မီးထွန်းအလှ ခြိမ့်ခြိမ့်သဲ တန်ဆောင်မုန်းလရာသီပွဲ
Posted_Date
Image
Body
သာမညဖလအခါတော်နေ့၊ တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲ၊ ပံ့သကူပစ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှသောပွဲ၊ ကျီးမနိုးပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည့်ပွဲတော်တို့သည် တန်ဆောင်မုန်းလတွင် ကျင်းပသောကြောင့် တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်း စဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။
မြန်မာပြက္ခဒိန်၏ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်လဖြစ်ပြီး “တန်ဆောင်မုန်း”ဟူသောဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်”ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း”ဖြစ်၏။ ၎င်းမှတန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
“တန်ဆောင်”မှာ “မီးတိုင်”၊ “မှုန်း”မှာ “ပျံ့နှံ့စေခြင်း”ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟုဆိုလိုသည်။ တန်ဆောင်မုန်းလအကြောင်းကို “တန်ဆောင်မုန်းဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး”ဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့်ဖွဲ့ဆိုခဲ့သည်။ တန်ဆောင်မုန်းလတွင် ကြတ္တိကာနက္ခတ်နှင့်ကြယ်တာရာတို့သည် လနှင့်ယှဉ်ကာထွန်းလင်းကြပြီး ရာသီအားဖြင့် ဗြိစ္ဆာဟုခေါ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ ရာသီရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။ တန်ဆောင်မုန်းလသည်
မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန်ဖြစ်၍“မိုးလအဆုံးတန်ဆောင်မုန်း”ဟူ၍ဆိုလေ့ရှိကြသကဲ့သို့ လယ်ယာစိုက်ခင်းများတွင် စပါးကောက်နှံများ၏ စပါးသင်းရနံ့တို့မှာလည်း သင်းပျံ့မွှေးကြိုင်နေသည်ကိုမြင်တွေ့ရသဖြင့် တောင်သူလယ်သမားများရွှင်မြူးပြုံးပျော်ကြသည့်အတွက် “တောင်သူရွှင်ပြုံး တန်ဆောင်မုန်း”ဟုဆိုကြသည်။
“သာမညဖလ”သုတ္တန်တရားကို ဟောကြားတော်မူသောနေ့မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့၌ “သာမညဖလ”သုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလ အခါ
တော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ”၏အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး”ဟုအဓိပ္ပာယ်ရသည်။ အဇာတသတ်ဘုရင်သည် အသိဉာဏ်နုစဉ်က ဒေဝဒတ်၏စည်းရုံးမှုကိုခံရ၍ ဒေဝဒတ်ကိုအထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိပြီး ဆရာတင်မှားမှုကြောင့် ဖခင်ဘုရင်ကြီးဗိမ္မိသာရကို သတ်မိသည်အထိ အမှားကြီးမှားခဲ့သည်။
အဇာတသတ်သည် ဖခင်ဘုရင်ကြီးဗိမ္မိသာရကိုသတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ အဆိုပါဝေဒနာကိုပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။ တန်ဆောင်မုန်းလပြည့်ည တစ်ညတွင် အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေစဉ် “ယခုကဲ့သို့ သာယာလှပသောညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကိုဖြင့် ချဉ်းကပ်ရလျှင် ကိုယ်တော်မြတ်၏ စိတ်တော်ကြည်လင်နိုင်မည်နည်း”ဟုမေးသောအခါ မှူးကြီးမတ်ကြီးများက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီးခြောက်ယောက်၏ နာမည်များနှင့် ၎င်းတို့ကျင့်ကြံသော အယူဝါဒများကို ပြောပြကြသည်။
အဇာတသတ်မင်းသည် အမတ်ကြီးတို့၏တင်ပြချက်ကိုလက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏အကြံပေးချက်အရ မြတ်စွာဘုရားရှင်ထံသို့ချဉ်းကပ်ရန် ဆရာဇီဝကကို စီစဉ်စေသည်။
