ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတဲ့ရောဂါက စိုးရိမ်ရမလား

Posted_Date

Image

ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတဲ့ရောဂါက စိုးရိမ်ရမလား

Body

     ကမ္ဘာမှာပျံ့နှံ့မှုအများဆုံးနဲ့ လူအများဆုံး ခံစားနေရတဲ့ရောဂါက ဘာလဲဆိုရင် အီဘိုလာဗိုင်းရပ်လို သေစေနိုင်တဲ့ ကူးစက်ရောဂါတွေ မဟုတ်တော့ဘဲ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေဖြစ်လာနေပြီလို့ နာမည်ကြီး ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ရဲ့ လေ့လာမှုစာတမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဘီလီယံကျော်အထိ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရတယ်ဆိုတဲ့ အချက်က လူအများအပြားကို စိုးရိမ်စေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း  ကမ္ဘာတစ်ဝန်းရှိ   လူပေါင်း ၁ ဒသမ ၂ ဘီလီယံနီးပါးဟာ စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေကြရပြီး ဒီပမာဏဟာ ၁၉၉၀ ပြည့်နှစ်ကာလနဲ့နှိုင်းယှဉ်ရင် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။ သုတေသနပြုလုပ်သူတွေက စိတ်ရောဂါ ၁၂ မျိုးကို လေ့လာခဲ့ရာမှာ စိုးရိမ်ပူပန်မှုရောဂါနဲ့ စိတ်ကျရောဂါတို့ဟာ အမြန်ဆုံးတိုးလာတဲ့ရောဂါတွေဖြစ်ကြောင်း တွေ့ရှိပါတယ်။ စိုးရိမ်ပူပန်မှုရောဂါက ၁၅၈ ရာခိုင်နှုန်း၊ စိတ်ကျရောဂါက ၁၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယနေ့ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရှိရတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်လာနေပါတယ်။

သုတေသနပညာရှင်တွေလေ့လာခဲ့တဲ့ စိတ်ရောဂါတွေထဲမှာ စိုးရိမ်ပူပန်မှုရောဂါ၊ စိတ်ကျရောဂါ၊ ပြင်းထန်မှုမရှိတဲ့ရေရှည်စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ ထင်ယောင်ထင်မှားဖြစ်မှုရောဂါ၊ အော်တစ်ဇင်ရောဂါ၊ စိတ်မရှည်ရန်လိုရောဂါ၊ ADHD ရောဂါ၊ အစား အသောက်အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါ၊ ဉာဏ်ရည်အားနည်းသည့်ရောဂါနဲ့ တခြားစိတ်ရောဂါအမျိုးအစားတွေ ပါဝင်ပါတယ်။ ဒီရောဂါတွေထဲမှာ ADHD နဲ့ ဉာဏ်ရည်အားနည်းသည့် ရောဂါတွေဖြစ်ပွားမှုသာအနည်းငယ်လျော့ကျလာပြီး ကျန်ရှိတဲ့ရောဂါအများစုကတော့ ပိုမိုတိုးမြင့်လာနေပါတယ်။ သို့ပေမယ့်လည်း လူတိုင်းအပေါ် တူညီစွာ သက်ရောက်တာတော့မဟုတ်ပါဘူး။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျစိတ်ကြွရောဂါ၊ အစားအသောက် အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါတို့ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ အခြားတစ်ဖက်မှာ ADHD၊ အော်တစ်ဇင်ရောဂါနဲ့ စိတ်မရှည်ရန်လိုရောဂါတို့ကတော့ အမျိုးသားတွေမှာ ပိုများနေပါတယ်။

အသက်အရွယ်အလိုက်ကြည့်မယ်ဆိုရင် အသက်၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ လူငယ်တွေမှာ စိတ်ရောဂါဖြစ်ပွားမှုကို အများဆုံးတွေ့ရတယ်လို့ လေ့လာမှုကဖော်ပြထားပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက်အုပ်စုက စိတ်ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးအများဆုံး ခံနေရတဲ့ အုပ်စုဖြစ်လာတာလည်း ဖြစ်ပါတယ်။ ဒီသုတေသနကို နိုင်ငံနဲ့ဒေသ၂၀၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုက ပိုမိုပြင်းထန်နေပါတယ်။ ဥပမာ နယ်သာလန်နိုင်ငံမှာဆိုရင် လူဦးရေတစ်သိန်းမှာ စိတ်ရောဂါဖြစ်ပွားသူ ၃၅၅၅ ဦးအထိရှိနေပြီး ဗီယက်နမ်မှာတော့ ၁၃၀၂ ဦးခန့်သာရှိပါတယ်။ အလယ်အလတ်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့လူတစ်သိန်းမှာ ၁၈၅၃ ဦးဝန်းကျင်ရှိနေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ၂၁၈၄ ဦးခန့်ရှိနေပါတယ်။

ဘာကြောင့် စိတ်ရောဂါတွေ ဒီလောက်တိုးလာတာလဲဆိုတဲ့ မေးခွန်းကတော့ လူအများစိတ်ဝင်စားနေတဲ့ အချက်ဖြစ်ပါတယ်။ သုတေသနဦးဆောင်သူ ဒေါက်တာဒါမီယန်ဆန်တိုမော်ရိုက  စိတ်ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းအတွက် အကြောင်းရင်းတွေ များစွာရှိနေပြီး တစ်ခုချင်းစီခွဲထုတ်ဖို့ခက်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒေါက်တာရောဘတ်ထရက်စမန်းကတော့ အဓိကအကြောင်းရင်းတစ်ခုကို ထောက်ပြခဲ့ပါတယ်။ အဲဒါကလူ့အဖွဲ့အစည်းအနေနဲ့ စိတ်ရောဂါဖြစ်ပွားမှုအပေါ် အမြင်ဆိုးတွေလျော့နည်းလာတာကြောင့် လူတွေက အခုဆို ပိုမိုပွင့်လင်းလာကြပြီး တိတ်တဆိတ်ခံစားနေမယ့်အစား ဆေးကုသမှုရှာဖွေ လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လူတိုင်းက ဒီအမြင်ကို သဘောတူကြတာတော့မဟုတ်ပါဘူး။ တချို့ပညာရှင်တွေကတော့ စိတ်ရောဂါတွေကို လိုအပ်တာထက်ပိုပြီး ရောဂါအမည်တပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က စိတ်ကျန်းမာရေးလူနာ ၄ သန်းနီးပါးသာရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ၉ သန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါကရောဂါအမည်တပ်တာကို အလွန်အကျူးလုပ်နေတာကြောင့်ဖြစ်တယ်လို့ပြောနေရတာပါ။ ဗြိတိန်ဆရာဝန် ၇၅၀ ကို မေးမြန်းခဲ့ရာမှာ ၄၄၂ ယောက်က ဒီအမြင်ကို သဘောတူကြပြီး ၈၁ ယောက်ကသာ စိတ်ရောဂါတွေကို လုံလောက်အောင် ရောဂါအမည်မတပ်နိုင်သေးဘူး လို့ပြောကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဩစတြေးလျသုတေသီများက “concept creep” ဆိုတဲ့ အယူအဆကို ထောက်ပြခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ရောဂါတချို့ရဲ့ သတ်မှတ်ချက်တွေကို ပိုမိုချဲ့ထွင်ပြောင်းလဲလာတာကြောင့် ယခင်က ပုံမှန်လို့ယူဆတဲ့အပြုအမူတွေကို အခုတော့ ရောဂါအဖြစ် သတ်မှတ်လာကြတာဖြစ်ပါတယ်။ ဥပမာ ကျောင်းမှာ ဂနာမငြိမ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ၁၉၉၀ ခုနှစ်ကထက် ယနေ့ခေတ်မှာ ADHD လို့ ရောဂါအမည် တပ်နိုင်ခြေပိုများလာတာမျိုးပါ။

တစ်ဖက်မှာလည်း ဆေးဝါးကုမ္ပဏီကြီးတွေဟာ ဒီအခြေအနေကနေ အကျိုးအမြတ်များစွာ ရရှိနေကြပါတယ်။ ၁၉၈၀ ပြည့်နှစ်များကစပြီး ဆေးဝါးကုမ္ပဏီတွေဟာ အမေရိကန်စိတ်ကျန်းမာရေး အဖွဲ့အစည်းကိုဖိအားပေးကာ စိတ်ကျရောဂါကိုယာယီဖြစ်ပွားတဲ့ အခြေအနေမဟုတ်ဘဲ ရေရှည်ဆေးသောက်ရမယ့် ရောဂါတစ်ခုအဖြစ် ပြန်လည်သတ်မှတ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ထုတ်တဲ့ SSRI ဆေးတွေ အလုပ်ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ သုတေသနတွေကို ငွေကြေးထောက်ပံ့ပြီး ဆရာဝန်တွေကိုလည်း ဆေးညွှန်းပိုရေးပေးဖို့လှုံ့ဆော်ခဲ့ပါတယ်။ နောက်ပိုင်းသုတေသနတွေကတော့ အစောပိုင်း SSRI စမ်းသပ်မှုတချို့ကို ကုမ္ပဏီတွေကကြိုးကိုင်ခြယ်လှယ်ထားတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။GlaxoSmithKlineForest Laboratories နဲ့ Takeda တို့လို ကုမ္ပဏီတွေကဆရာဝန်တွေကို လက်ဆောင်ပေးပြီး လူနာတွေကို စိတ်ကျဆေးပိုပေးဖို့ ဆေးညွှန်းရေးခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရပါတယ်။

