ရှောက်ချိုသီးစားခြင်းဖြင့်ရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူးများ
Posted_Date
Image
Body
ရှောက်ချိုသီးသည် ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီးတို့နှင့် မျိုးရင်းတူသည့် အသီးတစ်မျိုးဖြစ်ပြီး အစိမ်းရင့်ရင့်၊ အစိမ်းဖျော့ဖျော့နှင့် အဝါရောင်သန်းသည်အထိ အမျိုးမျိုးရှိသည်။ ရှောက်ချိုသီးသည် မျိုးရင်း Rutaceae နှင့် ရုက္ခဗေဒအမည် Citrus Limon (L.) Burm.f. ဖြစ်သည်။
ရှောက်ချိုသီးကို အကွင်းလိုက်လှီး၍ ဆားအနည်းငယ်နှင့် သကြားပါသည်ဆိုရုံထည့်၍ ငရုတ်သီးအရောင်တင်မှုန့်နှင့်စားရသည်ကို ကြိုက်နှစ်သက်သူများသကဲ့သို့ ဖျော်ရည်သောက်လျှင်လည်း ချိုချဉ်အရသာဖြင့် ခံတွင်းရှင်းစေသည်။ ဤကဲ့သို့စားကောင်းသောရှောက်ချိုသီး၏ ကျန်းမာရေးအတွက်ပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါသည်။
ရှောက်ချိုသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင်ပါဝင်သော အာဟာရဓာတ်များသည် နာတာရှည်ရောဂါ ဖြစ်ပွားနှုန်းတချို့ကို လျော့နည်းစေသောကြောင့် လတ်ဆတ်သောသစ်သီးများကို စားသုံးပေးသင့်သည်။
ရှောက်ချိုသီးဖျော်ရည်ကို ပုံမှန်သောက်ပေးခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတိုးခြင်းနှင့် ကိုလက်စထရောများခြင်းတို့ကို လျှော့ချပေးနိုင်သည်။
အစာခြေစနစ်ကိုကျန်းမာစေသောရှောက်ချိုသီး
ရှောက်ချိုသီးသည် အစာခြေစနစ်ကိုကျန်းမာစေရန် အကောင်းဆုံးထောက်ပံ့ပေးနိုင်သည်။ အစာခြေရည်ထွက်လာစေရန် လှုံ့ဆော်ပေးနိုင်ပြီး အူနံရံများကို အာဟာရများ စုပ်ယူမှုကောင်းစေရန် ထောက်ပံ့ပေးသကဲ့သို့ အစာခြေစနစ်တစ်လျှောက်တွင်ရှိသော အဆိပ်အတောက်များကို အထိရောက်ဆုံး ဖယ်ရှားပေးသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန် ဗိုက်ရစ်နာခြင်း၊ မအီမလည်ဖြစ်ခြင်းများကို သက်သာစေရန် ရှောက်ချိုသီးကို စားပေးသင့်သည်။
လည်ချောင်းနာခြင်းကိုကာကွယ်ပေးသော ရှောက်ချိုသီး
ရေနွေးထဲသို့ ရှောက်ချိုသီးအရည်ကို ညှစ်ထည့်ပြီး နေ့စဉ်အကြိမ်များစွာ ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေသည်။
ဆံသားကျန်းမာစေသောရှောက်ချိုသီး
ရှောက်ချိုသီးတွင် ဆံပင်အတွက် လိုအပ်သည့် ဗီတာမင်များ ကြွယ်ဝစွာပါဝင်မှုကြောင့် ဗောက်ပြဿနာ၊ ဆံသားခြောက်ခြင်းကဲ့သို့ ဦးရေပြားနှင့် ဆံသားပြဿနာများကင်းဝေးစေနိုင်ပြီး ဆံပင်နှစ်ခွဖြစ်ခြင်းကိုလည်း ထိရောက်စွာကာကွယ်ပေးနိုင်သည်။
ဗိုက်အောင့်ပျောက်စေသော ရှောက်ချိုသီး
