နှမ်းရိုးများကို သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း

Posted_Date

Image

နှမ်းရိုးများကို သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း

Body

ယခုအချိန်သည် မိုးကြိုစိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေကြပြီး လာမည့်မိုးရာသီစိုက်ခင်းအတွက်   ကြိုတင်ပြင်ဆင်  ဟန်ရေးပြင်နေကြသော အချိန်အခါဖြစ်သည်။   မိမိဝမ်းစာအရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတစ်ဆင့်မြင့်  ထပ်ဆင့်ထုတ်ကုန်ထုတ်လုပ်ရေး၊ နိုင်ငံခြားသို့တင်ပို့ရောင်းချရေး စသော အရေးပေါင်းများစွာ ရည်ရွယ်မှုပေါင်းအစုံစုံဖြင့် သီးနှံမျိုးစုံကို စိုက်ပျိုးကြဦးမည်ဖြစ်သည်။ နှစ်စဉ်မပျက်စိုက်ပျိုးခဲ့သော မြေဆီလွှာကို အပင်အာဟာရဖြည့်တင်းရေးမှာ ဂရုတစိုက်ပြုမူရသော လုပ်ငန်းတစ်ရပ်အဖြစ်  ပါဝင်နေသည်။   

စိုက်ခင်း၏မြေဆီလွှာသည် စိုက်ပျိုးသောသီးနှံပင်မှ လိုအပ်သော အပင်အာဟာရဓာတ်များကို စုပ်ယူစားသုံး၍ သီးနှံပင်အထွက်နှုန်းရရှိရေးအတွက် အသုံးပြုကြသည်။  မြေထဲတွင်ရှိပြီး အာဟာရဓာတ်များနှင့် လူတို့ဖြည့်ဆည်းပေးလိုက်သော ဖြည့်စွက်အာဟာရဓာတ်များကို အပင်မှစုပ်ယူစားသုံးထားပြီး သီးနှံပင်ရိတ်သိမ်းလိုက်သောအချိန်တွင်  သီးနှံ၏ အစေ့အဆန်၊  အရွက်၊ ပင်စည်၊ အမြစ်၊ ဥ၊ အသီးအပွင့်၊ အကိုင်းအခက် အစိတ်အပိုင်းအသီးသီးတွင် ပါဝင်သွားသဖြင့် စိုက်ခင်းမြေတွင် အာဟာရဓာတ်များ ဆုံးရှုံးသွားရသည်။   

ကောက်ရိုး၊  ပဲရိုး၊ နှမ်းရိုး၊  ပြောင်းရိုး၊  ပြောင်းဖူးအူတိုင်၊  ဂျုံရိုး၊ ပဲခွံ၊  စပါးခွံ စသည့်သီးနှံပင်အကြွင်းအကျန်များနှင့် မွေးမြူရေး တိရစ္ဆာန်မစင်များ  စသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများမှထွက်ပေါ်လာသည့် ဘေးထွက်ပစ္စည်းများကို အဏုဇီဝပိုးများနှင့် ဆွေးမြည့်စေအောင်ပြုလုပ်ပြီး စိုက်ပျိုးသည့် သီးနှံပင်များက စားသုံးနိုင်သည့် အာဟာရဓာတ်များရရှိအောင်  ပြုပြင်ထုတ်လုပ်ခြင်းအား ဖြင့် သဘာဝမြေဩဇာကိုရရှိနိုင်သည်။ 

