တောင်သူဝင်ငွေတိုးစေဖို့ မတ်ပဲသီးနှံစိုက်ပျိုးကြပါစို့
Posted_Date
Image
Body
မတ်ပဲသည် မြန်မာနိုင်ငံ၏ အရေးကြီးသော ဆောင်းသီးနှံတစ်မျိုးဖြစ်သည်။ မတ်ပဲသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး စိုက်ပျိုးရန်လွယ်ကူသော သီးနှံလည်းဖြစ်သည်။ မတ်ပဲတွင် ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည့်သက်စောင့်ဓာတ် အမြောက်အမြား ပါဝင်နေသောကြောင့် လူသားတို့ ကျန်းမာရေးအတွက် အရေးပါသောပဲတစ်မျိုးဖြစ်သည်။ ထို့ပြင် ပဲစိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများကို ကောင်းမွန်အောင် ပြောင်းလဲဖြည့်တင်းဆောင်ရွက် ပေးနိုင်ခြင်းများကြောင့် မြေဆီလွှာ၏ ကျန်းမာရေးအတွက်လည်း ကောင်းစွာအထောက်အကူပြုသော သီးနှံဖြစ်သည်။ မတ်ပဲ၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး လွန်ခဲ့သောနှစ်ထောင်ပေါင်း များစွာကတည်းက စိုက်ပျိုးလာခဲ့ကြသည့် ဒေသထွက်ကုန် ကောက်ပဲသီးနှံတစ်မျိုးဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့၏ ဟင်းလျာများထဲတွင် မတ်ပဲသည် မပါမဖြစ်ဟင်းလျာတစ်ခွက်ဖြစ်သည်။ မတ်ပဲအား ပြည်တွင်း၌ ပဲပင်ပေါက်၊ ပဲဟင်း၊ ဗယာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့် စသည့်စားသောက်ကုန်များပြုလုပ်၍ စားသုံးကြသော်လည်း အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးသော ပဲသီးနှံတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်ပဲစိုက်ပျိုးသည့် ဧရိယာစုစုပေါင်း ၂၄၅၄၇၇၇ ဧကခန့်ရှိပြီး အများဆုံးစိုက်ပျိုးသည့် ဒေသများမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ မတ်ပဲစိုက်ပျိုးဧရိယာ၏ ၉၀ ရာခိုင်နှုန်းကို အောက်မြန်မာပြည်တွင် စိုက်ပျိုးကြပြီး စိုက်ဧရိယာအများစုသည် စပါးအပြီး သီးထပ်အနေဖြင့် စိုက်ပျိုးကြခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် တနင်္သာရီတိုင်းဒေသကြီးသည် အပူချိန်ပျမ်းမျှ ၃၇ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နှင့် မိုးရေချိန်ပျမ်းမျှ ၁၈၀ လက်မခန့်ရွာသွန်းသည့်ဒေသဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက၂၂၂၃၉၆ ဧကနှင့် နွေစပါးစိုက်ဧက ၈၀၆၉ ခန့်စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆည်ရေသောက်ဧရိယာများ မရှိသော်လည်း မိုးကောင်းသောက်စပါးစိုက် ဧရိယာများအနက်မှ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် အစိုဓာတ်ရရှိနိုင်ရာ လယ်မြေများ၌ နွေစပါးကို အဓိကထားစိုက်ပျိုးခဲ့ကြပြီး