း တိုက်ကျွေးနိုင်မည်ဖြစ်သည်။
ကျန်းမာရေးအတွက်အာဟာရ
အာဟာရဓာတ်ဟူသည် သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန် ကျန်းမာရေးအတွက် လိုအပ်သော ဩဇာဓာတ်ပင်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးရေး၊ လှုပ်ရှားသွားလာနိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့်ရောဂါဘယ ကာကွယ်ရေးအတွက် လိုအပ်သည့်အာဟာရကို အစားအစာများ စားသုံးရာမှရရှိခြင်းဖြစ်သည်။ ခန္ဓာကိုယ်အတွက် လိုအပ်သည့်အာဟာရ ရရှိရန်အစားအစာကို ဝဝလင်လင်လုံလောက်စွာ မစားရလျှင်ဖြစ်စေ၊ စားသည့်အစာမှ အာဟာရလုံလောက်စွာ မရရှိလျှင်ဖြစ်စေ အာဟာရချို့တဲ့မှုဖြစ်ပေါ်လာသည်။ မကြိုက်သည့်အစားအစာဖြစ်၍မစားခြင်း၊ ကြိုက်သည့်အစားအစာ အနည်းငယ်မျှကိုသာစားနေခြင်း၊ အစားရှောင်ခြင်း စသည်တို့ကြောင့် အစားအစာစုံအောင် မစားဖြစ်သည့်အခါ အာဟာရဓာတ်တစ်ခုခု ချို့တဲ့ခြင်းတို့လည်း ဖြစ်စေသည်။
ကိုယ်ဝန်ဆောင်စဉ် အာဟာရပြည့်ဝစေရန်
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်း မြင့်မားလျက်ရှိသဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားမိခင် ကျန်းမာရေးစောင့်ရှောက်မှုတွင် မိခင်များ အာဟာရပြည့်ဝရေးသည် များစွာအရေးပါလျက်ရှိသည်။ ကိုယ်ဝန်ဆောင် မိခင်နှင့်နို့တိုက်မိခင်တို့ အာဟာရချို့တဲ့ပါက မိခင်ရောကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပြီး တစ်ခါတစ်ရံတွင် သေဆုံးသည်အထိဖြစ်နိုင်သည်။ ထို့ကြောင့် လိုအပ်သည့် အာဟာရရရှိရန် အစားအစာကို ဝဝလင်လင် လုံလောက်စွာ စားသုံးရန် လိုအပ်ပေသည်။
ကိုယ်ဝန်ဆောင်မိခင်တချို့သည် ကလေးထွားမည်စိုးသဖြင့်ဟူသော အကြောင်းပြချက်ဖြင့် အစားလျှော့ခြင်း၊ ရှောင်ခြင်းတို့သည် မှားယွင်းသောအယူအဆပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်အချိန်ထက် တစ်နပ်ပို၍စားရန်နှင့် အာဟာရဓာတ် အစုံအလင်ပါဝင်အောင် နေ့စဉ်စားသုံးရန် ပညာရှင်များက တိုက်တွန်းထားသည်။ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင်ဒီ၊ စီ၊ ဘီဝမ်း၊ ဘီတူး၊ ဘီတွဲလ်၊ ဇင့်ဓာတ်ပါဆေးဝါးတို့ကို ဆရာဝန်များ၏ လမ်းညွှန်ချက်ဖြင့်သောက်ရန်လည်း လိုအပ်သည်။
မွေးရာပါကိုယ်အင်္ဂါချို့တဲ့မှုများ(ဥပမာ- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ)ဖြစ်ခြင်းမှကာကွယ်ရန် ကိုယ်ဝန်ရှိကြောင်းစတင်သိရှိချိန်မှစ၍ သံဓာတ် ၆ဝ မီလီဂရမ်နှင့်ဖောလစ်အက်စစ် (၄၀၀ မိုက်ခရိုဂရမ်ဆေးပြား)ကို တစ်နေ့တစ်ပြား နေ့စဉ်သောက်ပေးရန် လိုအပ်သည်။ ကိုယ်ဝန်သုံးလနောက်ပိုင်းတွင် သန်ချဆေးပြား (Mebendazole 500 mg)တစ်ကြိမ် သောက်သုံးရန် လိုအပ်သည်။ ကိုယ်ဝန်ကိုးလမှစ၍ ကလေးမွေးဖွားပြီးသုံးလအထိ ဗီတာမင်ဘီဝမ်းဆေးပြားကို သတ်မှတ်ထားသောပမာဏအတိုင်း နေ့စဉ်သောက်သုံးရန် လိုအပ်သည်။
နို့တိုက်မိခင်များ အာဟာရပြည့်ဝစေရန်
နို့တိုက်မိခင်သည်လည်း မိမိအတွက်ရော ကလေးအတွက်ပါ အာဟာရဓာတ် လုံလောက်စွာရရှိစေရန် အစားကိုပိုစားရန်နှင့် အစားမရှောင်ရန်၊ မီးဖွားပြီးတစ်လအတွင်း အင်အားပြည့်ဗီတာမင်အေ ယူနစ်နှစ်သိန်းပါသော ဆေးလုံးတစ်လုံး တစ်ကြိမ်သောက်ရန်နှင့် မီးဖွားပြီးသုံးလအထိ ဗီတာမင်ဘီဝမ်းအားဆေး နေ့စဉ်သောက်ရန်လည်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက တိုက်တွန်းထားရှိသည်။