အဇာတသတ်မင်းဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိရာ အဇာတသတ်ဘုရင်က ဘုရားရှင်ထံခွင့်ပန်ပြီး သူသိလိုသော အကြောင်းအရာများကို လျှောက်ထားလေသည်။ “အရှင်ဘုရား လောကမှာ အဋ္ဌာရသဆယ့်ရှစ်ရပ် စသော အတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်သည်။ ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသလားဘုရား”ဟု မေးမြန်းလျှောက်ထားရာ ဘုရားရှင်က သာမညဖလ တရားတော်ကို ဟောကြားတော်မူသည်။ ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတို့မှာ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး၊ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊ သီလနှင့်ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်းအကျိုး၊ ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်ရခြင်းအကျိုး၊ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်ရခြင်းအကျိုး၊ နက္ခတ်၊ ဗေဒင်၊ ယတြာ ဆေးကုပေးခြင်း စသည်တို့မှရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့်ပြည့်စုံရခြင်းအကျိုး၊ ဣန္ဒြေခြောက်ပါးလုံးအကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်းအကျိုး၊ သတိနှင့်ပြည့်စုံခြင်းအကျိုး၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံခြင်းအကျိုး၊ စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊ ဈာန်တရားများရရှိနိုင်ခြင်း အကျိုး၊ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး စသည့်အကျိုးတရားတို့သည် သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော အကျိုးတရားတို့ဖြစ်ကြသည်။
အဇာတသတ်မင်းသည် တရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားသည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာယုံကြည်သွားပြီး ပုထုဇဉ်တို့တွင် ရတနာ သုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးခြင်းခံရသည်။ ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ဓာတ်တော်တိုက်တည်ထားခဲ့ပြီး အဇာတသတ်မင်းသည် ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့သည်။ ဖခင်ဘုရင်ကြီးဗိမ္မိသာရကို သတ်မိသောအပြစ်ရှိသော်လည်း မဟာအဝီစိငရဲ၌မကျတော့ဘဲ၊ လောဟကုမ္ဘီငရဲငယ်၌သာခံစားရပြီး နောင်အနာဂတ်ကာလ၌ “ဝိဇိတာဝီ”အမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါးဖြစ်ကာ ကျွတ်တမ်းဝင်မည်ဖြစ်သည်။
သင်္ကန်းမှာ ကထိန်၊ စုပေါင်းမဟာဘုံကထိန်မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာကထိန်”ဟူ၍ ဆိုရိုးပြုကာ၊“ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွတ်အမြတ်ထားလေ့ရှိကြပြီး “ကထိန်”ဟူသောဝေါဟာရသည် ပါဠိဘာသာစကား “ကထိန”မှဆင်းသက်လာပြီး “မြဲမြံခိုင်ခံ့ခြင်း”ဟူသော အနက်ရှိသည်။ တန်ဆောင်တိုင်ပွဲကို ဗုဒ္ဓဘာသာမြန်မာရှေးမင်း အဆက်ဆက်တို့သည် ပွဲတော်အချိန်အခါတွင် မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ ထီးရံနန်းရံ၊ မှူးကြီးမတ်ရာ၊ သေနာပတိ၊ မင်းမိဖုရားတို့နှင့် တူရိယာမျိုးစုံတီးမှုတ်လျက် ထီးစဉ်နန်းဆက် “မဟာအသဒိသအတုလသဘင်”ပွဲကြီးဆင်ယင်၍ လှူဒါန်းကြသည်။ ယခုခေတ်ကာလတွင်မူ တန်ဆောင်တိုင်ပွဲတော်ကို ဘုံကထိန်အဖြစ် စုပေါင်းလှူဒါန်းကြပြီး ထိုဘုံကထိန်အတွက် မိမိတို့တတ်အားသမျှ လှူဖွယ်ပစ္စည်းများကို ပဒေသာပင်များဆင်ယင်၍ မဲကျရာဘုန်းတော်ကြီးကျောင်းတိုက်သို့ လှူဒါန်းကြသည်။ ပဒေသာပင်များတွင် ဝတ္ထုငွေများကို ဗုဒ္ဓဘုရား၏ပုံတော်များ၊ ဘုရားစေတီတော်ပုံများ၊ ဘုံပြာသာဒ်များ၊ သံဃာတော်တို့ အသုံးပြုသည့် ပရိက္ခရာရှစ်ပါးပစ္စည်းများ၊ ဘုန်းတော်ကြီးကျောင်းအတွင်း လိုအပ်မည့် လှူဖွယ်ဝတ္ထုများကို စုံလင်စွာအလှဆင်၍ မြို့လယ်လမ်းမများတွင် ခင်းကျင်းပြသထားသည်မှာ မြင်ရသူအဖို့ စိတ်နှလုံးအေးချမ်းကြည်နူးစေပါသည်။
