ဟော်မုဇ်ရေလက်ကြားပိတ်ရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
Posted_Date
Image
Body
ပါရှန်ပင်လယ်ကွေ့၏ ထွက်ပေါက်ဝသဖွယ် တည်ရှိနေသော ဟော်မုဇ် ရေလက်ကြား သည် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို ပြောင်းလဲပစ်နိုင်သည့် ပထဝီနိုင်ငံရေး အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ချေပြီ။ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီနှင့် ထိပ်တန်းခေါင်းဆောင်အချို့ ဆုံးရှုံးရ ပြီးနောက် ချက်ချင်းဆိုသလို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ကြောင်း ကြေညာလိုက်သလို ထိုခြိမ်းခြောက်မှုမှာ လက်တွေ့အဆင့်သို့ ကူးပြောင်းခဲ့ ပေပြီ။ ယခုရက်ပိုင်းမှာပင် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ ထောက်ပံ့မှုပြတ်တောက်ရန် ရှေ့ပြေး လက္ခဏာများကို နိုင်ငံအတော်များများက စတင်ခံစားနေရပြီ ဖြစ်ပါသည်။
ဟော်မုဇ်ရေလက်ကြား
ဟော်မုဇ်ရေလက်ကြားသည် အီရန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းနှင့် အိုမန်နိုင်ငံ မူဆန် ဒမ်ကျွန်းဆွယ်အကြား တည်ရှိပါသည်။ အရှေ့-အနောက် မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀)ခန့် ရှည် လျားပါသည်။ ရေလက်ကြား၏ အကျဉ်းဆုံးနေရာတွင် ၂၁ မိုင် (၃၃ ကီလိုမီတာ) သာ ကျယ်ဝန်း ပြီး သွားလာရေးလမ်းကြောင်းမှာ တစ်ဖက်လျှင် ၂ မိုင်စီခန့်သာ ရှိပါသည်။
ဤကဲ့သို့ကျဉ်းမြောင်းလှသော ရေပြင်သည် ကမ္ဘာ့ရေနံစိမ်း ကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် (တစ်နေ့လျှင် စည်ပေါင်း သန်း ၂၀ ခန့်) နှင့် ကမ္ဘာ့သဘာဝဓာတ်ငွေ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံ ခန့် ဖြတ်သန်းစီးဆင်းရာ စွမ်းအင်အတွက် အရေးပါဆုံး ပင်လယ်ရေကြောင်း လည်ချောင်းနေရာ (Chokepoint) ဖြစ်ပါသည်။ ဆော်ဒီအာရေဗျ၊ အီရတ်၊ ကူဝိတ်၊ ယူအေအီးနှင့် ကာတာနိုင်ငံ တို့သည် ၎င်းတို့၏ ရေနံနှင့် ဓာတ်ငွေ့တင်ပို့မှုအတွက် ထိုရေလမ်းကြောင်းကိုသာ အားကိုးနေ ရပါသည်။
ရေလက်ကြားပိတ်ရန် ဘာလို့အီရန်ကြေညာတာလဲ
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲစစ်ဆင်ရေးကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီနှင့် ထိပ်တန်းခေါင်းဆောင် အများအပြား သေဆုံးခဲ့ရပါသည်။ ထိုဖြစ်ရပ်ကို ချက်ချင်းလက်တုံ့ပြန်သည့်အနေဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးတန်းအကြံပေး အီဘရာဟင်ဂျဘာရီက မတ်လ ၁ ရက်တွင် ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားပြီဖြစ်ကြောင်းနှင့် ဖြတ်သန်းရန် ကြိုးစားသည့် မည်သည့်သင်္ဘောကိုမဆို မီးရှို့ဖျက်ဆီးပစ်မည် ဟု ကြေညာခဲ့ပါသည် ။ ရေလက်ကြားအတွင်းရှိ သင်္ဘောများသည် အီရန်ရေတပ်မှ ထုတ်လွှင့်သည့် ရေလက်ကြား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကြောင်း ရေဒီယို အသံလွှင့်ချက်ကို ကြားခဲ့ရပါသည်။