ရှောက်ချိုသီးကိုပါးပါးလှီး၍ အခြောက်လှန်းပြီး အနည်းငယ်ကို လက်ဖက်ရည်ခွက် နှစ်ခွက်စာ ရေထဲထည့်ပြီး နာရီဝက်ခန့်ပြုတ်ကာ အရည်ကို တစ်နေ့နှစ်ကြိမ်သောက်ခြင်းဖြင့် ဗိုက်အောင့်ပျောက်စေနိုင်သည်။
နှင်းခူနာပျောက်စေသော ရှောက်ချိုသီး
နှင်းခူနာရှိသောနေရာအား ရှောက်ချိုသီးဖြင့်ပွတ်၍ ရှောက်ချိုသီးအရည်ကို အနာပေါ်ညှစ်ချပြီး တစ်နေ့လျှင် သုံးကြိမ်ခန့် လုပ်ဆောင်ပေးခြင်းဖြင့် နှင်းခူနာပျောက်ကင်းစေနိုင်သည်။
သွေးထွက်လွန်မှုကို ပျောက်ကင်းစေနိုင်သော ရှောက်ချိုသီး
ခန္ဓာကိုယ်၏ မည်သည့်နေရာ၌မဆို သွေးထွက်လွန်သော ဒဏ်ရာပေါ်သို့ ရှောက်ချိုသီးအရည်အစက် အနည်းငယ်ချပေးပါက ချက်ချင်းသွေးတိတ်သွားစေသည်။
ဂေါက်ရောဂါကို ကာကွယ်ပေးနိုင်သော ရှောက်ချိုသီး
ရှောက်ချိုသီးတွင် ဗီတာမင် -C ကြွယ်ဝသောကြောင့် ပြင်းထန်သောနာကျင်မှုဝေဒနာကိုဖြစ်စေသည့် ဂေါက်ရောဂါဖြစ်ပွားမှုအဆင့်ကိုလည်း လျှော့ချပေးနိုင်သည်။ ဂေါက်ရောဂါသည် အသက် ၄၀ ကျော်အရွယ်အမျိုးသားများတွင် အဖြစ်များလေ့ရှိပြီး ကိုယ်အလေးချိန်များသူများတွင် တွေ့ရှိရတတ်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ရန် သဘာဝသစ်သီးမှရရှိသော ဗီတာမင်-C သည် ဓာတုဗေဒ ဗီတာမင်-C ထက် ပိုမိုအာနိသင်ရှိစေသည့်အတွက် ရှောက်ချိုသီးကဲ့သို့ ဗီတာမင်-C ပါသော အစားအစာများကို စားသုံးသင့်သည်။
ဗီတာမင် C ချို့တဲ့မှုမဖြစ်အောင် ကာကွယ်ပေးသော ရှောက်ချိုသီး
ဗီတာမင်-C ချို့တဲ့လျှင် အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်းနှင့် သွားဖုံးများရောင်ခြင်း၊ ခံတွင်းနှင့်လျှာတွင် အနာဖြစ်ခြင်းများဖြစ်စေနိုင်သည်။ ထိုသို့သောဝေဒနာမျိုးကို ရှောက်ချိုသီးဖျော်ရည်သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။
ကိုယ်ခံအားကောင်းစေနိုင်သော ရှောက်ချိုသီး
ရှောက်ချိုသီးတွင် ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်များ ကြွယ်ဝသကဲ့သို့ ဗက်တီးရီးယားများကိုတိုက်ဖျက်၍ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည့် Flavonoids Limonin Glucoside ပါဝင်သောကြောင့် ကူးစက်ရောဂါများ၊ ခံတွင်းအနာများမဖြစ်စေရန်
ကာကွယ်ပေးသကဲ့သို့ သွေးလည်ပတ်စီးဆင်းမှုကောင်းပြီး ကိုယ်ခံအားကိုလည်း အကောင်းဆုံး အနေအထားဖြစ်အောင် လုပ်ဆောင်ပေးထားသည်။
ကိုယ်ဝန်ဆောင်ချိန်စားသင့်သော ရှောက်ချိုသီး
ကိုယ်ဝန်ဆောင်ချိန်တွင် ချိုချိုချဉ်ချဉ် စားချင်သကဲ့သို့ အစပ်စားချင်သလိုဖြစ်တတ်ကြသည်။ ဗီတာမင်-C နှင့်ရေဓာတ်ကြွယ်ဝပြီး အရသာချိုချဉ်နှင့် ခံတွင်းရှင်းစေသည့် ရှောက်ချိုသီးက ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးကိုပါ ကျန်းမာစေသည့် အသီးတစ်မျိုးဖြစ်သည်။