ကျန်ရှိသည့်နေရာများ၌ ပဲစိုက်ပျိုးမှုကို ဆောင်ရွက်ခဲ့ရာ ယခင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၌ မတ်ပဲသီးနှံစိုက်ပျိုးမှု ၁၁၂၆ ဧကခန့်ရှိရာမှ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များအရ ယခုနှစ်၂၀၂၄-၂၀၂၅ ခုနှစ်တွင် မတ်ပဲစိုက်ဧကပေါင်း ၂၀၃၄ ဧကခန့်အထိ တိုးချဲ့စိုက်ပျိုး ဆောင်ရွက်နေပြီဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ်ပဲစိုက်ဧရိယာများတိုးတက်ပြီး အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် မတ်ပဲစိုက်ပျိုးလိုသူတောင်သူများအား မတ်ပဲမျိုးစေ့များပေးအပ်ခြင်း၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သော ယူရီးယားဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းများဖြင့် မတ်ပဲသီးနှံတိုးချဲ့စိုက်ပျိုးရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်းမတ်ပဲသီးနှံသည် ပူနွေး၍ခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန်မြင့်မားခြင်းကိုခံနိုင်ရည်ရှိသော သီးနှံတစ်မျိုးဖြစ်သည်။ အများအားဖြင့် နေရောင်ခြည်ကောင်းစွာရရှိ၍ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်အကြားရှိသည့် ဒေသများတွင် စိုက်ပျိုးနိုင်ကြသည်။ ရေငတ်ဒဏ်ခံနိုင်ရည်ရှိ၍ တစ်နှစ်ပျမ်းမျှမိုးရေချိန် ၃၆ လက်မအောက် ရွာသွန်းသည့်ဒေသများတွင်လည်း ဖြစ်ထွန်းနိုင်သည်။ မိုးများသောဒေသများတွင် ဆောင်းသီးနှံအဖြစ်စိုက်ပျိုးကြသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ အထိ စိုက်ပျိုးနိုင်သည်။ မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မတ်ပဲကို မိုးနှောင်းနှင့်ဆောင်းဦးတွင် စိုက်ပျိုးပြီး ဆောင်းနှောင်း၊ နွေဦးတွင် ရိတ်သိမ်းရန်ဆောင်ရွက်ကြသည်။ မတ်ပဲစိုက်ပျိုးမည့်မြေသည် မြေသားနု၍ ရေမဝပ်သောမြေကို ကြိုက်နှစ်သက်သည်။ မြေဆီလွှာ၏အချဉ်အငန်ဓာတ် pH ၅.၀ မှ ၇.၀ အတွင်း မတ်ပဲစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေအချဉ်အငန်ဓာတ် pH ၄.၅ ထက်လျော့နည်းပါက အပင်ဖြစ်ထွန်းမှုအားနည်းနိုင်သည်။ ဆားပေါက်မြေ၊ ထုံးဓာတ်ကဲသည့်မြေမျိုးတို့တွင် မစိုက်ပျိုးသင့်ပါ။ ဆည်ရေသောက်ရှိသည့်ဒေသများတွင် ရေသွင်းစိုက်ပျိုးနိုင်သော်လည်း အများစုမှာ စပါးသီးနှံရိတ်သိမ်းပြီး ကျန်ရစ်သော မြေတွင်းအစိုဓာတ်ကိုအားကိုး၍ စိုက်ပျိုးရခြင်းဖြစ်သည်။ စပါးရိတ်သိမ်းချိန် နောက်ကျခြင်းနှင့် အကြောင်းကြောင်းကြောင့် အချိန်မီမစိုက်ပျိုးနိုင်ခဲ့လျှင် သတိပြုရန်မှာ ပန်းပွင့်ပြီးရင့်မှည့်ခါနီးအချိန်အထိ အစိုဓာတ်လုံလောက်စွာရရှိမှာသာလျှင် မတ်ပဲသီးနှံစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ အပူချိန်မြင့်မား၍ အစိုဓာတ်နည်းပါက လျင်မြန်စွာပန်းပွင့်ပြီး အသီးတင်နည်းခြင်း၊ အသီးအတောင့်ဖြစ်သော်လည်း အစေ့အဆန်မပါတတ်ခြင်း၊ ဖြစ်ထွန်းအောင်မြင်သော သီးတောင့်မှာလည်း အစေ့ပါဝင်မှုနည်းခြင်း၊ အလုံးသေးခြင်းများဖြစ်တတ်သည်။ အပင်ပေါက်စုံရန်အတွက် အစိုဓာတ်မီရန်၊ စိုက်ချိန်မှန်ရန်အရေးကြီးသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်အောက်ပိုင်း ဒေသများတွင် မတ်ပဲကို ဒီဇင်ဘာလလယ် နောက်ဆုံးထား၍စိုက်ပျိုးကြခြင်းဖြစ်သည်။
မျိုးရွေးချယ်ခြင်း
မတ်ပဲစိုက်ပျိုးရာ၌ တောင်သူအများဆုံး စိုက်ပျိုးလျက်ရှိသောမျိုးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထောက်ခံဖြန့်ဖြူးလျက်ရှိသည့် မျိုးကောင်းမျိုးသန့်များနှင့် ဒေသအထွက်ကောင်းမျိုးများကို စိုက်ပျိုးကြသည်။ မျိုးရွေးချယ်ရာ၌ အထွက်နှုန်းကောင်းမျိုးများရွေးချယ်ခြင်းအပြင် ရောဂါပိုးမွှားဖျက်ဆီးမှုများအနက် ယင်ဖြူပိုးနှင့် အဝါရောင်မိုဆစ်ဗိုင်းရပ်ရောဂါများကို ခံနိုင်ရည်ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်သည်။ မတ်ပဲမစိုက်ပျိုးမီ အပင်ပေါက်နှုန်းအားစမ်းသပ်ပြီး အပင်ပေါက်ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းနှင့်အထက်ရှိသောမျိုးများကို အသုံးပြုရန်လိုအပ်သည်။ မျိုးစေ့အသုံးပြုရမည့်နှုန်းထားမှာ အတန်းလိုက်စိုက်ခင်းတွင် တစ်ဧက ၆ ပြည်မှ ၈ ပြည်နှုန်း၊ ကြဲပက်စိုက်ခင်းတွင် တစ်ဧက ၁၂ ပြည်နှုန်းခန့် သုံးစွဲရန်လိုအပ်သည်။ မျိုးစေ့များကိုမစိုက်မီကြိုတင်ရေစိမ်ပြီး မူလအစေ့အတွင်း အစိုဓာတ်အခြေအနေရအောင် ပြန်လည်အခြောက်ခံပြီးမှ စိုက်ပျိုးခြင်းဖြင့် အပင်ပေါက်လျင်မြန်ခြင်း၊ အပင်ငယ်လျင်မြန်စွာကြီးထွားခြင်း၊ အပင်ငယ်အမြစ်ဖြစ်ထွန်းမှု လျင်မြန်ကောင်းမွန်ခြင်း၊ အထွက်နှုန်းတိုးစေခြင်း စသည့်ကောင်းကျိုးများကိုရရှိစေနိုင်သည်။ မိမိဒေသရှိ စိုက်ပျိုးရေရရှိနိုင်မှု၊ မြေအစိုဓာတ်ရရှိမှု အနေအထားအပေါ် မူတည်၍ စိုက်ပျိုးပုံနည်းစနစ်အမျိုးမျိုးကို အသုံးပြုကြသည်။ ရေလိုက်ကြဲစနစ်၊ ဓားခုတ်ဖုံးစနစ်၊ ထွန်ရေးဖြင့်စိုက်သောစနစ် (ထွန်ပဲစနစ်) စသည့်စိုက်ပျိုးနည်းစနစ်များကို အသုံးပြုစိုက်ပျိုးလေ့ရှိသည်။
မြေအနေအထားနှင့်ရေပေးဝေနည်း