အမှန်တော့ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များသည် အစာပို၍ စားသုံးရန် လိုအပ်သည်။ အစားလုံးဝရှောင်ရန်မလိုဘဲ ထမင်းနှင့်ဟင်းတစ်နပ် ပိုစားရန်လိုအပ်သည်။ နို့တိုက်မိခင်သည် ငန်လွန်းသော အစာမှလွဲ၍ အစားလုံးဝရှောင်ရန်မလိုပေ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သော အာဟာရများပြည့်စုံကာ လုံလောက်သော ပမာဏရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင်ဘဝထက် ပိုစားရန်လိုအပ်သည်။ အင်အားဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာနှင့် ရောဂါကာကွယ်စေသောအစာ စသည့်အစာအုပ်စု သုံးမျိုးစလုံးပါအောင် စားသောက်ရမည်ဖြစ်သည့်အပြင် ပမာဏအားဖြင့်လည်း ပိုစားရန်လိုအပ်သည်။
မိခင်များအတွက်အာဟာရ
ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းလျှင် ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး ကာလများအတွင်း အသက်အန္တရာယ်ကြုံတွေ့နိုင်သည်။ လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားတတ်သည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် သံဓာတ်အာဟာရကြွယ်ဝသော အစားအစာများကို နေ့စဉ်စားသုံးရန် လိုအပ်သည်။ အသား၊ အသည်းနှင့်သွေးခဲ တို့သည် သံဓာတ်အထူးကြွယ်ဝသဖြင့် တတ်နိုင်သမျှ စားသုံးသင့်သည်။ ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ချဉ်ပေါင်ရွက် စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့်ပဲအမျိုး မျိုးသည် သံဓာတ်အတော်အတန် ကြွယ်ဝသဖြင့် နေ့စဉ်စားသုံးသင့်သည်။ အသားဓာတ်နှင့်အချဉ်ဓာတ်(ဗီတာမင်စီ)သည် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးမှသံဓာတ်ကို အစာလမ်းကြောင်းမှ လွယ်ကူစွာ စုပ်ယူနိုင်အောင် ကူညီသည်။
အိုင်အိုဒင်းသည်လည်း သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ပင် သတ္တုအာဟာရဓာတ် တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်ပုံမှန်ကြီးထွားရေး၊ ဦးနှောက်ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ဇီဝကမ္မ လုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ စားသုံးရန်လိုအပ်သည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျတတ်သည်။ ကလေးအသေမွေးတတ်သည်။ လမစေ့၊ ပေါင်မပြည့်သောကလေး၊ ဆွံ့အနားမကြားသော ကလေး၊ ဉာဏ်ရည်နိမ့်သောကလေး၊ ခြေလက်မသန်စွမ်းသော ကလေးမွေးတတ်သည်။ ကလေးငယ်များ အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ခန္ဓာကိုယ်စံချိန်မီ မကြီးထွားနိုင်ဘဲ သေးကွေးပုညှက်နေတတ်သည်။ ဉာဏ်ထိုင်းပြီး လည်ပင်းကြီးရောဂါ ဖြစ်တတ်သည်။ သွက်လက်ဖျတ်လတ်မှုမရှိ၊ ထုံထိုင်းနှေးကွေး နေမည်ဖြစ်သည်။ ထို့ကြောင့် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာရရှိရန် အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးရန် လိုအပ်သည်။ သန္ဓေသားဘဝမှစ၍ သက်ကြီးရွယ်အိုဘဝအထိ အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ မှီဝဲသွားရန်လိုအပ်သည်။
သဘာဝမိခင်နို့ရည်
စင်စစ်အားဖြင့် မိခင်နို့ရည်သည် ကလေးငယ် ကျန်းမာစွာကြီးထွားပြီး ဖွံ့ဖြိုးမှုအတွက်အကောင်းဆုံး အာဟာရပင်ဖြစ်သည်။ နို့ဦးရည်နှင့်မိခင်နို့သည် ကလေးငယ်ရောဂါ မဖြစ်ပွားစေရန်အတွက် မိခင်မှ ကလေးကိုပေးနိုင်သည့် ပထမဆုံးနှင့် တန်ဖိုးအရှိဆုံး ကာကွယ်ဆေးပင်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့်ကလေးငယ်တို့ကြား သံယောဇဉ် တွယ်တာမှုပိုမိုခိုင်မာစေသည်။