လတ်တလော ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှု
အီရန်အနေဖြင့် မတ်လ ၁ ရက်ကြေညာပြီးနေ့မှာပင် သင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့ပါသည်။ ပထမသင်္ဘောသည် အိုမန်ကမ်းလွန်တွင် အမည်မသိသော လက်နက်ထိမှန်ပြီး အင်ဂျင်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ဒုတိယသင်္ဘောသည် ယူအေအီးနိုင်ငံ၊ မီနာဆာကာ၏ အနောက်မြောက်ဘက် ၁၇ ရေမိုင်အကွာတွင် ဒုံးကျည်ထိမှန်ကာ မီးလောင်ခဲ့ပါသည်။ တတိယ သင်္ဘောမှာ ရှာဂျာမြို့၏ အနောက်ဘက် ၃၅ ရေမိုင်အကွာတွင် ၎င်းနှင့် အလွန်နီးကပ်သော နေရာ၌ ဒုံးကျည်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းစဉ် ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
ရေကြောင်းခြေရာခံဒေတာအချက်အလက်များအရ ရေနံတင်သင်္ဘော အစီးရေ ၂၀၀ ကျော်သည် ရေလက်ကြားတစ်ဝိုက်တွင် သောင်တင်နေပြီး ဗဟိုရေလမ်းကြောင်းပေါ်တွင် တစ်စီးမျှ မရှိတော့ပါ။
ကမ္ဘာတစ်ဝှမ်း စိုးရိမ်မှုများ
အီရန်၏ ဟော်မုဇ်ရေလက်ကြားပိတ်ရန် ကြေညာချက်က ကမ္ဘာ့ကုန်သွယ်ရေးကို ချက်ချင်း လှိုင်းခတ်သွားစေပါသည်။ ING Group မှ ဝါရင့်စီးပွားရေးပညာရှင် Rico Luman က ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက်များ အပြင်းထန်ဆုံး ထိခိုက်မည်ဖြစ်ပြီး သင်္ဘောတင်ခနှင့် စစ်ဘေးအာမခံကြေးများ အမြင့်ဆုံးတက်ရောက်လာမည်ဟု သုံးသပ်ခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းကြီးများဖြစ်သည့် Maersk အပါအဝင် ကုမ္ပဏီများသည် ဒေသတွင်းမှ အပြီးတိုင်ထွက်ခွာခြင်း သို့မဟုတ် အာဖရိကတိုက်တောင်ဘက်စွန်းကို ပတ်မောင်းခြင်းဖြင့် လမ်းကြောင်းပြောင်းနေကြပါသည်။ ဂျေပီမော်ဂန်၏ မတ် ၁ ရက်က အစီရင်ခံစာတစ်ခုတွင် လေ့လာသုံးသပ်သူများက ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ပါက အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သူများအနေဖြင့် ရက်ပေါင်း ၂၅ ရက်ထက် မပိုသောကာလအထိသာ ထုတ်လုပ် နိုင်မည်ဟု သတိပေးထားပါသည်။
၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် နယူးယောက် ကုန်စည်ဒိုင်၌ ဧပြီလပို့ဆောင်မှုအတွက် Light Sweet Crude Oil အနာဂတ်ဈေးကွက်မှာ ၁၂.၄ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည် လျှင် ဒေါ်လာ ၇၅.၃၃ သို့ ရောက်ရှိခဲ့ပါသည်။ လန်ဒန် ICE ဈေးကွက်တွင် မေလပို့ဆောင်မှုအတွက် ဘရန့်ရေနံစိမ်းဈေးကွက်မှာ ၁၃ ရာခိုင်နှုန်းမြင့်တက်ကာ တစ်စည်လျှင် ဒေါ်လာ ၈၂.၃၇ သို့ ရောက်ရှိခဲ့ပါသည်။ ပဋိပက္ခဆက်လက်ဖြစ်ပွားပါက ရေနံဈေးနှုန်းများ တစ်စည်လျှင် ဒေါ်လာ ၁၅၀ အထိ ခုန်တက်သွားနိုင်သည်ဟု လေ့လာသုံးသပ်သူများက သတိပေးထားကြပါသည်။
ရေလက်ကြားပိတ်လိုက်သည့်ဂယက်ကြောင့် မြေထဲပင်လယ်သင်္ဘောကုမ္ပဏီ (MSC)၊ Maersk ၊ CMA CGM နှင့် ဂျာမနီနိုင်ငံ၏ Hapag-Lloyd AG အပါအဝင် သင်္ဘောလုပ်ငန်းကြီးများသည် သင်္ဘောများကို ဘေးကင်းရာ ဆိပ်ကမ်းများသို့ လမ်းကြောင်းလွှဲပြောင်းစေခြင်း၊ ကြိုတင်အမှာစာသစ်များ ရပ်ဆိုင်းပစ်ခြင်းနှင့် ခရီးစဉ်အချိန်ဇယားများပြောင်းလဲခြင်းတို့ ပြုလုပ် နေကြသောကြောင့် ကုန်စည်ပို့ဆောင်ခနှင့် အာမခံစရိတ်များလည်း မြင့်တက်လျက်ရှိပါသည်။
ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်နိုင်မလား
စစ်ဖက်ဆိုင်ရာသုံးသပ်ချက်များအရ အီရန်သည် ရေလက်ကြားကို ရုပ်ပိုင်းဆိုင်ရာအရ အပြီးတိုင်ပိတ်ဆို့ရန် နည်းပညာအရ အခက်အခဲရှိနေပါသည်။ ပုံမှန်သင်္ဘောဖြတ်ပစ်ဒုံးကျည်များ (anti-ship missiles) နှင့် မောင်းသူမဲ့လေယာဉ်များဖြင့်သာ ခြိမ်းခြောက်နိုင်ပါသည်။ ထို့ပြင် ရေလက်ကြားကို အပြီးတိုင်ပိတ်ဆို့ခြင်းမှာ အီရန်အတွက် လွန်စွာ စိန်ခေါ်မှုများလှပါသည်။ ကုန်တင်သင်္ဘောများ ဝင်ရောက်ရန် အနှောက်အယှက်ပေးနိုင်လောက်အောင်တော့ ခြိမ်းခြောက်နိုင်ပါသည်။ ထို့ပြင် အီရန်ကိုယ်တိုင်အတွက် မိမိရေနံတင်ပို့မှုကို ပြန်ထိလာနိုင်သည့် လက်နက်တစ်ခုလည်းဖြစ်ပါသည်။ ရေရှည်တွင် အီရန်အတွက် မဖြစ်နိုင်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။
ယခင်က ရေလက်ကြားကို ပိတ်ဖူးပါသလား
သမိုင်းတစ်လျှောက် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ဆို့တာမျိုး မရှိဖူးပါ။ ၁၉၈၀-၁၉၈၈ ခုနှစ် အီရန်-အီရတ်စစ်ပွဲအတွင်း "တင်န်ကာစစ်ပွဲ (Tanker War)" ဟု ခေါ်သော ကာလတွင် နှစ်ဖက်စလုံးက ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခဲ့ကြပြီး အမေရိကန်ရေတပ်က ကူဝိတ်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးခဲ့ရပါသည်။ ၁၉၈၇ ခုနှစ်တွင် အီရန်က ရေမြှုပ်မိုင်း များ တပ်ဆင်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးများကြောင့် ယင်းကာလက ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၃၀ မှ ၄၅ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ရေနံတင်သင်္ဘောငှားရမ်းခ နှစ်ဆတိုး ခဲ့ပါသည်။
