တောင်သူအကျိုးများစေဖို့ ဆီထွက်နေကြာစိုက်ကြစို့

Posted_Date

Image

တောင်သူအကျိုးများစေဖို့ ဆီထွက်နေကြာစိုက်ကြစို့

Body

နေကြာဆီသည်  ကျန်းမာရေးနှင့်ညီညွတ်သော မပြည့်ဝဆီဖြစ်သည့်အတွက်  ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည်ကို တွေ့ရှိရသည်။ ဈေးကွက်အတွင်း ရောင်းချနေသော  နေကြာဆီများသည် ယေဘုယျအားဖြင့် နေကြာဆီအသစ်များ ပေါ်သည့်အချိန်တွင်သာ ဈေးနှုန်းအနည်းငယ် ကျဆင်းတတ်ပြီး  သာမန်အားဖြင့် နေကြာဆီ ၁ ပိဿာလျှင် ငွေကျပ် နှစ်သောင်းမှ နှစ်သောင်းခွဲဝန်းကျင်ခန့်အထိရှိကြောင်း တွေ့ရှိရသည်။ 

နေကြာဆီသည်ကိုလက်စထရော(Colestrol) ဓာတ်နည်းသဖြင့် ကျွန်တော်တို့ ကျန်းမာရေးအတွက် စားသုံးသင့်သော စားသုံးဆီဖြစ်ပါသည်။ အနောက်နိုင်ငံများတွင်   အများဆုံးစားသုံးသည့် စားသုံးဆီ (Edible Oil)လည်းဖြစ်ပါသည်။ နေကြာဆီနှင့်ကြော်လျှင်    ဆီလျော့နည်းမသွားဘဲ ကြာရှည်စွာကြော်လှော်နိုင်သဖြင့် အကြော်ခံဆီဟူ၍လည်း ခေါ်ဆိုကြပါသည်။ နေကြာဆီသည် မပြည့်ဝဆီဖြစ်ပြီး သင့်တင့်စွာစားသုံးခြင်းဖြင့်    ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့်  သွေးတွင်းအဆီဓာတ် (Highdensity lipoprotein- HDL)ကို မြင့်တက်စေနိုင်ပြီး မကောင်းသည့် အဆီဓာတ်(Low-density lipoprotein-LDL)ကို လျှော့ချပေးခြင်းဖြင့်    နှလုံးရောဂါနှင့်အမျိုးအစား(၂) ဆီးချိုရောဂါစသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်သည်။ နေကြာဆီသည် မှိုပါဝင်မှုမရှိခြင်း၊ အနံ့အရသာကောင်းမွန်ခြင်း၊ အကြော်ခံခြင်းတို့ကြောင့် ကျန်းမာရေးနှင့် အထူးသင့်လျော်သည့်   စားသုံးဆီအဖြစ် ဈေးကွက်တွင် လူကြိုက်များ ရေပန်းစားနေခြင်းဖြစ်ပါသည်။

ထိုသို့   လူကြိုက်များ ရေပန်းစားပြီး ဈေးကွက်ဝယ်လိုအားရှိကာ ဝင်ငွေကောင်းသော နေကြာဆီကို ပြည်တွင်း၌ ပိုမိုတိုးမြှင့် ထုတ်လုပ်ရန်အတွက် နေကြာအား ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးနိုင်ရန်လိုအပ်သည်။ 

ထို့ကြောင့်လည်း နေကြာနှင့်ပတ်သက်သည့် အချက်အလက်များကို လေ့လာကြည့်သည့်အခါ နေကြာသီးနှံသည် အအေးဒဏ်နှင့် အပူဒဏ်ကို အခြားအပင်များထက် ခံနိုင်ရည်ရှိသည့်အတွက်    ဒေသအမျိုးမျိုး၊ ရာသီဥတုအမျိုးမျိုးတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။  ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် ကမ္ဘာပေါ်တွင်   နေကြာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်သည်ကို တွေ့ရှိရသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် နေကြာသီးနှံကဲ့သို့ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအတွက်  လိုအပ်သော စားသုံးဆီများကို ပြည်တွင်း၌ ပြည့်ဝစွာထုတ်လုပ် သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။  နိုင်ငံ၏ ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သော စားသုံးဆီပမာဏကို လေ့လာကြည့်လျှင် လူတစ်ဦးတစ်နှစ်အတွက် စားသုံးဆီအား ၆ ပိဿာနှုန်းဖြင့် မူတည်တွက်ချက်ပါက လူဦးရေ ၅၁ သန်းကျော်အတွက်  ဆီတန်ချိန် ငါးသိန်းကျော်လိုအပ်ပါသည်။ လက်ရှိအချိန်အထိ ပြည်တွင်းတွင် စားသုံးဆီလုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပမှဝယ်ယူ တင်သွင်းနေရမှုကြောင့် စားသုံးဆီထုတ်လုပ်နိုင်သော မြေပဲ၊ နှမ်း၊ မုန်ညင်း၊ နေကြာ၊ ပဲပုပ်စသော သီးနှံများကို တိုးချဲ့စိုက်ပျိုးရေး  နိုင်ငံတော်အစိုးရမှလည်း အားပေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ နေကြာသည်    ဆီထွက်သီးနှံများတွင် စိုက်ပျိုးရသော မျိုးစေ့ပမာဏနှင့်ထွက်ရှိသော မျိုးစေ့ပမာဏကိုနှိုင်းယှဉ်ပါက အချိုးအစားမြင့်မားပြီး ဆီထွက်ရှိမှုရာခိုင်နှုန်း ပိုမိုများပြားသည့်အပြင် နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း စသည့်အားသာချက်များ ရှိသည့်အတွက် တိုးချဲ့စိုက်ပျိုးရန်    အထူးသင့်လျော်သော ဆီထွက်သီးနှံဖြစ်ပါသည်။ 