ရေလိုက်ကြဲစနစ်သည် စပါးမရိတ်ခင် စပါးခင်းထဲကြဲပက်စိုက်ပျိုးခြင်းဖြစ်သည်။ စပါးစိုက်ခင်းအတွင်းရှိ သမန်းပြင်အခြေအနေသည် တစ်ရက်၊ နှစ်ရက်အတွင်းရေခန်းခြောက်မည့်အခြေအနေမှ သမန်းပြင်လုံးဝမတင်းခင် အချိန်ကာလကြားတွင် မျိုးစေ့ကိုအားထည့်၍ ပေါက်ကြဲရသည်။ သို့မှသာ မျိုးစေ့များ သမန်းအတွင်းသို့ အနည်းဆုံးအစေ့တစ်ဝက်ခန့် နက်ဝင်သွားကာ အစိုဓာတ်လုံလောက်စွာရရှိပြီး အပင်ပေါက်သေချာမည်ဖြစ်သည်။ ဓားခုတ်ဖုံးစနစ်သည် စပါးရိတ်ချိန်တွင် ရေများလွန်းသဖြင့် ရေလိုက်ကြဲရန်အခက်အခဲရှိသောအခါ စပါးရိတ်ပြီး ခြေနင်းခံလောက်မည့်အချိန် ပဲစေ့အပင်ပေါက်နိုင်သည့်စိုစွတ်နေချိန်တွင် ရိုးပြတ်ထဲသို့ မတ်ပဲစေ့ကိုကြဲချပြီး ရိုးပြတ်များကို ကိုင်းယမ်းဓားဖြင့် ခုတ်လှဲဖုံးအုပ်ပေးခြင်းဖြစ်သည်။
ရေလိုက်ကြဲစနစ်နှင့်ဓားခုတ်ဖုံးစနစ်များတွင် မတ်ပဲမျိုးစေ့နှုန်းကို တစ်ဧကလျှင် ၁၂ ပြည်ခန့်အထိ ပိုမိုကြဲပက်စိုက်ပျိုးရသည်။ ထွန်ရေးဖြင့်စိုက်သောစနစ်(ထွန်ပဲစနစ်)သည် ထယ်ဖြင့်တစ်စပ်နှံ့စပ်ရန် မြွေရိုးမကျန်အောင်ထယ်ထိုးပြီး ဓားကြမ်းတုံး(ဓားစက်)ဖြင့် နှစ်စပ်မောင်းပေးလျှင် ရိုးပြတ်များပြတ်ကာ ဖုံးပြီးဖြစ်၍ အစိုဓာတ်စိတ်ချရသောစိုက်ပျိုးမှုဖြစ်သည်။ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးခြင်းသည် ကြဲပက်စိုက်ပျိုးခြင်းထက် အထွက်နှုန်း ပိုမိုကောင်းမွန်စေသည်။
မတ်ပဲစိုက်ပျိုးသူများအနေဖြင့် မတ်ပဲသီးနှံပန်းတိုင်အထွက်နှုန်း တစ်ဧကတင်း ၂၀ ထွက်ရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုသိရှိထားရန် လိုအပ်သည်။ပထမအချက်အနေဖြင့် ကနဦးမြေယာပြုပြင်စဉ်က တစ်ဧကလျှင် နွားချေးသဘာဝမြေဩဇာတင်း ၁၀၀မှ တင်း ၁၅၀ နေရာနှံ့အောင်ချပါ။ နွားထယ် သို့မဟုတ် ထွန်စက်ကြီးထယ်တစ်စပ် သို့မဟုတ် နှစ်စပ်ထိုးပါ။
မြေခံမြေဩဇာယူရီးယား ၂၈ ပေါင်၊ တီဆူပါ ၇၄ ပေါင်၊ ပိုတက် ၅၆ ပေါင်ကို ရောမွှေကြဲပက်ပါ။ ထို့နောက် ထွန်ရေးသင့်တင့်စွာ ညက်အောင် ထွန်နှစ်စပ်မွှေပေးပါ။ ၎င်းနောက် မတ်ပဲမျိုးစေ့ချပြီး ကြမ်းတုံးရိုက်ပြီး စိုက်ပျိုးရသည်။ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းများကို မြေ၏အခြေအနေအပေါ်မူတည်၍ လိုအပ်သလို ဆောင်ရွက်ရမည်။ ဒုတိယအချက်အနေဖြင့် မျိုးစုဆောင်းရာတွင် စိုက်မည့်မျိုးအဖြစ် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထောက်ခံဖြန့်ဖြူး ဆောင်ရွက်လျက်ရှိသည့် ရေဆင်း(၂)၊ ရေဆင်း(၃)၊ ရေဆင်း(၄)၊ ရေဆင်း(၇)၊ ရေဆင်း(၁၁) စသည့်မျိုးကောင်းမျိုးသန့်များ သို့မဟုတ် မိမိဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနေသော မျိုးများရှိပါက မျိုးသန့်အဖြစ်ဆောင်ရွက်၍ မျိုးအဖြစ်စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးရန်လိုအပ်သည်။ တစ်ဧကရိတ်သိမ်းအပင် ၁၃၀၀၀၀ ရရှိရန် အတန်းလိုက်စိုက်ပါက တန်းကြား ၁၂ လက်မ၊ ပင်ကြား ၄ လက်မထားပြီး မျိုးစေ့နှုန်း ၆ ပြည်မှ ၈ ပြည်နှုန်းခန့်သုံးရန် လိုအပ်သည်။
