မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်တာခရီး မြစ်တစ်စင်းမှ စီးဆင်းဖန်တီးမည့် တောက်ပသော အနာဂတ်သို့
Posted_Date
Image
Body
မြစ်တစ်စင်းသည် ၎င်း၏နယ်နိမိတ်ကို ကန့်သတ်ချက်မထားရှိပါ။ မြစ်တစ်စင်းသည် နိုင်ငံများရေးရာ အခေါ်အဝေါ်များ၊ သတ်မှတ်ချက်များ၊ နယ်စပ်မျဉ်းများကိုကျော်လွှားကာ စီးဆင်းရာဒေသတစ်ခုလုံး၏ လူနေမှုဘဝ၊ ယဉ်ကျေးမှုနှင့် သမိုင်းတို့ကို ချိတ်ဆက်ပေးလာခဲ့သော အသက်ရှင်သန်လျက်ရှိသည့် သဘာဝအမွေအနှစ်တစ်ရပ်ဖြစ်သည်။
မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ သဘာဝသွေးကြောတစ်စင်းအဖြစ် ရာစုနှစ်များစွာကြာ မြစ်ဝှမ်းဒေသတစ်လျှောက်နှင့် ပတ်ဝန်းကျင်ရှိနေထိုင်သူများ၏ လူနေမှုဘဝ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့ကို ကူးလူးဆက်နွှယ်ပေးလာခဲ့သည်။ ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် မဲခေါင်မြစ်ဟုခေါ်တွင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ လန်ချန်းမြစ်ဟုခေါ်တွင်သည့် မဲခေါင်-လန်ချန်းမြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ် လည်းဖြစ်သည်။ အဆိုပါမြစ်ကိုအခြေခံ၍ စတင်တည်ထောင်ခဲ့သော မဲခေါင်–လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (Mekong–Lancang Cooperation – MLC) သည် ယနေ့တွင် ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ်လာခဲ့ပြီဖြစ်သည်။
စတင်တည်ထောင်ပုံ
၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းယမြို့၌ “Shared River, Shared Future” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် ဆန်းယကြေညာစာတမ်း (Sanya Declaration)ကို ထုတ်ပြန်ကြေညာပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် စတင်ထူထောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မဲခေါင်–လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ချိတ်ဆက်ပေးထားသည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာတစ်ရပ်ဖြစ်ပြီး “community with a shared future of peace and prosperity” “ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု”ကို အခြေခံအယူအဆအဖြစ် ချမှတ်ထားသည်။ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုပါအယူအဆသည် စာရွက်စာတမ်းများပေါ်ရှိ ထုတ်ပြန်ချက်များမှတစ်ဆင့် လက်တွေ့အသုံးချနိုင်ပြီး ထိရောက်မှုရှိသောလုပ်ငန်းစဉ်များ (လက်တွေ့လုပ်ငန်းများ)အဖြစ်သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များအားလျှော့ချရန်နှင့် ၎င်း၏အဖွဲ့ဝင် ခြောက်နိုင်ငံတို့အကြား သာယာဝပြောရေးကိုမြှင့်တင်ရန် ရည်ရွယ်သည်။ နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့်မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အတူတကွမျှဝေထားသော အနာဂတ်အသိုက်အဝန်းကို တည်ဆောက်ရန် မျှော်မှန်းထားကြသည်။
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံမူဘောင်ကို အများသဘောတူညီမှု (consensus)၊ တန်းတူရည်တူရှိမှု(equality)၊ အပြန်အလှန်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှု (mutual consultation and coordination)၊ မိမိစေတနာဆန္ဒအလျောက်ပါဝင်မှု (voluntarism)၊ ပံ့ပိုးကူညီမှုနှင့် မျှဝေခံစားမှု (common contribution and shared benefits) ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကိုလေးစားလိုက်နာမှု(respect for the United Nations Charter and international laws)တို့ဖြင့် လမ်းညွှန်ထားသည်။