ဆီထွက်သီးနှံနေကြာသည်  သီးထပ်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်ပျိုးနိုင်သော အပင်ဖြစ်သည်။ လယ်မြေတွင် စပါးရိတ်သိမ်းအပြီးဖြစ်စေ၊ ယာမြေတွင် မိုးသီးနှံရိတ်သိမ်းအပြီးဖြစ်စေ၊ ကိုင်းကျွန်းမြေများတွင် ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။   မြန်မာနိုင်ငံတွင် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် နေကြာကို အဓိကထားစိုက်ပျိုးကြရာ မိုးနေကြာကို မေလမှ ဇွန်လအတွင်း စိုက်ပျိုးကြပြီး ဆောင်းနေကြာကို  မိုးနှောင်းရာသီ စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စိုက်ပျိုးကြသည်ကို တွေ့ရသည်။ မေလအတွင်းသို့ရောက်ရှိလာပြီဖြစ်သည့် ယခုအချိန်၌ နေကြာစိုက်ပျိုးရန်အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊  မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ခြင်းနှင့် သင့်လျော်သည့် မြေဩဇာများကို    ထည့်သွင်းအသုံးပြုခြင်း၊ စိုက်ပျိုးရေနှင့် အောင်ရေကိုဖူလုံစွာ ရရှိအသုံးပြုခြင်း၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိခြင်းနှင့် ခေတ်မီနည်းစနစ်များ အသုံးပြုခြင်းစသော မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို   စနစ်တကျအသုံးပြုဆောင်ရွက်ပါက   ဧကန်မုချဖြစ်ထွန်းအောင်မြင်မည်ဖြစ်ပါသည်။ 

ကျွန်တော်တို့နိုင်ငံတွင် စိုက်ပျိုးသင့်ကြောင်း သုတေသနပြုထုတ်ဝေထားသည့် အထွက်တိုး နေကြာမျိုးနှစ်မျိုးရှိပြီး ပထမတစ်မျိုးမှာ ရေဆင်းစပ်မျိုးနေကြာ−၁ ဖြစ်သည်။ သက်တမ်းရက် ၈၀ မှ ၈၅ ရက်ရှိသောမျိုးဖြစ်သည်။ အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်သည်။ အပင် အမြင့်မှာ ၄ ပေမှ ၄ ဒသမ ၅ ပေရှိပြီး ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာတွင် ကျရောက်တတ်သော နေကြာရွက်ခြောက် ရောဂါဒဏ်ကို  အသင့်အတင့် ခံနိုင်ရည်ရှိသည်။ အပွင့်အရွယ်အစားကြီးမား၍ အချင်း ၅ လက်မမှ ၉ လက်မခန့်ရှိသည်။ တစ်ပွင့်တွင် အောင်စေ့ ၅၀၀ မှ ၉၀၀ အထိပါရှိသည်။ အစေ့အရွယ်အစားကြီးမား၍ အစေ့ ၁၀၀၀ အလေးချိန်ဂရမ် ၄၅ မှ ၅၀ ရှိသည်။ ဆီပါဝင်မှုနှုန်းလည်းများပြီး ရာခိုင်နှုန်း အားဖြင့် ၄၈ ရာခိုင်နှုန်းမှ ၅၁ ရာခိုင်နှုန်းအထိပါဝင်သည်။ ပျားဖြင့်သော်လည်းကောင်း၊   လူဖြင့်သော်လည်းကောင်း     ဝတ်မှုန်ကူးပေးရန် မလိုအပ်ဘဲ တစ်ဧကအထွက်နှုန်း  ၅၅ တင်းမှ တင်း ၆၀ အထိ ရရှိနိုင်သောမျိုးဖြစ်ကြောင်း သိရှိရပါသည်။