ထို့ပြင်  မြေဆီလွှာမှအာဟာရဓာတ်အမျိုးမျိုးသည်  မြေဆီလွှာကို လေနှင့်ရေတို့ဖြင့် တိုက်စားမှုကြောင့်လည်းကောင်း၊ မြေတွင်းအရည်တွင်   ပျော်ဝင်နေပြီး နေအပူချိန်၊ မြေတွင်းအပူရှိန်တို့ကြောင့် အငွေ့ပြန်ခြင်းဖြင့်လည်းကောင်း၊   မြေအောက်သို့    စိမ့်ဝင်ရေဖြင့်ရောပါသွားခြင်းဖြင့်လည်းကောင်း၊  မြေတွင်း၌ ဒြပ်စင်အချင်းချင်းပေါင်းစပ်ကာ    တည်ငြိမ်ဒြပ်ပေါင်းအဖြစ် ပြောင်းလဲတည်ရှိနေခြင်း ဖြင့်လည်းကောင်း၊  သီးနှံပင်အမြစ်များ ၎င်းအစိုဓာတ်အခြေအနေ ဓာတ်ပြောင်းလဲမှု သင့်တင့်မျှတနေသော အချိန်များတွင် စုပ်ယူစားသုံးကြခြင်းဖြင့်လည်းကောင်း လျော့ပါးပျောက်ကွယ်နေကြသည်။ အအေးပိုင်းသမပိုင်းရာသီရှိ မြေဆီလွှာများထက် အပူပိုင်းဒေသတွင်းရှိ မြေဆီလွှာများသည် မြေဆီလွှာအတွင်း   ဓာတ်ပြောင်းလဲမှုမြန်ဆန်ခြင်း၊ ရာသီဥတု အပြောင်းအလဲများခြင်းတို့၏ အကျိုးဆက်ကြောင့် ပိုမို၍ ဆုံးရှုံးမှုများပြီး မြေဆီလွှာကို ဂရုတစိုက်ပြုစုထိန်းသိမ်းမှုမရှိလျှင်    မသိမသာမြေဆီလွှာအရည်အသွေးယုတ်လျော့ပျက်စီးမှု  Soil Deteriorate ပို၍မြန်ဆန်ပြီး မြေဆီလွှာပျက်စီးမှုများကြုံတွေ့ရသည်။ 

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နှမ်းသီးနှံကို အများဆုံးစိုက်ပျိုးကြသည်။   နှမ်းသီးနှံကို ရိတ်သိမ်းခြွေလှေ့ပြီးသောအခါ ကျန်ရှိသည့် နှမ်းရိုးများကို ထိုဒေသရှိတောင်သူများသည် မီးဖိုချောင်ထင်းမီး၊   ထန်းလျက်ကျိုထင်းမီးအဖြစ်    အသုံးပြုလေ့ရှိကြသည်။  မည်သို့မှအသုံးမပြုဘဲ ကွင်းထဲပစ်ထားသည်လည်းရှိသည်။   တချို့ဒေသများတွင် နှမ်းရိုးတွင် အာဟာရဓာတ်များစွာ ပါဝင်သည်ကိုသိကြ၍ နှမ်းရိုးကိုမီးရှို့ပြီး ရလာသောပြာများကို   စိုက်ခင်းထဲသို့ ပြန်လည်ဖြန့်ချလေ့ရှိကြသည်။   သို့သော်မီးရှို့၍ရလာသောပြာများကို အသုံးပြုခြင်းမှာ ပါဝင်နေသည့် အခြားအာဟာရဓာတ်များ ဆုံးရှုံးသွားစေသောကြောင့် အသုံးပြုမှုမှားယွင်းနေသည်။ 

မြန်မာနိုင်ငံတွင်  ဆီထွက်သီးနှံများအနက်  နှမ်းသီးနှံစိုက်ပျိုးမှုသည်  ဧကအများဆုံးဖြစ်သည်။   ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်စားသုံးသည်သာမက မြန်မာ့ရိုးရာမုန့်များ၊  လက်ဖက်သုပ်စုံများတွင် ထည့်သွင်းအသုံးပြုခြင်း၊  နှမ်းထမနဲ၊  နှမ်းပျစ်၊ နှမ်းယို၊  နှမ်းမုန့်ကြော်၊  နှမ်းပဆုပ်၊ နှမ်းထောင်း၊  နှမ်းဖတ်ချဉ်များအဖြစ်လည်း စားသုံးကြသည်။ ယခုအခါ ဆီအဖြစ်စားသုံးမှုနည်းသွားပြီး ဓာတုဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများ၊ အလှကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုလာကြပြီဖြစ်သည်။  ထို့ကြောင့် နှမ်းသီးနှံသည်  အရေးပါလာသောသီးနှံတစ်မျိုးဖြစ်လာသည်။      ကမ္ဘာ့နှမ်းစိုက်ပျိုးထုတ်လုပ်မှုကိုကြည့်လျှင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။  နိုင်ငံ၏ ရာသီဥတုအခြေအနေ ရေမြေသဘာဝတည်ရှိနေမှုအရ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နှမ်းစိုက်ပျိုးထုတ်လုပ်မှုအတွက် သင့်လျော်သော ပတ်ဝန်းကျင်သဘာဝကြီးကို ပိုင်ဆိုင်ထားသည်။ 