ထို့ပြင် အဆိုပါ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang ၏စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်းဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစပျိုးသည့်နေရာဟုပင် မှတ်ယူနိုင်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အဓိကအောင်မြင်မှုများအနက် တစ်ခုမှာ ဒေသခံပြည်သူများ၏ လူနေမှုဘဝကို တိုက်ရိုက်ထိတွေ့စေခဲ့သည့် စီမံကိန်းများပင်ဖြစ်သည်။ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှဆောင်ရွက်ခဲ့သည့် စီမံကိန်းများသည် မဲခေါင်မြစ်ဝှမ်းဒေသရှိ လူထုအခြေပြု ဖွံ့ဖြိုး တိုးတက်မှုကိုများစွာ အထောက်အကူပြုခဲ့သည်။
မြန်မာနိုင်ငံ၏အခန်းကဏ္ဍ
မြန်မာနိုင်ငံအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခုသာမက အတွေ့အကြုံများမျှဝေရန်၊ အကောင်းဆုံးအလေ့အကျင့်များကို လေ့လာသင်ယူရန် အရေးပါသော အခွင့်အလမ်းတစ်ရပ်လည်းဖြစ်လာသည်။
ထို့ပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ပြည်သူလူထုအဆင့် ယဉ်ကျေးမှုနှင့် လူငယ်ဖလှယ်ရေးကိုပါ အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ထားရှိသည်။ ယင်းသည် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့စေမည့် အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်းပူးပေါင်း ဆောင်ရွက်မှု၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆယ်စုနှစ်တစ်ခုအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ကာ နောင်လာမည့် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ပိုမိုတည်ငြိမ်ခိုင်မာစေရန် ကြိုးပမ်းရမည့်အချိန်အခါကောင်းလည်းဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆယ်စုနှစ်တစ်ခုအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများသည် စာရင်းကိန်းဂဏန်းများထက် ဒေသခံပြည်သူများ၏ လူနေမှုဘဝကို တိုက်ရိုက်ထိတွေ့စေခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်းစုစုပေါင်း ၁၃၂ ခုနှင့် တန်ဖိုး အမေရိကန်ဒေါ် လာ ၃၈ ဒသမ ၆ သန်းခန့် ရရှိခဲ့ပြီး စီမံကိန်းပေါင်း ၁၀၀ ကျော်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ကာ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်မှုမှတစ်ဆင့် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းရေး အပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများစွာကို ဖော်ဆောင်နိုင်ခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ ထူးခြားချက်တစ်ရပ်မှာ အစိုးရအဆင့်ပူးပေါင်းဆောင်ရွက်မှုကိုသာမက လူထုအဆင့်ချိတ်ဆက်မှုကိုပါ အလေးထားခြင်းဖြစ်သည်။ ပညာရေး၊ သုတေသနနှင့် ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်များမှတစ်ဆင့် မဲခေါင်ဒေသရှိ ပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရေးကို တဖြည်းဖြည်း တည်ဆောက်လာခဲ့သည်။
မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်း အစီအစဉ်များသည် မတူကွဲပြားသည့်ယဉ်ကျေးမှု အမွေအနှစ်များကို အပြန်အလှန်လေးစား နားလည်စေပြီး ဒေသအတွင်း အတူတကွဖွံ့ဖြိုး တိုးတက်ရေးအတွက် စိတ်ဓာတ်အခြေခံကို ခိုင်မာစေခဲ့သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အတွေ့အကြုံနှင့်ရရှိခဲ့သော အကျိုးကျေးဇူးများ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် Workshop on Heritage Sites Management in Mekong – Lancang Countries (2017) စီမံကိန်းကို မြန်မာနိုင်ငံ ပုဂံတွင် ၁၈.၂.၂၀၁၉ ရက်နေ့မှ ၂၂.၂.၂၀၁၉ ရက်အထိ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆၁၃၀၀ ဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လည်းကောင်း၊ Lancang-Mekong Cultural Exchange Youth Camp (2017) စီမံကိန်းကို မန္တလေးမြို့တွင် ၂၇.၁.၂၀၁၉ ရက်နေ့မှ ၃၁.၁.၂၀၁၉ ရက်နေ့အထိ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၈၆၀၀ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ လည်းကောင်း၊ Puppet Festival of Lancang – Mekong (2020) စီမံကိန်းကို မန္တလေးမြို့တွင် ၃၀.၃.၂၀၂၂ ရက်နေ့မှ ၃၁.၃.၂၀၂၂ ရက်နေ့အထိ ရန်ပုံငွေအမေရိကန်ဒေါ်လာ ၁၉၂၅၀၀ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှလည်းကောင်း၊ National Landmark Sculpturing &