ဒုတိယမျိုးမှာ ဆင်းရွှေကြာ−၂ ဖြစ်သည်။ အထွက်ကောင်းမျိုး(Open  Pollinated Variety-OPV) ဖြစ်ပြီးပွင့် အချင်း ၅ လက်မမှ ၈ လက်မရှိသည်။ တစ်ပွင့်တွင် အောင်စေ့ ၅၀၀ မှ ၈၀၀ ခန့်ပါရှိသည်။ အစေ့ ၁၀၀၀ အလေးချိန်ဂရမ် ၄၂ မှ ၄၅ ရှိသည်။ ဆီထွက်ရာခိုင်နှုန်း ၄၅ မှ ၄၈ ရာခိုင်နှုန်းအထိရှိသည်။ တစ်ဧကအထွက်နှုန်း ၂၅ တင်းမှ တင်း ၃၀ ထွက်နိုင်သောမျိုးဖြစ်ပြီး ဒေသမရွေးစိုက်ပျိုး ဖြစ်ထွန်းနိုင်ကြောင်း သိရှိရပါသည်။ အဆိုပါနေကြာမျိုးများသည်  သက်လျင်အထွက်ကောင်း မျိုးများဖြစ်သဖြင့် တန်ဖိုးကြီးလှသော မြေကြီးပေါ်တွင် သေချာရွေးချယ်စိုက်ပျိုးပါက မြေကြီးကရွှေသီး သကဲ့သို့    ကျေနပ်အားရစွာ တောင်သူကြီးတို့ပျော်ရွှင်ကြရမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။          

နေကြာကို မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့်   ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြသည်ကိုတွေ့ရှိရပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုရလျှင် ယခုနှစ်တွင် နေကြာစိုက်ဧက ၁ ဒသမ ၁ သန်းကျော်ရှိကြောင်း တွေ့ရသည်။ မြေမျက်နှာသွင်ပြင်နှင့် နယ်မြေဒေသ ရာသီဥတုအရ ဒေသတစ်ခုနှင့်တစ်ခု၏ တစ်ဧကအထွက်နှုန်းချင်း မတူညီဘဲ ရှမ်းပြည်နယ်တွင် တစ်ဧက ပျမ်းမျှအထွက်နှုန်း တင်း ၃၀ ကျော်ထွက်ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုလျှင် တစ်ဧက ပျမ်းမျှ  ၂၃ တင်း ဝန်းကျင်ထွက်ရှိကြောင်း တွေ့ရှိရသည်။ နေကြာတစ်တင်းအား ဆီကြိတ်ခွဲလျှင် ပျမ်းမျှအားဖြင့်   နေကြာဆီ ၂ ပိဿာခွဲမှ ၄ ပိဿာဝန်းကျင် ထွက်ရှိသဖြင့် ဒေသနှင့်ကိုက်ညီပြီး    ဆီထွက်နှုန်းကောင်းသော နေကြာမျိုးများကိုရွေးချယ်၍   ပိုမိုစိုက်ပျိုးပါက တောင်သူဦးကြီးများ၏  ဝင်ငွေတိုးတက်၍ နိုင်ငံတော်၏ စားသုံးဆီလိုအပ်ချက်ကို တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ 

နေကြာတစ်ဧက ထွန်ယက်စိုက်ပျိုးရန်အတွက် မျိုးစေ့ ၄ ပြည်မှ ၅ ပြည်ခန့်သာလိုအပ်သည်။   စတင်မြေယာထွန်ယက်ပြုပြင်ချိန်မှ ရိတ်သိမ်းပြီးချိန်အထိ စုစုပေါင်းကုန်ကျငွေမှာ နေရာဒေသအပေါ် မူတည်ပြီး အနည်းဆုံး  ငါးသိန်းမှ ခုနစ်သိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း တွေ့ရှိရသည်။ ပြန်လည်ရောင်းချပါက နေကြာတစ်တင်းလျှင်    ငွေကျပ် ခြောက်သောင်းကျော်မှ ရှစ်သောင်းဝန်းကျင်အထိ ဈေးကွက်ပေါက်ဈေးရရှိနိုင်သည့် အတွက် တစ်ဧကလျှင် နေကြာတင်း ၂၀ ခန့်ထွက်ရှိလျှင်ပင် အကျိုးအမြတ်အနေဖြင့် အနည်းဆုံး ငွေကျပ် ငါးသိန်းကျော်ကို  အကျိုးအမြတ်ရရှိနိုင်သည်ဖြစ်ရာ ဝင်ငွေရရှိရန် သေချာသောသီးနှံပင်ဖြစ်ပါသည်။