နှမ်းစိုက်ခင်းတွင်  သီးနှံများစိုက်ပျိုးထုတ်လုပ်ရာ၌ ရိတ်သိမ်းခြွေလှေ့သည့်လုပ်ငန်းစဉ်တွင်   သီးနှံများ၏အပင်အကြွင်းအကျန်များ၊ ရိုးပြတ်များ၊ အဖျင်းအမှော်များ၊ သီးတောင့်/အစေ့များ၏အခွံများထွက်ရှိသည်။  ၎င်းတို့ကို စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်ပြုပြင်အကျိုးရှိအောင်အသုံးပြုနိုင်ပါသော်လည်း တောင်သူအများစုမှာ ဂရုတစိုက်ပြန်လည်အသုံးပြုမှုအလွန်နည်းနေသည်။   စပါးသီးနှံတွင် ကောက်ရိုးကို   နွားစာအဖြစ်  အဓိကအသုံးပြုနေပြီး ပဲမျိုးစုံတွင် ပဲမှော်၊ ပဲပင်ရိုးပြတ်များကို တိရစ္ဆာန် အစားအစာအဖြစ် အသုံးပြုကြသည်။  စပါးခွံကို မြေပြုပြင်ရာတွင်လည်းကောင်း၊ သဘာဝမြေဆွေး ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုသူအရေအတွက်မှာ လွန်စွာနည်းသည်။ 

အပူပိုင်းဒေသ နှမ်းစိုက်ဧရိယာများတွင် နှမ်းရိုးအကြွင်းအကျန်များကို  သဘာဝမြေဆွေးပြုလုပ် ပြန်လည်သုံးစွဲစေရန် တိုက်တွန်းလိုသည်။   နှမ်းအပင်အကြွင်းအကျန်များတွင် အပင်အတွက် မရှိမဖြစ်လိုအပ်သော အများလိုအာဟာရဓာတ်နိုက်ထရိုဂျင်၊ ဖော့စဖရတ်နှင့်ပိုတက်စီယမ်အရင်းအမြစ်များပါရှိတတ်ပြီး အနည်းလိုအာဟာရဓာတ် ဇင့်၊ သံဓာတ်၊ ကြေးနီဓာတ်၊ ဘိုရွန်ဓာတ်များပါရှိတတ်သည်။ 

ပါဝင်မှုပမာဏမှာ သီးနှံပင်၏အစိုအခြောက်အနေအထားအရ   ကွာခြားမှုရှိသည်။  နှမ်းစေ့ ၁၀၀၀  ကီလိုဂရမ်  ရိတ်သိမ်းသည့်အခါတိုင်း နှမ်းပင်၏ပင်စည်နှင့်အရွက်တို့တွင်  ဖော်ပြပါအာဟာရဓာတ်များပါရှိသွားတတ်၍    စိုက်ခင်းမြေသို့ ပြန်လည်ထည့်ပေးသင့်သည်။   

အဆိုပါနှမ်းရိုးများကို  စိုက်ခင်းတွင်ပြန်လည်အသုံးချခြင်းဖြင့် နှမ်း၏အပင်အကြွင်းအကျန်တို့တွင်   ပါရှိနေသောအာဟာရများ ပြန်လည်အသုံးချနိုင်မည် ဖြစ်သည်။  မြေဆီလွှာကျန်းမာရေးအတွက် သဘာဝကာဗွန်တိုးတက်စေသည်။ မြေဆီလွှာအာဟာရဓာတ်များ  မြင့်မားစေပြီး မြေဆီလွှာတည်ဆောက်မှု တိုးတက်စေသည်။   နှမ်းရိုးများကိုမီးရှို့ပစ်ခြင်းထက် ပြန်လည်ထည့်ပေးခြင်းက သီးနှံစဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို များစွာအထောက်အကူပြုသည်။   နှမ်းပင်အမြစ်၏ အတော်အသင့်မြေအောက်သို့ ထိုးဝင်ကြီးထွားမှုသဘာဝအရ မြေအောက်မှအာဟာရဓာတ်များကို   မြေအပေါ်သို့ ပြန်လည်ရောက်ရှိစေသည်။   အပင်စိုက်ပျိုးထားစဉ် မြေလွှာဖုံးအဖြစ်လည်း အသုံးပြုပေးနိုင်သဖြင့် မြေဆီလွှာမှ ရေငွေ့ပြန်မှု လျှော့ချနိုင်ခြင်း၊  မြေဆီလွှာတည်ဆောက်မှုကောင်းမွန်စေခြင်း၊  မြေပြင်အနေအထားကောင်း၍  ထွန်ယက်ပြုပြင်ရမှု လွယ်ကူစေခြင်း စသော အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။ 