တတိယအချက်အနေဖြင့် စိုက်ပျိုးခြင်း၊ အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်သည်။ မတ်ပဲမျိုးစေ့များကို နာရီဝက်ခန့်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေဩဇာတစ်ထုပ်နှင့် သမအောင်ရောမွှေစိုက်ပါ။ အပင်ညှိုးသေနှင့်အခြားရောဂါများ မကျရောက်အောင် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်၍ စိုက်ပျိုးပါ။ အတန်းလိုက်စိုက်ကြောင်းပေး မျိုးစေ့ချပြီး ကြမ်းပြန်အုပ်ပေးရမည်။
အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးအတွင်း မျိုးစေ့အတိမ်အနက် ၁ လက်မမှ ၂ လက်မအတွင်းရအောင်စိုက်ပျိုးရမည်။ စိုက်ပြီးလေးရက်ခန့်အကြာတွင် အပင်ပေါက်စုံ၍ အပင်ငယ်စဉ် ၁၅ ရက်သားအတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ခြင်း၊ ပိုးမွှားများကျရောက်ပါက ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးနှင့် မှိုရောဂါကျရောက်ပါက မှိုသတ်ဆေးတစ်မျိုးမျိုးကို တစ်ဧကသတ်မှတ်နှုန်းထားအတိုင်း ဖျန်းခြင်းများဆောင်ရွက်ရန်လိုအပ်သည်။
ပဲပင်များကြီးထွားသန်မာဖြစ်ထွန်းရန် N,P,K နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သောရွက်ဖျန်းမြေဩဇာတစ်မျိုးမျိုးကို ၁၅ ရက်ခြား၍ နှစ်ကြိမ်ပက်ဖျန်းပေးရန် လိုအပ်သည်။ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ထားပြီး စိုက်ပြီး ၃၅ ရက်ခန့် အသီးကိုင်းဖူးလေးများ စတင်နိုးကြားလာချိန်တွင် အစိုဓာတ်မပြတ်စေရန်၊ အာဟာရဓာတ်မချို့တဲ့စေရန်၊ ပိုးမွှားရောဂါမကျရောက်စေရန် ဂရုစိုက်ရန် လိုအပ်သည်။ ပန်းဖူးပေါ်ပြီး တစ်ပတ်ခန့်အကြာတွင် ပန်းများစတင်ပွင့်လာသည်။
၄၅ ရက်သားမှ ၆၀ ရက်သားအတွင်း ပန်းဖြိုင်ဖြိုင်ပွင့်၍ ပွင့်အားကောင်းအသီးတောင့်များရရှိစေရန် N,P,K အချိုးပါသောရွက်ဖျန်းမြေဩဇာတွင် ဖော့စဖောရပ်နှင့်ပိုတက်ဆီယမ် ရာခိုင်နှုန်းများသော အသီးအပွင့်ရွက်ဖျန်းမြေဩဇာကို ၁၅ ရက်ခြားနှစ်ကြိမ်ဖျန်းပေးပါ။ သို့မဟုတ် ရေတစ်ဂါလန်တွင် ယူရီးယား ၄ ဒသမ ၅ ဇွန်းနှင့်လက်ချားတစ်ဇွန်းရော၍တစ်ဧကလျှင် ဂါလန် ၂၀ ဖျန်းပါ။ အပင်သက်တမ်း ၆၀ မှ ၇၀ ရက်ခန့်ရှိလာချိန်တွင် တဖြည်းဖြည်း ပဲတောင့်အတွင်းပဲစေ့လေးများဖြစ်ပေါ်လာ၍ ပဲစေ့လေးများပြည့်တင်းကြီးထွားလာချိန် အစာချက်နှုန်းကောင်းရန်နှင့် အရွက်များစိမ်းစိုကျန်းမာစေရန်အတွက် အာဟာရနှင့်အစိုဓာတ်မပြတ် စေရန်အရေးကြီးသည်။ အစေ့အဆန်တည်ချိန် သီးလုံးဖောက်ပိုးနှင့်ထိပ်ပုပ် ရောဂါများကိုလည်းကောင်း၊ သီးနှံသက်တမ်းတစ်လျှောက်လုံး ပိုးမွှားရောဂါကျရောက်မှုများကို စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ရန်လိုအပ်သည်။ နောက်ဆုံးစတုတ္ထအချက်အနေဖြင့် ရိတ်သိမ်းခြင်းဆောင်ရွက်ရာ၌ စိုက်ပျိုးသောမျိုးနှင့်ပတ်ဝန်းကျင်ရာသီဥတု၊ ထိန်းသိမ်းစောင့်ရှောက်မှုများ အပေါ်မူတည်၍ အပင်သက်တမ်း ၇၅ ရက်မှ ရက် ၁၀၀ အတွင်း ရင့်မှည့်လေ့ရှိကြသည်။ အရွက်များဝါခြောက်ပြီး အတောင့်များ၏ ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း အညိုရောင်သို့ပြောင်းချိန်နှင့်အသီးတောင့်အတွင်း အစေ့မာချိန်၊ ခြောက်သွေ့ချိန်များတွင် ရိတ်သိမ်း၍ နေနှစ်ရက်မှသုံးရက်ခန့်လှန်း၍ ခြွေလှေ့သန့်စင်ပါ။ နေလှန်းပြီး အစိုဓာတ် ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းရှိချိန်တွင် သိုလှောင်နိုင်သည်။
အချုပ်အားဖြင့် မတ်ပဲသည် စိုက်ပျိုးရန်လွယ်ကူပြီး အခြားသီးနှံများထက် ရင်းနှီးမြှုပ်နှံမှုနည်းသော်လည်း အကျိုးအမြတ်များစွာရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။
မတ်ပဲသည် ပြည်တွင်းဈေးကွက်တွင်သာမက နိုင်ငံတကာဈေးကွက်တွင်ပါ ဝယ်လိုအားမြင့်မားပြီး နိုင်ငံခြားဝင်ငွေရရှိစေနိုင်သောသီးနှံလည်းဖြစ်သည်။ ထို့ပြင် မတ်ပဲစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို ပိုမိုကောင်းမွန်စေပြီး နောက်နှစ်တွင်အခြားသီးနှံများ စိုက်ပျိုးရာ၌ အထွက်နှုန်းပိုမိုကောင်းမွန်စေခြင်း၊ ဓာတ်မြေဩဇာများကို လျှော့ချသုံးစွဲနိုင်ခြင်းဖြင့် ဓာတ်မြေဩဇာကုန်ကျစရိတ်များကိုလည်း သက်သာစေနိုင်သည်။ ယခုအချိန်အခါတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးသည့်သီးနှံများ ထိခိုက်မှုရှိလာနိုင်ခြင်း၊ ဈေးကွက်အပြောင်းအလဲနှင့် ကုန်ကျစရိတ်များ မြင့်မားလာမှုများကြောင့် တောင်သူများ၏ဝင်ငွေ မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်သည်။ သို့ဖြစ်ပါ၍ သီးနှံများစိုက်ပျိုးရာ၌ မူလသီးနှံအပြင် သီးထပ်၊ သီးညှပ်များအနေဖြင့် မတ်ပဲသီးနှံကို စနစ်တကျစိုက်ပျိုးခြင်းအားဖြင့် တောင်သူများဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း မတ်ပဲသီးနှံတိုးချဲ့ စိုက်ပျိုးရေးကို အားပေးတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။
MWD