မိခင်တစ်ဦးသည် ရင်သွေးငယ်ကို နို့တိုက်ခြင်းဖြင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းကို နှောင့်နှေးကြန့်ကြာစေနိုင်သည်။ မိခင်တွင် မမျိုးဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ဖြစ်ပွားမည့် အန္တရာယ်ကိုလျှော့ချပေးနိုင်သည်။ မိခင်သည် အာဟာရပြည့်ဝစွာ စားသုံးပါက အမြွှာကလေးများအတွက်လည်း မိခင်နို့လုံလောက်စွာ တိုက်ကျွေးနိုင်ပါသည်။ အမှန်တော့ နို့တိုက်မိခင်များသည် အစာပို၍စားသုံးရန် လိုအပ်သည်။ ထမင်းနှင့်ဟင်းတစ်နပ် ပိုစားရန်လိုသည်။ နို့တိုက်မိခင်သည် ငန်လွန်း၊ စပ်လွန်းသောအစာမှလွဲ၍ အစားလုံးဝမရှောင်သင့်ပေ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သော အာဟာရများပြည့်စုံကာ လုံလောက်သော ပမာဏရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင်ဘဝထက် ပိုစားရန် လိုအပ်သည်။
ဗီတာမင်အေအာဟာရ
ဗီတာမင်အေသည် ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ မျက်စိကျန်းမာရေးနှင့် အမြင်အာရုံကောင်းမွန်ရေး အတွက်လည်း အရေးကြီးသည်။ နို့တိုက်မိခင်များသည် မလိုအပ်ဘဲ အစားရှောင်လျှင် ဗီတာမင်အေ အလုံအလောက် မရရှိနိုင်တော့ဘဲ ထိုမိခင်များ၏ နို့ကိုစို့ရသောကလေးများသည် ဗီတာမင်အေ ချို့တဲ့တတ်သည်။ ဗီတာမင်အေချို့တဲ့သော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ ကူးစက်ရောဂါအမျိုးမျိုးကြောင့် မကြာခဏ ဖျားနာတတ်သည်။
နို့တိုက်မိခင်များသည် ဗီတာမင်အေကြွယ်ဝသည့် အစာများကို လုံလောက်စွာစားသုံးရန် လိုအပ်သည်။ မီးဖွားပြီး ပထမတစ်ရက်နှစ်ရက်တွင်ထွက်သည့် နို့ဦးရည်သည် ဗီတာမင်အေ အလွန်ကြွယ်ဝသည်။ ထို့ကြောင့် ကလေးကို နို့ဦးရည်တိုက်ဖြစ်အောင် တိုက်ပေးရန်လိုအပ်သည်။ အသက်ခြောက်လမှစ၍ ထမင်းခွံ့သည့်အခါ ဗီတာမင်အေကြွယ်ဝသည့် အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုး၊ အစိမ်းရင့်ရောင်ဟင်းရွက်များ၊ နီဝါရောင်သစ်သီးများ၊ အဝါရောင်သစ်သီးများ၊ အဝါရောင်နှင့်အနီရောင် သစ်ဥသစ်ဖုများကို အသက်အရွယ်အလိုက် ထည့်ကျွေးပေးရန် လိုအပ်သည်။
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အလေးထား ဆောင်ရွက်ပေးစင်စစ်အားဖြင့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးထားလုပ်ဆောင်သွားရန် လိုအပ်ပေသည်။ အာဟာရဖွံ့ဖြိုး ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်မှု ရရှိရေးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်သည်နှင့် အမျှ ကိုယ်ဝန်ဆောင် မိခင်နှင့်နို့တိုက်မိခင်များ၊ ကလေးငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုး မှုတို့အပေါ် အကျိုးသက်ရောက်မှုများ ရရှိလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပညာတတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
ဆိုရလျှင် ကလေးငယ်များ ကျန်းမာပျော်ရွှင် ရောဂါကင်းစင်စေရန် အတွက် မိခင်များကိုယ်ဝန် ဆောင်ကာလနှင့် မီးဖွားပြီးနို့တိုက်မိခင်ကာလတို့မှာပါ အာဟာရပြည့်ဝရန် လိုအပ်သည်။ အာဟာရ ပြည့်ဝစွာရရှိစေရန်အတွက် အင်အားဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီးထွားစေသော အစာနှင့်ရောဂါ ကာကွယ်စေသောအစာ စသည့်အစာအုပ်စု သုံးမျိုးစလုံးကို နေ့စဉ်မျှတစွာ စားသုံးနိုင်ရန်နှင့် မိမိတို့ဝင်ငွေနှင့်ကိုက်ညီသော အာဟာရပြည့်အစားအစာများကို ကျန်းမာရေးအသိပညာ ဗဟုသုတဖြင့် စားသောက်နေထိုင် သွားသင့်ပါကြောင်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အတွက် အလေးထား တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
MWD