ပညာရှင်   Langham (၂၀၂၀)   ၏ သုတေသနပြုတွေ့ရှိချက်များအရ မြေတစ်ဟက်တာတွင် နှမ်းစေ့ ၁၀၀၀ ကီလိုဂရမ်ရိတ်သိမ်းမှုတိုင်းတွင် ကျန်ရှိမည့်နှမ်းရိုး၌ နိုက်ထရိုဂျင်ဓာတ် ၆၀ ကီလိုဂရမ်၊  ဖော့စဖရတ်ဓာတ်  ၁၁  ကီလိုဂရမ်နှင့်  ပိုတက်စီယမ်ဓာတ် ၉၄ ကီလိုဂရမ်ပါဝင်နိုင်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် နှမ်းရွက်ကြွေများတွင် နိုက်ထရိုဂျင်ဓာတ်  ၁၆ ကီလိုဂရမ်၊ ဖော့စဖရတ်ဓာတ် ၂ ကီလိုဂရမ်နှင့် ပိုတက်စီယမ်ဓာတ် ၁၈ ကီလိုဂရမ်အထိ ပါဝင်ကြောင်း ဖော်ပြထားသည်။   ထို့ကြောင့် နှမ်းရိုး၊ နှမ်းမှော်အကြွင်းအကျန်များကို စိုက်ခင်းထဲသို့ ပြန်လည်အသုံးချခြင်းသည် အရေးပါသောလုပ်ငန်းတစ်ခုအဖြစ် စဉ်းစားသင့်ကြောင်း အကြံပြုထားခြင်းဖြစ်သည်။   သို့သော်လည်း အာဟာရဓာတ်ပါဝင်မှုမြင့်မားနေသော နှမ်းပင် အကြွင်းအကျန်များကို မြေထဲထည့်ပေးရာတွင် အပင်မှချက်ချင်းစားသုံးနိုင်သော   အာဟာရအခြေအနေကို ပြောင်းလဲပေးချိန် လိုအပ်သဖြင့် သက်တမ်းတိုကောက်နှံပင်များတွင် အသုံးပြုမည်ဆိုပါက ဆွေးမြည့်မှုကောင်းစေရန် ကြိုတင်ထည့်သွင်းပြုပြင်ပေးရန် လိုအပ်မည်။ 

သိပ္ပံပညာရှင် Wacal နှင့်အဖွဲ့၏ ၂၀၁၉ ခုနှစ်တွေ့ရှိချက်များအရ  နှမ်းသီးနှံကို နှစ်စဉ်ဆက်တိုက် တစ်သီးစား continuousmono-cropping ပုံစံဖြင့် စိုက်ခင်းမြေကို နှမ်းရိုး၊  နှမ်းမှော်အကြွင်းအကျန်များပြန်လည်ထည့်မပေးဘဲ စိုက်မည်ဆိုပါက ထိုနှမ်းစိုက်ခင်းသည် မြေဆီလွှာတွင် သဘာဝနိုက်ထရိုဂျင်ဓာတ်လျော့နည်းခြင်း၊ ကာဗွန်ပါဝင်မှုကျဆင်းခြင်းတို့နှင့်ဆက်စပ်ပြီး နှမ်းအထွက်နှုန်း ကျဆင်းသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။   