၂၀၁၈ ခုနှစ် ဇူလိုင်တွင် အီရန်က ရေလက်ကြားအတွင်း ဗြိတိန်ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးရာ ရေနံဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပါသည်။ ထိုလုပ်ရပ်မှာ အမေရိကန် က အီရန်နျူကလီးယားသဘောတူညီမှ နုတ်ထွက်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြန်လည် ချမှတ်ပြီးနောက် နှစ်လခန့်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဖြစ်ရပ်များကြောင့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော နိုင်ငံတကာရေကြောင်းလုံခြုံရေးအဖွဲ့ (International Maritime Security Construct) ကို ဖွဲ့စည်းခဲ့ရပါသည်။
၂၀၂၅ ခုနှစ် ဇွန်လက အီရန်-အစ္စရေး ပဋိပက္ခအတွင်း GPS အချက်ပြမှု နှောင့်ယှက်ခံရမှုကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောထောင်ပေါင်းများစွာ လမ်းကြောင်းပျောက်ခဲ့ရပါသည်။ ထိုကာလက ဖော်ဒိုး၊ နာတန်ဇ်နှင့်အစ်ဖာဟန်တို့ရှိ အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်က လေကြောင်းမှတိုက်ခိုက်မှုအပြီး ရေလက်ကြားပိတ်ရန် တီဟီရန်ပါလီမန်၏ သဘောတူညီမှုကြောင့် ဘရန့်ရေနံစိမ်းဈေးနှုန်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
ဆိုလိုသည်မှာ အတိတ်ကာလတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင် ပိတ်ဆို့ခြင်းမလုပ်သော်လည်း ထိုရေလက်ကြား ဂယက်တိုင်းက ရေနံဈေးနှုန်းကို လှုပ်ခတ်စေခဲ့သည်ကို သက်သေပြနေပါသည်။ တီဟီရန်အနေဖြင့် သမိုင်းကြောင်းတစ်လျှောက် မိမိကိုယ်ကို ထိုးနှက်ခြင်း (self-inflicted wound) ကိုတော့ ရှောင်ရှားခဲ့ကြပါသည်။
ရေလက်ကြားပိတ်လိုက်ခြင်းက လက်တွေ့အလုပ်ဖြစ်မှာလား
လက်ရှိတွင် ရေလက်ကြားကို ရုပ်ပိုင်းဆိုင်ရာ အပြီးတိုင် ပိတ်ဆို့ထားခြင်းထက် စစ်ရေးအရ ခြိမ်းခြောက်မှုများဖြင့် သွားလာမှုကို ရပ်တန့်ထားခြင်းဟု တွေ့မြင်နိုင်ပါသည်။ သင်္ဘောအစီးရေ ၂၀၀ ကျော် သောင်တင်နေခြင်းနှင့် သွားလာမှု ၈၆% ခန့် ကျဆင်းခြင်းသည် လက်တွေ့ပိတ်ဆို့မှု၏ အကျိုးသက်ရောက်မှုကို ပြသနေသည်။ သို့သော် ကျွမ်းကျင်သူများက ထိုအခြေအနေ ရေရှည်တည်မြဲရန် ဖြစ်နိုင်ခြေ ၁၀-၂၀% သာ ရှိသည်ဟု ခန့်မှန်းကြပြီး အီရန်အနေဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရှောင်ရှားရန် သံတမန်ရေးအရ ညှိနှိုင်းမှုများ ပြုလုပ် လာနိုင်သည်ဟု သုံးသပ်ထားကြပါသည်။
ရေလက်ကြားပိတ်ရင် ဘယ်နိုင်ငံတွေ ထိခိုက်နိုင်သလဲ