ယခုအခါတွင်   နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်သောအစိုးရကလည်း တောင်သူလယ်သမား ဦးကြီးများ၏     ဝင်ငွေတိုးတက်ရရှိစေရန်အတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေများကို တိုးမြှင့်ပေးအပ်လျက်ရှိရာ စပါး၊ ဂျုံနှင့်ချည်မျှင်ရှည်ဝါတို့အတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းခွဲနှင့် ပန်းနှမ်း၊  ဆီမုန်ညင်း၊ ဂုန်လျှော်တို့နှင့်ပတ်သက်၍ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲအထိ ပေးအပ်ရန် ဆောင်ရွက်လျက်ရှိပါသည်။ နေကြာကဲ့သို့သော ဆီထွက်သီးနှံစိုက်ပျိုးရေးကိုအားပေးမြှင့်တင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ယခင်ပေးအပ်လျက်ရှိသော တစ်ဧကလျှင် ငွေကျပ်တစ်သိန်းအစား ယခုကဲ့သို့ ငွေကျပ်နှစ်သိန်းခွဲအဖြစ် တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ နေကြာတစ်ဧက စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်တွင်အဓိကကျသော သွင်းအားစုများဖြစ်သည့် မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဝယ်ယူဖြည့်တင်းရန်အတွက် လုံလောက်သောပမာဏကို နိုင်ငံတော်မှ စိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးထားပြီး နေကြာစိုက် တောင်သူဦးကြီးများအနေဖြင့် လုပ်အားဝါယမစိုက်ထုတ်ကာ ဖိဖိစီးစီး ကြိုးစားဆောင်ရွက်မည်ဆိုပါက မလွဲမသွေအထွက်နှုန်း ကောင်းမွန်မည်ဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ဖြစ်သည့်  စားသုံးဆီများကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရသည့်အတွက်  နိုင်ငံခြားငွေ သုံးစွဲနေရသည့်အပြင် ဈေးနှုန်းကြီးမြင့်မှုများလည်း ဖြစ်ပေါ်လျက်ရှိပါသည်။ 

ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်နိုင်သည့်  ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ပါက စားသုံးဆီများ ပြည်ပမှတင်သွင်းမှုကိုလျှော့ချနိုင်ပြီး ပြည်တွင်းတွင်လည်း စားသုံးဆီများ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးနိုင်မည့်အပြင် ဈေးနှုန်းသက်သာစွာ  ဝယ်ယူစားသုံးနိုင်ကြမည်ဖြစ်ပါသည်။    စားသုံးဆီကုန်ကြမ်းများဖြစ်သည့်   မြေပဲ၊ နှမ်း၊ နေကြာ စသည်တို့ကို   ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ရန်လည်း လိုအပ်ပါသည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံသားများအားလုံး အလုပ်လုပ်ကြရန် လွန်စွာအရေးကြီးကြောင်း နိုင်ငံတော်သမ္မတကြီးမှလည်း တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတော်အစိုးရ၏  မူဝါဒမှာလည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုကို  အားပေးခြင်းဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝကိုမြင့်မားလာစေမည့်အပြင်ပြည်သူတစ်ရပ်လုံးကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ခံစားကြရမည်ဖြစ်ပါသည်။ ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် မြန်မာနိုင်ငံ၏ ရာသီဥတု၊ ရေ/မြေသဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ အထွက်နှုန်းကောင်းမွန်သည့်အပြင် ဆီထွက်ရှိမှုနှုန်းလည်း ကောင်းမွန်ခြင်းတို့ကြောင့်   ပြည်တွင်းဆီစားသုံးမှု ဖူလုံရန်အတွက်  တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံအမျိုးအစား တစ်မျိုးဖြစ်သည်။ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချပေးနိုင်သော သွင်းကုန်အစားထိုး သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့ ဆိုသည့်အတိုင်း ဆီထုတ်နေကြာကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် တောင်သူဦးကြီးများ၊ ဆီစက်ပိုင်ရှင်လုပ်ငန်းရှင်များအပြင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုတိုးတက်ရရှိစေနိုင်ပါသည်။ စားသုံးသူ  ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသင့်တင့်စွာ     ကျန်းမာရေးနှင့် ညီညွတ်သော  နေကြာဆီကို ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည့်အတွက် ပြည်တွင်း စားသုံးဆီသုံးစွဲမှု ဖူလုံရေးနှင့် စိုက်ပျိုးသူတောင်သူဦးကြီးများ အကျိုးစီးပွား တိုးတက်စေမည့်   ဆီထွက်နေကြာသီးနှံကို    တိုးချဲ့စိုက်ပျိုးကြပါစို့ဟု တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။       ။

MWD