နှမ်းရိုး၊ နှမ်းမှော်များတွင်ပါဝင်သောအာဟာရဓာတ်များကိုလေ့လာလျှင် နှမ်းရိုး တစ်ကီလိုဂရမ်တွင် နိုက်ထရိုဂျင်စုစုပေါင်း ၂၄ ဒသမ ၅၃ မှ ၃၄ ဒသမ  ၅၅ ဂရမ်၊ ဖော့စဖရတ် ၄ ဒသမ  ၃ မှ ၅ ဒသမ ၂ ဂရမ်၊ ဆာလဖာဓာတ် ၄ ဒသမ  ၂ မှ ၉ ဒသမ ၆ ဂရမ်၊  ဇင့်ဓာတ် ၁၄ ဒသမ ၆ မှ ၂၃ ဂရမ်၊  သံဓာတ် ၉၄ ဒသမ ၇၈ မှ ၁၃၀ ဒသမ  ၂၃ ဂရမ်၊ ကော့ပါး (ကြေးနီ)ဓာတ် ၆ ဒသမ ၂ မှ ၁၇ ဂရမ်၊ ဘိုရွန်ဓာတ် ၉ ဒသမ  ၁၂ မှ ၁၀ ဒသမ ၆၇ ဂရမ်စသဖြင့် နှမ်းရိုး၏ အစိုအခြောက်အခြေအနေအရ ပါဝင်သောအာဟာရဓာတ်အနည်းအများကွာခြားသည်။ 

သုတေသနပြုလေ့လာချက်များအရ ယေဘုယျအားဖြင့် နှမ်းရိုးပြတ်များတွင် နိုက်ထရိုဂျင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊  ဖော့စဖရတ် သုည ဒသမ ၂၄ ရာခိုင်နှုန်း၊  ပိုတက်စီယမ် ၂ ဒသမ ၄၀ ရာခိုင်နှုန်းပါရှိသည်။  နှမ်းရိုးသည် အခေါင်းပွဖြစ်ပြီးဖော့သားကဲ့သို့ဖြစ်သောကြောင့် ဆွေးလွယ်သည်။   ပုံမှန်နှမ်းအထွက်နှုန်းရရှိသော နှမ်းစိုက်ခင်း  တစ်ဧကမှ နှမ်းပင်များကို နှမ်းပုံ၊  နှမ်းထောင်၊ နှမ်းခါပြီးနောက်ပိုင်း နှမ်းရိုးတစ်တန်မှ(တစ်တန်ခွဲ) အထိရရှိနိုင်သည်။   ထိုရရှိလာသောနှမ်းရိုးများကို သဘာဝမြေသြဇာအဖြစ်အသုံးပြုပါက စပါးတစ်ဧကစာအတွက် လိုအပ်သော ပိုတက်မြေသြဇာထည့်ပေးခြင်းနှင့်ညီမျှသည်။  ရေရှိသော စပါးစိုက်တန်းများကြားတွင် နှမ်းရိုးများကို လက်တစ်ဆုပ်အရွယ်စည်းနှောင်ပြီး   ခြေဖြင့်နင်း၍မြှုပ်ထားပါ။  ရေထဲမြုပ်နေသောနှမ်းရိုးတွင်ရှိသော ပိုတက်စီယမ်ဓာတ်သည် စပါးခင်းထဲသို့ရောက်ရှိသွားမည်။ ရေမြုပ်နေသော နှမ်းရိုးများမှာ သုံးရက်ခန့်ကြာလျှင် ပိုတက်စီယမ်အားလုံး၏ ၄၀ ရာခိုင်နှုန်းကို စပါးပင်မှရရှိနိုင်သည့်အပြင်     နိုက်ထရိုဂျင်နှင့်ဖော့စဖရတ်ဓာတ်များကိုပါရရှိနိုင်မည်ဖြစ်သည်။    ထို့ပြင် သစ်ဆွေးများဖြစ်သောကြောင့်    မြေကိုကောင်းမွန်စေသည်။   

နှမ်းရိုးကိုစပါးခင်းထဲသို့ထည့်ပြီး သဘာဝမြေသြဇာအဖြစ် အသုံးပြုပါက စပါးအထွက် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အထွက်တိုးကြောင်းသိရသည်။ 