မတ်လ ၁ ရက်က အီရန်တို့၏ဟော်မုဇ်ရေလက်ကြားပိတ်လိုက်ခြင်းက ကမ္ဘာ့စွမ်းအင်ဈေးကွက် ချက်ချင်းထိတ်လန့်ခဲ့ရပါသည်။ ဘရန့်ရေနံစျေးနှုန်းသည် ပဋိပက္ခမဖြစ်မီက တစ်စည်လျှင် ၆၇ ဒေါ်လာဝန်းကျင်ရှိရာမှ မတ်လ ၂ ရက်နေ့တွင် ဒေါ်လာ ၈၀ အထိ မြင့်တက်လာခဲ့ပြီး အချို့သုံးသပ်ချက်များက တစ်စည်လျှင် ၁၂၀ မှ ၁၅၀ ဒေါ်လာအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ထားကြပါသည်။
ဟော်မုဇ်ရေလက်ကြားပိတ်လိုက်ပါက အထိခိုက်ဆုံးနိုင်ငံများအနက် အိန္ဒိယမှာ ထိပ်ဆုံးနေရာတွင် ရှိနေပါသည်။ အိန္ဒိယသည် ရေလက်ကြားဖြတ်သန်းရာဒေသတွင်းမှ ရေနံ ၆၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ၅၃ ရာခိုင်နှုန်းကို တင်သွင်းနေရပါသည်။ ယခုအခါ အိန္ဒိယ သည် LPG သိုလှောင်မှု ၂ ပတ်စာမျှသာ ခံနိုင်သည့်အန္တရာယ်ရှိနေပါသည်။ ရုပ်ပိုင်းဆိုင်ရာ ရော ဘဏ္ဍာရေးဆိုင်ရာပါ ထိုးနှက်ချက် နှစ်မျိုးစလုံး ခံစားရပါမည်။ ဒုတိယမှာ ပါကစ္စတန်နိုင်ငံဖြစ်ပါ သည်။ ပါကစ္စတန်သည် ၉၉ ရာခိုင်နှုန်းသော LPG ကို ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံမှ ဝယ်ယူနေရခြင်းဖြစ်ပါသည်။ သိုလှောင်မှုလက်ကျန် နည်းပါးနေသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်နိုင်ခြေ များနေပါသည်။ တတိယမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါသည်။ ပါကစ္စတန်နည်းတူ ၎င်း၏ LPG ၇၂ ရာခိုင်နှုန်းကို ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံမှ ရရှိ နေခြင်းဖြစ်ပါသည်။ တစ်နေ့လျှင် ဓာတ်ငွေ့ ၁.၃ ဘီလီယံကုဗ ပြတ်လပ်နေပြီးသားဖြစ်သော ဘင်္ဂလားဒေ့ရှ်အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်နိုင်ခြေများနေပါသည်။ ထိုင်းနိုင်ငံ ၏ ရေနံအသားတင်သွင်းမှုမှာ ဂျီဒီပီ ၄.၇ ရာခိုင်နှုန်းရှိသဖြင့် ရေနံဈေး ၁၀ ရာခိုင်နှုန်း တက်ပါက ဂျီဒီပီ ၀.၅ ကျဆင်းနိုင်၍ ဂျီဒီပီအားဖြင့် အာရှတွင် အထိခိုက်ဆုံးဖြစ်လာနိုင်ပါသည်။
ဂျပန်အနေဖြင့် ထိုဒေသတွင်းမှ ရေနံ ၇၅ ရာခိုင်နှုန်းနှင့် LNG ၆ ရာခိုင်နှုန်း တင်သွင်းနေရသဖြင့် အကျပ်အတည်းရင်ဆိုင်ရဖွယ်ရှိပါသည်။ LNG သိုလှောင်မှု တန်ချိန် ၄.၄ သန်း (၂-၄ ပတ် သာခံနိုင်မည်) သာကျန်ရှိနေပါသည်။ ရုပ်ပိုင်းဆိုင်ရာပြတ်လပ်မှုအပြင် ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် စီးပွားရေး ပိုမိုထိခိုက်နိုင်ပါသည်။ တရုတ်သည် ဒေသတွင်းမှ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်း LNG နှင့် ၃၀ ရာခိုင်နှုန်း တင်သွင်းနေပါသည်။ LNG သိုလှောင်မှု တန်ချိန် ၇.