ပြောင်းလဲနေသော ကမ္ဘာ့စနစ်အတွင်း မျက်မှောက်ခေတ် သံတမန် စွမ်းရည်များ

Posted_Date

Image

ပြောင်းလဲနေသော ကမ္ဘာ့စနစ်အတွင်း မျက်မှောက်ခေတ် သံတမန် စွမ်းရည်များ

Body

ယခုအခါ ကမ္ဘာသည် စစ်အေးတိုက်ပွဲအလွန် တည်ငြိမ်သည်ဟု ထင်ရသော ကာလမှ လွန်မြောက်လာခဲ့ ပါပြီ။ ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲသော ရှုပ်ထွေးမှုများနှင့် ဆက်စပ်နေသည့် အင်အားများ၏ ပွေလီ ထွေပြားမှုကို ရင်ဆိုင်နေရပါသည်။ အမေရိကန်ဦးဆောင်သော Unipolor ကမ္ဘာ့စနစ် ဆုတ်ယုတ်လာခြင်း နှင့်အတူ နေရာပြောင်းစစ်ပွဲများ၊ စီးပွားရေး တင်းမာမှုများ၊  ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အရေးပေါ် အခြေအနေများနှင့် ဒစ်ဂျစ်တယ် ခေတ်၏ စိန်ခေါ်မှုများက မျက်မှောက်ခေတ် သံတမန်ရေးရာကို ကောင်းစွာ ပုံဖော်နေသည်ကို တွေ့နေရပါသည်။  ဤကဲ့သို့သော အခြေအနေတွင် စာချုပ်တစ်စောင်ကို လက်မှတ်ရေးထိုးခြင်းထက် ပိုမိုကျယ်ပြန့်သော သံတမန်စွမ်းရည်များ လိုအပ်လာသလို ယခင်ခေတ် ကာလ လိုအပ်ချက်များထက် ပိုမိုစုံလင်စွာ တုံ့ပြန်ဖြေရှင်းနိုင်စွမ်းလည်း လိုအပ်လာပါသည်။

ပထမဦးစွာ  လေ့လာသုံးသပ်ခြင်း (Analysis) သည် မရှိမဖြစ်လိုအပ်လာပါသည်။ ယခင်က လူသိများသော အင်အားကြီးနိုင်ငံများ၏ ရိုးရှင်းသည့် သံတမန်ရေးရာ ဂိမ်းသီအိုရီထက် ယနေ့ သံတမန်တစ်ဦးသည် သတင်းအချက်အလက်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာနှင့် ဒီဂျစ်တယ်စီးပွားရေးတို့၏ လွှမ်းမိုးမှုကို နားလည်သဘောပေါက်ရပါမည်။ ဥပမာ ကြားခံများမှတစ်ဆင့် ဆက်သွယ်ရေးထက် တိုက်ရိုက် ပြည်သူ့ဆက်ဆံရေး (Public Diplomacy) သည် များစွာအရေးပါလာပါသည်။ လူထု၏ သဘောထားကို ပုံဖော်ရန် ဆိုရှယ်မီဒီယာကို ကျွမ်းကျင်စွာအသုံးချခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ စီမံခြင်း၊ သတင်းအချက်အလက်များ ဖြန့်ချိခြင်းဖြင့် နိုင်ငံ၏ဂုဏ်သတင်းကို မြှင့်တင်ခြင်းတို့ ပါဝင် ပါသည်။

ဒုတိယအချက်မှာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော ပြဿနာများ (Shared Problems) တွင် ပါဝင်ဖြေရှင်းနိုင်စွမ်းရည်ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲခြင်း၊ ကျန်းမာရေး ကပ်ရောဂါများ၊ ဆိုက်ဘာ လုံခြုံရေး စသည့် စိန်ခေါ်မှုများသည် နယ်စပ်များကို ကျော်လွန်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါသည်။ ဤနေရာတွင် သံတမန်တစ်ဦးသည် စာချုပ်ချုပ်ဆိုရသူထက် အစည်းအဝေးခန်းမတွင် ညှိနှိုင်းဆွေးနွေးနိုင်သော ညှိနှိုင်းသူ ဖြစ်လာရပါသည်။ အနာဂတ်မျိုးဆက်များ၏ ရေရှည်အကျိုးစီးပွားကို မျက်ခြေမပြတ်စေဘဲ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် သိမ်မွေ့မှုလိုအပ်ပါသည်။

တတိယမြောက် အရေးကြီးသော စွမ်းရည်မှာ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း (Adaptability) နှင့် သင်ယူ လိုစိတ်ဖြစ်ပါသည်။ နည်းပညာသည် သံတမန်ရေးရာလုပ်ငန်းစဉ်ကို အခြေခံမှပင် ပြောင်းလဲနေပါသည်။ ဒစ်ဂျစ်တယ်သံတမန်ရေးရာ (Digital Diplomacy) သည် မဖြစ်မနေလုပ်ဆောင်ရမည့် နယ်ပယ် ဖြစ်လာပြီး အချိန်နှင့်တစ်ပြေးညီ သတင်းအချက် အလက်များကို ခွဲခြမ်းစိတ်ဖြာကာ သက်ဆိုင်ရာနေရာ ဌာနများသို့ အမြန်ဆုံးပေးပို့နိုင်ရန် ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် သိရှိနားလည်မှုရှိရန် လိုအပ်ပါသည်။ ထို့အပြင်၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ လူမှုရေးပြဿနာများ အစရှိသည်တို့ကို နားလည်ရန် ပညာရပ် ဆိုင်ရာ အထောက်အကူလည်း လိုအပ်လာပါသည်။ ကျွမ်းကျင်ပညာရှင်များနှင့် ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်စွမ်းသည် အဖိုးမဖြတ်နိုင်သော အရည်အချင်းတစ်ရပ်ဖြစ်လာပါသည်။

နိဂုံးချုပ်အနေဖြင့် နှစ်ဆယ်ရာစု၏ အင်ပါယာကြီးများ ပြိုလဲပြီးသည့်နောက် ပေါ်ထွန်းလာသောရှုပ်ထွေးသည့် ကမ္ဘာ့စနစ်သစ်တွင် မျက်မှောက်ခေတ် သံတမန်သည် အရာရာ သိကျွမ်းသူပညာရှင် (Generalist) တစ်ဦးဖြစ်ရုံသာမက ကျွမ်းကျင်မှုရှိသော စေ့စပ်ညှိနှိုင်း ဆွေးနွေးသူ၊ အသိပညာမျှဝေသူ၊ ဒစ်ဂျစ်တယ်ခေတ် ဆက်သွယ်ဆောင်ရွက်ရသူနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သော စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းသူအဖြစ် ဆောင်ရွက်ရပါမည်။ လိုအပ်သည့် အဓိကစွမ်းရည်များမှာ နက်ရှိုင်းသော လေ့လာ သုံးသပ်နိုင်စွမ်း၊ ပွင့်လင်းသော ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း၊ မြင့်မားသော စိတ်ပါဝင်စားမှုဖြင့် သင်ယူနိုင်စွမ်းနှင့် စိတ်ရှည်သည်းခံနိုင်စွမ်း စသည်တို့ပင် ဖြစ်ပါသည်။ နိုင်ငံတကာ ဆက်ဆံရေး၏ အနာဂတ်သည် အဆိုပါစွမ်းရည်များကို ပိုင်ဆိုင်ထားသော သံတမန်များ၏ လက်ထဲတွင်ရှိပြီး ၎င်းတို့ သည်သာ စစ်မှန်သော နိုင်ငံတကာပြဿနာများကို ဖြေရှင်းသူများ ဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။