ဒါပေမဲ့ စိတ်ရောဂါတွေတိုးလာတာကို ဆေးဝါးကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရောဂါအမည်ပိုတပ်တာတို့နဲ့ချည်း မရှင်းပြနိုင်ဘူးလို့ တချို့ပညာရှင်များက ယူဆကြပါတယ်။ သူတို့အမြင်အရ ယနေ့ခေတ်လူနေမှုပုံစံကိုက လူတွေကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် လုပ်နေတယ်လို့ ဆိုထားပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် အဲလက်ကာမီက လူသားတွေဟာ အစကတည်းက အုပ်စုလိုက်နေထိုင်ဖို့ ဖွံ့ဖြိုးလာခဲ့ကြတာဖြစ်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့၊ ဘာသာရေးထုံးတမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ လူ့အသိုင်းအဝိုင်းတွေထဲမှာ အသက်ရှင်ဖို့ အဆင်ပြေတာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ လူတွေကမြို့ပြဘဝမှာအထီးကျန်ဆန်ဆန်နေထိုင်လာကြပြီး လှုပ်ရှားမှုနည်းလာတယ်၊ ဓာတုပစ္စည်းပါတဲ့ အစားအစာတွေစားလာတယ်၊ သတင်းဆိုးတွေ၊ အကြမ်းဖက်သတင်းတွေကို နေ့တိုင်းကြည့်နေရတယ်လို့ ရှင်းပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က"Depression as a disease of modernity" ဆိုတဲ့လေ့လာမှုမှာလည်း ယနေ့ခေတ်လူတွေဟာ အစာပိုစားပေမယ့် အာဟာရချို့တဲ့နေတယ်၊ လှုပ်ရှားမှုနည်းတယ်၊ နေရောင်မရဘူး၊ အိပ်ရေးပျက်နေတယ်၊ လူမှုဆက်ဆံရေး ကင်းကွာလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ GDP မြင့်လေလေ စိတ်ရောဂါဖြစ်နိုင်ခြေ ပိုများလေလေလို့လည်း ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ လော့ဒေါင်း၊အထီးကျန်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ရောဂါဖြစ်မှုနှုန်းတွေ အလွန်မြင့်တက်လာခဲ့တယ်လို့ The Lancet ရဲ့လေ့လာမှုကဖော်ပြထားပါတယ်။ ဒါ့အပြင် social media အသုံးပြုမှုဟာ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနဲ့ မူမမှန်တဲ့အစာစားခြင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်ဆိုတဲ့ သုတေသန၁၄၃ ခုကျော်ရှိနေပြီး အထူးသဖြင့် ဆယ်ကျော်သက်တွေမှာ အကျိုးသက်ရောက်မှုကြီးမားတယ်လို့ဆိုပါတယ်။ အမေရိကန်ရဲ့ သုတေသနတစ်ခုအရတစ်ရက်ကို social media သုံးနာရီကျော်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေနှစ်ဆအထိ   မြင့်တက်လာပါတယ်။ 

အမေရိကန်ဆယ်ကျော်သက်ထက်ဝက်နီးပါးက socialmedia ဟာ သူတို့ရဲ့စိတ်ကျန်းမာရေးကို အများအားဖြင့် မကောင်းတဲ့သက်ရောက်မှုပေးတယ်လို့ ယူဆကြ ပါတယ်။

ဒါဆို ဒီအခြေအနေတွေအပေါ်မှာ လူတွေစိုးရိမ်သင့်လားဆိုတဲ့မေးခွန်းတစ်ခုက နောက်ဆုံးကျန်နေပါတယ်။ အဖြေကတော့ အခြေအနေပေါ်မူတည်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုနှုန်းပိုမိုမြင့်မားနေပေမယ့် အဲဒီနိုင်ငံတွေက ဆေးဝါးကုမ္ပဏီတွေအတွက် အကြီးမားဆုံးဈေးကွက်တွေဖြစ်တာကြောင့် ရောဂါအမည်ပိုတပ်ခံရနိုင်တာ ရှိသလိုဆေးလွန်ကဲ သုံးစွဲရနိုင်ခြေလည်းရှိပါတယ်။ ဒါပေမဲ့တချို့ဖြေရှင်းနည်းတွေကတော့ ရှင်းပါတယ်။ ဖုန်းနဲ့ social media အသုံးပြုချိန်ကို ကန့်သတ်လိုက်တာ၊ အာဟာရပြည့်ဝအောင်စားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ လူမှုဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်တာ၊ တရားထိုင်တာ၊ ဆုတောင်းမေတ္တာပို့တာတွေဟာ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ သိပ္ပံနည်းကျအရသာမက လက်တွေ့မှာလည်း လက်သင့်ခံထားတဲ့အရာတွေဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။        ။

MWD