၆ သန်း နှင့် ရေနံစည် ရက်ပေါင်း ၁၁၅ စာ သိုလှောင်ထားနိုင်ပြီး အခြားရွေးချယ်စရာရှိနေသေး သည့်အတွက် သက်ရောက်မှု သက်သာနိုင်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ၎င်း၏ ရေနံ တင်ပို့မှု ၉၀ ရာခိုင်နှုန်း ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းရသဖြင့် အရှေ့-အနောက် ပိုက်လိုင်း တစ်နေ့လျှင် စည်ပေါင်း ၅ သန်း ပြန်လည်ပို့ဆောင်နိုင်ပါသည်။ သို့သော် ကျန်ရှိသည့် ရေနံတင်ပို့မှု ရပ်ဆိုင်းလိုက်ပါက နိုင်ငံဝင်ငွေအပေါ် ကြီးမားသော ထိုးနှက်ချက်ဖြစ်လာပါမည်။
ယူအေအီးရေနံတင်ပို့မှု သိသိသာသာပမာဏမှာ ရေလက်ကြားကို ဖြတ်သန်းနေရပါသည်။ ဟပ်ရှန်-ဖူဂျိုင်းရားပိုက်လိုင်းမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁.၅ သန်း ပြန်လည်ပို့ ဆောင်နိုင်သော်လည်း မတ်လ ၂ ရက်က အီရန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရေနံသိုလှောင်ရုံ မီးလောင်သွားရပါသည်။ ကာတာနိုင်ငံသည် LNG တင်ပို့မှု ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ရာ အဆိုပါ တင်ပို့မှုများကို ရေလက်ကြားကို အသုံးပြုရပါသည်။ မတ်လ ၂ ရက်က LNG ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရာကာ ယူရီးယား၊ မီသနော၊ ပိုလီမာနှင့် အလူမီနီယမ် ထုတ်လုပ်မှုပါ ရပ်နားခဲ့ရ ပါသည်။
ဘာတွေဆက်ဖြစ်လာနိုင်သလဲ
လက်ရှိအခြေအနေမှာ အလွန်ပြောင်းလဲမှုမြန်ဆန်နေပါသည်။ ကာလတို၊ ကာလလတ်၊ ကာလရှည်စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ ရက်သတ္တပတ်အနည်းငယ် ကာလတို တွင် ရေလက်ကြား၏ လက်ရှိအခြေအနေ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ရေနံစျေးနှုန်း တစ်စည်လျှင် ၈၀-၁၀၀ ဒေါ်လာအတွင်း မြင့်တက်နေပါမည်။ အာရှနိုင်ငံများတွင် စွမ်းအင်ပြတ် လပ်မှု စတင်နိုင်ပြီး အထူးသဖြင့် တောင်အာရှနိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု များ ဖြစ်ပေါ်လာနိုင်ပါသည်။
လပိုင်းကာလလတ်ဖြစ်လာလျှင် နိုင်ငံတကာ၏ သံတမန်ရေး ဖိအားများ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယကဲ့သို့ စွမ်းအင်လိုအပ်ချက်ကြီးမားသောနိုင်ငံများ၏ ဖိအားပေးမှုမှာ အရှိန်မြှင့် လာပါမည်။ အီရန်အနေဖြင့် မိမိ၏ ရပ်တည်ချက်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ပြန်လည်ရောက် ရှိလာရန် အသုံးချပါလိမ့်မည်။ အကယ်၍ ပဋိပက္ခ ဆက်လက်ရှည်ကြာပါက ဆော်ဒီနှင့် အာရပ် စော်ဘွားများနိုင်ငံတို့၏ အရန်ပိုက်လိုင်းများမှ တစ်ဆင့် ရေနံတင်ပို့မှု အနည်းငယ် ပြန်လည် စတင်နိုင်သော်လည်း လုံလောက်မှု မရှိနိုင်ပါ။