ဆက်ကပ်လှူဒါန်း မသိုးသင်္ကန်း
မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရား လက်ထက်တော်ကတည်းကပင် ရှိခဲ့သည်။ မိထွေးတော်ဂေါတမီ အမှူးပြုသည့်နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုး၊ ရက်ကန်းစင်တွင် ရက်လုပ်၊ သင်္ကန်းချုပ်ခြင်း လုပ်ငန်းတို့ကို ညတွင်းချင်းအပြီး ဆောင်ရွက်ခဲ့ကြသည်။
နံနက်ငါးနာရီမထိုးမီ မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း(ကထိန်သင်္ကန်း) ဆက်ကပ်လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထိုအလေ့အထသည် မျက်မှောက်ကာလအထိ ဆက်လက်ရှင်သန်နေဆဲပင်ဖြစ်သည်။ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်အပါအဝင် တန်ခိုးကြီးဘုရားများတွင် မြတ်စွာဘုရားအတွက် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းကြရန် ရက်ကန်းစင်များဖြင့် ပြည့်လျက်ရှိသည်။
နေ့ကူးသွားလျှင် ရက်လုပ်ထားသော ထိုသင်္ကန်းကို မသိုးသင်္ကန်းဟုမခေါ်ဆိုနိုင်တော့ပေ။ ထို့ကြောင့် ရက်ကန်းရက်လုပ်ကြသည့် လှပျိုဖြူလေးများသည် ချွေးတလုံးလုံးဖြင့် တစ်ညလုံး မမောမပန်းရက်လုပ်ကြရသည်။
ဆေးပေါင်းခတဲ့ညနှင့် မီးပုံးပျံပွဲ
တန်ဆောင်မုန်းလ၏ မိုးလေကင်းလွတ်သော ညချမ်းတွင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ မီးပုံးပျံပွဲများ၊ မီးရှူးမီးပန်းပစ်ဖောက်ပူဇော်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။ တန်ဆောင်တိုင်ပွဲတော်တွင် မြတ်ဗုဒ္ဓအားရည်မှန်းကာ မီးပုံးပျံများပုံစံအမျိုးမျိုးပြုလုပ်၍ လွှတ်တင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး မိမိတို့နေအိမ်များတွင်လည်း မြတ်စွာဘုရားအား ရည်မှန်းပြီး ဆီမီးပူဇော်လှူဒါန်းကြသည်။
ကြတ္တိကာနက္ခတ်စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်ည၌ ဆေးပင်စောင့်နတ်အပေါင်းတို့သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်ဟုဆိုသည်။ ထို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည်ဟုလည်း ယုံကြည်ယူဆလျက် မဲဇလီဖူးသုပ်ကာ ဝေငှအလှူအတန်းပြုကြသည်။ ထို့ပြင် တန်ဆောင်မုန်းလပြည့် ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့်ည၏ အစွမ်းထက်ဆုံး၊ အမြင့်မားဆုံးအချိန်အဖြစ် သတ်မှတ်ကာ မြန်မာတိုင်းရင်း ဆေးဆရာကြီးများသည် ဆေးဝါးမျိုးစုံဖော်စပ်လေ့ ရှိကြသည်။
ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလို အသုံးပြုနိုင်စေရန် လှူဒါန်းသောပံ့သကူ
တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ပွဲ အလှူဒါနများကိုလည်း ပြုလုပ်ကြသည်။ ပံ့သကူဟူသောဝေါဟာရသည် ပါဠိဘာသာ “ပံ့သကူလ”မှ ဆင်းသက်လာခြင်းဖြစ်သည်။ အနီးစပ်ဆုံး အဓိပ္ပာယ်သည် ပိုင်ရှင်မဲ့ပစ္စည်းဖြစ်ပြီး တွေ့ရှိသူကအလိုရှိသလို သုံးစွဲနိုင်သောပစ္စည်းဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ပံ့သကူပစ်ခြင်းသည် ပစ္စည်းဥစ္စာပြည့်စုံသူများက ချို့တဲ့သူများ၊ မပြည့်စုံသူများအတွက်ရည်ရွယ်ကာ ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလိုအသုံးပြုနိုင်စေရန် လှူဒါန်းခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ရာသီဥတုသာယာကောင်းမွန်သည့် တန်ဆောင်မုန်းလသည် သာမညဖလအခါတော်နေ့၌ သာမညဖလသုတ်ပါဠိတော်ကို ရွတ်ဖတ်ခြင်း၊ ဘုရားရှင်အားဆီမီး၊ ပန်းများပူဇော်ခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း၊ ပံ့သကူပစ်ပွဲအလှူဒါနများပြုလုပ်ခြင်း စသည့်ကုသိုလ်ကောင်းမှုများ၊ အလှူဒါနများပြုလုပ်ကြခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက် လထူးလမြတ်ပင်ဖြစ်ပါကြောင်း ဖော်ညွှန်းရေးသား လိုက်ရပါသည်။ ။
ကိုဘုန်း(ထုတ်လုပ်)
MWD