စပါးကို နှစ်စဉ်ဆက်တိုက်စိုက်ပျိုးသော တချို့မြေများသည် စိမ့်ကိုင်မြေ၊  ဒုံပေါက်မြေဖြစ်တတ်သည်။   အဆိုပါမြေများကိုပြုပြင်ရာတွင် စပါးသီးနှံစိုက်ပျိုးခြင်းကို တစ်ရာသီလှပ်ထားပြီး    နှမ်းရိုးများကို စိုက်ခင်းထဲသို့ ညီညီညာညာဖြန့်ချထားရမည်။   အနည်းဆုံး နှစ်နှစ်ဆက်တိုက် နှမ်းရိုးများကို လယ်ကွက်ထဲသို့ ထည့်ပေးပါက မြေပြန်ကောင်းလာသည်ကို တွေ့ရသည်။   နှမ်းရိုးများကို မြေသြဇာအဖြစ်အသုံးပြုရန်အတွက် စိုက်ခင်းထဲသို့ထည့်ရာတွင် နှမ်းရိုးအပိုင်းအစများဖြစ်အောင် ခုတ်စဉ်းခြင်း၊ ခြွေလှေ့စက်ဖြင့် ခြွေလှေ့ပိုင်းဖြတ်ခြင်းများပြုလုပ်၍ စိုက်ခင်းထဲသို့    ညီညာစွာဖြန့်ထည့်ပေးနိုင်သည်။ 

ဤနည်းမှာ   ဆွေးမြည့်မှုကြာနိုင်ပြီး မိုးရွာလျှင်သော်လည်းကောင်း အစိုဓာတ်ရှိနေလျှင်သော်လည်းကောင်း ဆွေးမြည့်လွယ်သည်။   ထို့ပြင် ကုန်ကျစရိတ် (ခုတ်စဉ်းခ၊  ခြွေလှေ့ခ)  များနိုင်သည်။ 

ဒုတိယနည်းမှာ နှမ်းရိုးကို မြေဆွေးပုံပြုလုပ်ပြီးမှ စိုက်ခင်းထဲသို့ထည့်ပေးသောနည်းဖြစ်သည်။ နှမ်းရိုးနှင့်အတူ နွားချေးဆွေးအမှုန့်၊  မီးဖိုပြာ၊  ဖွဲနု၊ သကာရည်၊  ပဲဖတ်၊  နှမ်းဖတ်၊ စပါးခွံ၊ ဆန်ကွဲ၊ အီးအမ်များနှင့်ရောနှော၍ မြေဆွေးပုံပြုလုပ်ခြင်းဖြစ်သည်။   နှမ်းရိုးကိုမြေဆွေးပုံပြုလုပ်ပြီးမှ စိုက်ခင်းထဲသို့ဖြန့်၍ ထည့်ခြင်းကို ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာအနီးအနားရွာများတွင် အသုံးပြုလေ့ရှိသည်ကို တွေ့ရှိခဲ့သည်။  နှမ်းရိုးမြေသြဇာအကျိုးရှိကြောင်း သိရှိကြသောကြောင့် ထိုနယ်တစ်ဝိုက်တွင်   နှစ်စဉ်နှမ်းရိုးမြေဆွေးပုံ ၁၅၀-၂၀၀ ခန့် တောင်သူများကိုယ်တိုင်ပြုလုပ်အသုံးပြုနေကြပြီဖြစ်သည်။  ထိုဒေသတွင် နှမ်းရိုးကိုခြွေလှေ့စက်ဖြင့် ခုတ်စဉ်းပါက  ခြွေလှေ့ခအတွက် ကုန်ကျစရိတ်များသဖြင့်  ကုန်ကျစရိတ်သက်သာသောနည်းကိုအသုံးပြုကြသည်။   ထိုနည်းမှာ နှမ်းရိုးများအပေါ် ဂွန်ဒေါင်းစက်ဖြင့် ၃-၄ ကြိမ်ခန့်တက်မောင်းလိုက်သောအခါ နှမ်းရိုးအပိုင်းအစများဖြစ်ကုန်သည်။  ရရှိလာသောနှမ်းရိုးအပိုင်းအစများကို အထက်ပါပစ္စည်းများနှင့်ရောနှော၍ မြေဆွေးပုံပြုလုပ်သည်။  နှစ်လခန့်ကြာသောအခါ မြေဆွေးအဖြစ်အသုံးပြုနိုင်ပြီဖြစ်သည်။ 