အရိုးများကိုသန်မာစေသော ရှောက်ချိုသီး
ရှောက်ချိုသီးတွင် ကယ်လ်စီယမ်နှင့် ပိုတက်ဆီယမ်ပါဝင်သောကြောင့် အရိုးများသန်မာစေရန် ထောက်ကူပေးပြီး ကလေးငယ်များ၏ အရိုးများသန်မာစေရန် လုံလောက်သည့်သတ္တုဓာတ်ကိုရရှိစေသည်။
သွေးလည်ပတ်မှုကောင်းစေသော ရှောက်ချိုသီး
ရှောက်ချိုသီးက ကိုယ်ဝန်ဆောင်မိခင်များအား သွေးလည်ပတ်မှုကောင်းစေရန် ကူညီပေးသကဲ့သို့ ပိုတက်ဆီယမ်ဓာတ် ပါဝင်သောကြောင့် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပြီးသားဖြစ်သွားစေသည်။
သွေးတွင်းသကြားဓာတ်ထိန်းညှိပေးသော ရှောက်ချိုသီး
ရှောက်ချိုသီးသည် အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်တွင် သွေးချိုမတက်စေရန် ထိန်းညှိပေးသကဲ့သို့ ဆီးချိုမဖြစ်စေရန်လည်း ကာကွယ်ပေးသည်။ သွေးတွင်းသကြားဓာတ်ကို လွန်ကဲစွာမြင့်တက်မှုမဖြစ်စေရန် ထိန်းညှိပေးသည်။
ဝမ်းချုပ်ခြင်းကိုသက်သာစေသော ရှောက်ချိုသီး
ရှောက်ချိုသီးတွင် အမျှင်ဓာတ်ကြွယ်ဝမှုသည် အစာခြေစနစ်ကိုကျန်းမာစေပြီး ကိုယ်ဝန်ဆောင်ချိန်တွင် အဖြစ်များသည့် ဝမ်းချုပ်ခြင်းမဖြစ်စေရန် ကာကွယ်ပေးသည်။ သံဓာတ်အားဖြည့်ဆေးများကြောင့် ဝမ်းချုပ်ခြင်းကိုလည်းသက်သာစေသည်။
ရေဓာတ်ပြည့်ဝစေသော ရှောက်ချိုသီး
ရှောက်ချိုသီးတွင် ရေဓာတ်ကြွယ်ဝပြီး ကိုယ်ဝန်ဆောင်မိခင်များ၏ ရေဓာတ်လိုအပ်ချက်ကို ထိရောက်စွာအားဖြည့်ပေးနိုင်သည်။ ရေမြွှာရည်ကိုတိုးစေပြီး သန္ဓေသားကိုလည်း ကျန်းမာစေသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကြွက်တက်မှုမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။
ရှောက်ချိုသီးတွင် ကြွယ်ဝစွာပါဝင်သော ဗီတာမင်-C ဖွဲ့စည်းမှု သဘာဝဓာတ်များသည် ဆီးချို၊ သွေးချိုကိုဖြစ်ပေါ်စေသော တစ်သျှူးပျက်စီးမှုကို ကာကွယ်နိုင်ပြီး သွေးတွင်းမြင့်တက်နေသော အချိုဓာတ်ကိုလည်း လျှော့ချပေးနိုင်သည်။ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါဖြစ်ပွားစေခြင်းတို့ကိုလည်း လျော့နည်းစေနိုင်သည်။ အဝလွန်သူများ ညစာစားပြီးတိုင်း ရှောက်ချိုသီးအရည်တစ်ခွက် နေ့စဉ်သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်သည်။ကိုယ်ဝန်ဆောင်မိခင်များ ရှောက်ချိုသီးစားခြင်းဖြင့် အရိုးများကိုသန်မာစေခြင်း၊ ခန္ဓာကိုယ်အပူချိန်ထိန်းပေးခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း၊ ဝမ်းချုပ်မှုကိုသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ရေဓာတ်ပြည့်ဝစေခြင်း၊ ကိုယ်တွင်းအဆိပ်အတောက်များဖယ်ရှားပေးခြင်းဟူသည့် ကျန်းမာရေးကောင်းကျိုးများကို ရရှိစေကြောင်း ရေးသားလိုက်ရပါသည်။
MWD