Painting Youth Camp for LMC Fine Arts Students (2021) စီမံကိန်းကို မန္တလေးမြို့တွင် ၂၉.၁.၂၀၂၃ ရက်နေ့မှ ၃၀.၁.၂၀၂၃ ရက်နေ့အထိ စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၆၆၃၀၀ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှလည်းကောင်း၊ Mekong – Lancang Traditional Dances Festival (2021)ကို နေပြည်တော်တွင် ၁၉.၁.၂၀၂၃ ရက်နေ့တွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇၇၄၀၀ ဖြင့် အနုပညာဦးစီးဌာနမှလည်းကောင်း၊ Building Network on Preservation and Conservation of Literary Heritage among Lancang – Mekong Area, Especially Rare Materials in Libraries (2022) စီမံကိန်းကို နေပြည်တော်တွင် စီမံကိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၉၁၀၀ ဖြင့် ၂၅.၇.၂၀၂၃ ရက်နေ့တွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ လည်းကောင်း၊ Mekong – Lancang Cultural Activity 2024 in Myanmar (2024) ကို ပုဂံတွင် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၂၂၂၁၀၀ ဖြင့် ၂၂.၂.၂၀၂၅ ရက်နေ့ မှ ၂၈.၂.၂၀၂၅ ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ လည်းကောင်း ရရှိကာ အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် Mekong-Lancang Heritage Preservation: Preserving Cultural Heritage, Showcasing Tradition, and Promoting Cultural Awareness of Communication (2025) စီမံကိန်းကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃၈၄၀၀ ဖြင့် ရရှိထားပြီး ၂၀၂၆ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပုဂံ၌အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှစတင်၍ ယနေ့အထိ မဲခေါင်-လန်ချန်းစီမံကိန်းပေါင်း ရှစ်ခုရရှိခဲ့ပြီး စီမံကိန်းခုနစ်ခုမှာ အောင်မြင်စွာ အကောင်အထည်ဖော်ပြီးစီးခဲ့ပြီဖြစ်ကာ စီမံကိန်းတစ်ခုမှာ ၂၀၂၆ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအတွက်ထောက်ပံ့သောရန်ပုံငွေမှာ အမေရိကန် ဒေါ်လာစုစုပေါင်း ၁၂၁၅၇၀၀ (တစ်သန်းနှစ်သိန်းတစ်သောင်းငါးထောင့်ခုနစ်ရာဒေါ်လာ) ရှိပြီဖြစ်သည်။
အဆိုပါစီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသများ၏ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးစသည့် နည်းပညာပိုင်းဆိုင်ရာအတွေ့အကြုံများကို မဲခေါင်–လန်ချန်း နိုင်ငံများအကြားမျှဝေနိုင်ခြင်း၊ အမွေအနှစ်ဆိုင်ရာ အောင်မြင်သော စီမံခန့်ခွဲမှုပုံစံများကို လေ့လာကာ မိမိတို့နိုင်ငံတွင် လက်တွေ့အသုံးချနိုင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရာတွင်သာမက ဒေသဆိုင်ရာငြိမ်းချမ်းရေး၊ ချိတ်ဆက်မှုနှင့် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရေးပါစွာ အထောက်အကူပြုနိုင်ခြင်း၊ ကျင်းပပြီးစီးခဲ့သော လူငယ်ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များသည် မဲခေါင်–လန်ချန်းနိုင်ငံလူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးကာ နားလည်မှုနှင့် မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်လာခဲ့ခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးစံများကို တိုက်ရိုက်လေ့လာခွင့် ရရှိခဲ့ခြင်းကြောင့် အပြန်အလှန် နားလည်မှုတိုးတက်စေခြင်း၊ ရိုးရာအနုပညာ၊ ဓလေ့ထုံးစံ၊ ဘာသာစကားနှင့် လူမှုယဉ်ကျေးမှုတန်ဖိုးများကို မျှဝေဖလှယ်နိုင်ခြင်း၊ ဒေသအသီးသီး၏ ရိုးရာအက/ ရုပ်သေးပုံစံများကို စုစည်းတင်ဆက်နိုင်ခြင်းဖြင့် ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခြင်း၊ လူငယ်မျိုးဆက်များအတွင်း ရိုးရာအနုပညာအပေါ် စိတ်ဝင်စားမှုတိုးတက်စေခြင်း၊ မဲခေါင်–လန်ချန်း နိုင်ငံများ၏ စာကြည့်တိုက်များနှင့် သုတေသနအဖွဲ့အစည်းများ အပြန်အလှန်ချိတ်ဆက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