နှမ်းရိုးဖြင့်သဘာဝမြေဩဇာပြုလုပ်ပုံ

အဆင့်ဆင့်မှာ  နှမ်းရိုးများနှင့်တိရစ္ဆာန်အညစ်အကြေးများကို  အလွှာလိုက်စုပုံရမည်။ ထိုသို့စုပုံရာ၌စုပုံရမည့်အလွှာထပ်များအား   သဘာဝမြေဆွေးပုံသည့်အတိုင်း  အခြေခံအားဖြင့်စုပုံနိုင်သည်။ 

ပထမအလွှာတွင် နှမ်းသီးနှံပင် အရိုးအရွက်ခြောက်များကို ၈-၁၀ လက်မခန့်အထူရသည်အထိဖြန့်ခင်းရသည်။  ဆွေးမြည့်စေရန်အကူပစ္စည်းများအဖြစ် နုန်းမြေမှုန့်၊ နွားချေးနှင့်ပြာမှုန့်များကို ရေတွင်ပျစ်ပျစ်ဖျော်၍ အပုံပေါ်သို့   ပက်ဖျန်းပေးရမည်။ 

ဒုတိယအလွှာတွင် စိမ်းစိုသောပေါင်းမြက်များ၊ အရွက်များ၊ ပင်စည်များ၊ သစ်သီးပုပ်များ၊ အပင်ကြီးများမှ အကိုင်း၊ အခက်၊ အရွက်များကိုဓားဖြင့်စဉ်း၍အသုံးပြုနိုင်သည်။  အလွှာ၏ထုမှာ ၈ လက်မမှ ၁၀ လက်မအထိရှိရမည်။  ထိုအလွှာပေါ်တွင် ရေလောင်းရန်မလိုပါ။   တတိယအလွှာတွင် နွားချေး၊   ကြက်ချေး၊  ဝက်ချေး စသည်များကို အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ နှစ်မျိုးစလုံးကို မြေကြီး၊ သစ်ဆွေးများနှင့်ရောနှော၍၂-၄ လက်မအထိရရှိအောင်ပြုလုပ်ပါ။   

အကယ်၍ တိရစ္ဆာန်အညစ်အကြေးအနည်းငယ်သာရရှိနိုင်ပါက ရေဖျော်၍ ၁/၂ လက်မထိရရှိအောင်လောင်းပေးပါ။ အလွှာများကို အစဉ်အတိုင်းတစ်ထပ်ပြီးတစ်ထပ်စုပုံပြီး ၃ ပေခွဲ ၄ ပေခန့်မြင့်သည်အထိ လိပ်ခုံးပုံသဏ္ဌာန်စုပုံရမည်။    နှမ်းရိုးမြေဆွေးပုံ၏အမြင့်သည် ၄ ပေခွဲကျော်ပါက အောက်ဆုံးလွှာရှိ  အဏုဇီဝများကောင်းစွာအလုပ်မလုပ်၍  ဆွေးမြည့်မှုနောက်ကျမည်ဖြစ်သည်။    နှမ်းရိုးမြေဆွေးပုံတွင်    လေဝင်လေထွက်ကောင်းမွန်စေရန်အတွက်     ဒေါင်လိုက်ဝါး သို့မဟုတ်   တုတ်များစိုက်ထားရမည်။ 

နှမ်းရိုးမြေဆွေးပုံအစိုဓာတ်ရရှိစေရန်နှင့်  တိရစ္ဆာန်များမဖျက်ဆီးနိုင်ရန်အတွက် အကာအကွယ်ပေးရန်  လိုအပ်သည်။ 

မြေဆွေးပုံကို မိုးရေများစိမ့်မဝင်စေရန်နှင့် အပူဓာတ်ထိန်းသိမ်းရန်ရွှံ့စေး သို့မဟုတ်ပလတ်စတစ်ဖြင့်ဖုံးအုပ်ထားပါ။  မြေဆွေးပုံမပျက်စီးစေရန်   အောက်ခြေတွင် ကျောက်တုံးများစီခြင်း သို့မဟုတ် အကာအရံပြုလုပ်ခြင်းဆောင်ရွက်ပါ။  နှမ်းရိုးမြေဆွေးပုံ၏ အလယ်သားများဆွေးမြည့်လာပါက  အပုံကို  အထက်အောက်လှန်ပေးပြီး    ရေအနည်းငယ်ဖျန်းပေးပါ။ ယခင်မြေဆွေးပုံအမြင့်၏ တစ်ဝက်ခန့်ရှိ၍ အတွင်းသားအရောင်ညိုမဲကာ အနံ့ဆိုးများ ပျောက်သွားပါက သဘာဝမြေဩဇာအဖြစ် သုံးစွဲနိုင်ပြီဖြစ်သည်။ 

သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့်  ရရှိသည့်အကျိုးကျေးဇူးများမှာ မြေဆီလွှာကောင်းမွန်ထက်သန်စေရန် လိုအပ်သောသစ် ဆွေးဓာတ်များကိုပေးနိုင်ခြင်း၊ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိ ပိုမိုကောင်းမွန်စေခြင်း၊  စေးသောမြေကိုဖွယ်စေ၍ ဖွယ်သောမြေကို စေးစေခြင်း၊  မြေဆီလွှာအတွင်း အစိုဓာတ်ကိုပိုမိုထိန်းသိမ်းထားနိုင်ခြင်း၊ မြေ၏အချဉ်အငန် (pH)ဓာတ်ကို ထိန်းညှိပေးခြင်း၊ မြေတွင်းအဆိပ်အတောက်များကိုဓာတ်ပြယ်စေခြင်း၊ အပင်အတွက်လိုအပ်သော အာဟာရ ဓာတ်များကို ဖြည်းဖြည်းနှင့် မှန်မှန်ပေးနိုင်ခြင်း၊ သီးနှံပင်အမြစ်များအတွက် လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ အပင်အတွက်အဓိက လိုအပ်သောအာဟာရ ဓာတ်အပြင် အနည်းလိုအာဟာရဓာတ်များပါ  ပါဝင်သဖြင့် အရည်အသွေးပြည့်ဝသော သီးနှံများ ထုတ်လုပ်နိုင်ခြင်း၊ ပမာဏများများထည့်သွင်းသော်လည်း  အပင်များအား မြေဩဇာလောင်မှုမဖြစ်ပေါ်ခြင်း၊  ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများထုတ်လုပ်နိုင်ခြင်း၊   သဘာဝမြေဩဇာကိုအသုံးပြုခြင်းကြောင့်  ပတ်ဝန်းကျင်ညစ်ညမ်းမှုများမဖြစ်ပေါ်ခြင်း၊  ဓာတ်မြေဩဇာဝယ်ယူရသည့်ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း အကျိုးရလဒ်များကိုရရှိနိုင်သည်။ 

ဆွေးမြည့်သွားသောနှမ်းရိုးတစ်တန်မှ အပင်အာဟာရဓာတ်သည် ပိုတက်စီယမ်ဓာတ်မြေဩဇာ ၃၅ ပေါင်၊  ယူရီးယားဓာတ်မြေဩဇာ ၂၅ ပေါင်၊  တီစူပါဓာတ်မြေဩဇာ ၅ ပေါင်နှင့်ညီမျှသည်ဟု   ဆိုသည်။  နှမ်းရိုးတွင် နိုက်ထရိုဂျင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊  ဖော့စဖရတ် သုည ဒသမ ၂၄ ရာခိုင်နှုန်း၊ ပိုတက် ၂ ဒသမ ၄ ရာခိုင်နှုန်း၊  သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်းနှင့် ကာဗွန်နိုက်ထရိုဂျင် (၃၇အချိုး ၁) ရှိကြောင်း သုတေသနပြုတွေ့ရှိထားသည်ဟုလည်း သိရသည်။ 

နှမ်းရိုးများကို မြေသြဇာအဖြစ်  အသုံးပြုပါက အာဟာရဓာတ်များလုံလောက်စွာရရှိခြင်း၊ ဓာတ်မြေသြဇာကုန်ကျစရိတ် လျှော့ချနိုင်ခြင်းနှင့်    မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။  ထို့ကြောင့် တောင်သူများအနေဖြင့် နှမ်းရိုးများကိုစွန့်ပစ်ခြင်း၊ မီးရှို့ခြင်းများမပြုလုပ်ဘဲ အာဟာရဓာတ်များစွာပါရှိသောနှမ်းရိုးများကို သဘာဝမြေသြဇာအဖြစ်  အကျိုးရှိအောင် မိမိစိုက်ခင်းတွင်ပြန်လည်အသုံးချသင့်ကြောင်း   အကြံပြုလိုက်ရပါသည်။       ။

MWD