ပဋိပက္ခမှာ တစ်နှစ်နှင့်အထက် ရေရှည်ဖြစ်ပွားနေပါက ယခုအကျပ်အတည်းသည် ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်လုံခြုံရေးမူဝါဒ ပြောင်းလဲသွားပါလိမ့်မည်။ အရှေ့အလယ်ပိုင်းအပေါ် မှီခိုမှုလျှော့ချရန် အမေရိကတိုက်မှ ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှု တိုးမြှင့်လာပါမည်။ စွမ်းအင် သိုလှောင်ရုံများ တည်ဆောက်ခြင်းနှင့် ပြည်တွင်းထုတ်လုပ်မှု (အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်) မြှင့်တင်ခြင်းတို့သည် ဦးစားပေး ဆောင်ရွက်လာနိုင်ပါသည်။
အချုပ်ဆိုရသော် အီရန်၏ သမိုင်းတစ်လျှောက် ခြိမ်းခြောက်လာခဲ့သော ဟော်မုဇ် ရေလက်ကြားပိတ်ရန် ကြုံးဝါးမှုကို လက်တွေ့ကျကျ လုပ်ဆောင်လိုက်ခြင်းမှာ ကမ္ဘာ့စွမ်းအင် ဂေဟစနစ် အားနည်းချက်များ ထင်ရှားစွာ ပေါ်လာပါသည်။ ဤအကျပ်အတည်းမှာ စွမ်းအင် ထောက်ပံ့ရေးကွင်းဆက်က ပထဝီဝင်နိုင်ငံရေးအပေါ် မည်မျှအထိမှီခိုနေရကြောင်းကို သက်သေ ပြနေပါသည်။ အာရှနိုင်ငံများ အထူးသဖြင့် တောင်အာရှနိုင်ငံများသည် ဤအကျပ်အတည်းကို ရှေ့တန်းမှ ထိခိုက်ခံစားနေရပါသည်။
ရေတိုတွင် သံတမန်ရေးအရ ဖြေရှင်းနိုင်ခြေရှိသော်လည်း ရေရှည်တွင် ကမ္ဘာ့နိုင်ငံများသည် ပိုမိုခံနိုင်ရည်ရှိသော၊ ကွဲပြားမှုရှိသော စွမ်းအင်မူဝါဒများကို ချမှတ်ရန် တင်းကျပ်စွာလုပ်လာနိုင်ပါသည်။ ယခု ရက်ပိုင်းအတွင်း အီရန်နှင့် အမေရိကန်-အစ္စရေးတို့ တိုက်ခိုက်မှုများ၊ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုနှင့် ကာတာ၏ ရေနံထုတ်လုပ်မှုရပ်ဆိုင်းခြင်းက ရေနံစျေးနှုန်းသာမဟုတ်ဘဲ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စက်မှုထုတ်လုပ်မှုကိုပါ ရိုက်ခတ်လာနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။
ကိုးကားချက်များ
၁။ Radio Moldova. (2026, March 2 ). Tehran blocks world's premier oil transit point in retaliatory escalation.
၂။ Gulf Times. (2026, 2 February 28). How strikes on Iran put focus on the Strait of Hormuz.
၃။ BSS/AFP. (2026, March 1). Three ships attacked in Strait of Hormuz: maritime agencies.
၄။ BERNAMA-Anadolu. (2026, March 3 ). STRAIT OF HORMUZ CLOSURE RESHAPES GLOBAL SHIPPING AS FREIGHT COSTS CLIMB.
၅။ Global Times / sdchina.com. (2026, March 3). Chinese expert weighs in on impact of Strait of Hormuz blockade, Iran’s capability of controlling the strait