အဆိုပါ ယဉ်ကျေးမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံ၏အနာဂတ်ကို ထမ်းဆောင်မည့် လူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ပေးသည့်အပြင် မဲခေါင်–လန်ချန်းဒေသ၏ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများအတွက် အခြေခံခိုင်မာသော ဆက်သွယ်ရေး တံတားတစ်ရပ်အဖြစ် အရေးပါသောအခန်းကဏ္ဍကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ရိုးရာအနုပညာအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ရာတွင်သာမက မဲခေါင်-လန်ချန်းဒေသ၏ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူမျိုးချင်းနားလည်မှု တိုးတက်ရေးအတွက် အရေးပါသည့် အခမ်းအနားများအဖြစ်လည်းကောင်း၊ စာပေအမွေအနှစ်များ၏ ရေရှည်ထိန်းသိမ်း ကာကွယ်ရေးကိုသာမက မဲခေါင် -လန်ချန်းဒေသအတွင်း ပညာရေး၊ သုတေသနနှင့် ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် အရေးပါသောအခြေခံ ကွန်ရက်များအဖြစ်လည်းကောင်း တည်ဆောက်ပေးလျက်ရှိသည်။
အဆိုပါလှုပ်ရှားမှုများသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရာတွင်သာမက မဲခေါင်-လန်ချန်းဒေသအတွင်း ချစ်ကြည်ရေး၊ နားလည်မှုနှင့် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးသည့် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုများပင်ဖြစ်သည်။
အချိန်အခါကောင်း
ဆယ်စုနှစ်တစ်ခု ပြည့်မြောက်လာသည့် ယနေ့ကာလတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ရန်သာမက နောင်လာမည့်အနာဂတ်ကို ပိုမိုကောင်းမွန်အောင် မည်ကဲ့သို့ဖော်ဆောင်သွားမည်ဆိုသည့် မျှော်မှန်းချက်ကိုလည်း ရှာဖွေနိုင်မည့်အချိန်အခါကောင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝအရင်းအမြစ်များအပေါ်တွင် တိုးမြင့်လာသော ဖိအားများကြောင့် မဲခေါင်မြစ်ဝှမ်းဒေသအတွက် “ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှု”သည် ပိုမိုမြင့်မားလာလျက်ရှိသည်။
မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆယ်စုနှစ်အတွင်း နိုင်ငံများအကြား ယုံကြည်မှုနှင့် ချစ်ကြည်မှုကို တည်ဆောက်ပေးသည့်အပြင် အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများစွာကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့သော အရေးပါသည့် ဒေသတွင်းမိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးတစ်ရပ်အဖြစ် ထင်ရှားလာခဲ့သည်။
သို့ဖြစ်ပါ၍ ယုံကြည်မှု၊ ချစ်ကြည်မှုနှင့် အပြန်အလှန်အကျိုးပြုမှုတို့ကို အခြေခံထားသည့် မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်မြစ်၏စီးဆင်းမှုသကဲ့သို့ပင် အတားအဆီးများကို ကျော်လွှားကာ ဒေသအတွင်းပူးပေါင်း ဆောင်ရွက်မှုကိုပိုမိုခိုင်မာတိုးတက်စေပြီး ဒေသတစ်ရပ်လုံး၏ အနာဂတ်ကို ပိုမိုတောက်ပစေမည့် အရေးပါသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားမည်ဟု ယုံကြည်ပါကြောင်းနှင့် မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်တစ်ခုမှသည် ရာစုနှစ်များစွာတိုင် ခိုင်မာရှင်သန်ပါစေကြောင်းဆန္ဒပြုကာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့အား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
MWD
