မဲခေါင်-လန်ချန်း ရွှေရောင်ဆယ်စုနှစ်နှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး

Posted_Date

Image

မဲခေါင်-လန်ချန်း ရွှေရောင်ဆယ်စုနှစ်နှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး

Body

     လူသားတို့၏   ယဉ်ကျေးသော  အဖွဲ့အစည်း သမိုင်းအစကို မြစ်ဝှမ်းဒေသကြီးများက ဖန်တီးပေးခဲ့သည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ ရှာဖွေစားသောက် နေထိုင်ခဲ့ကြသော ကမ္ဘာဦးလူသားတို့သည် စားရေရိက္ခာနှင့် သယ်ယူပို့ဆောင်သွားလာမှုလွယ်ကူသော မြစ်ဝှမ်းဒေသများတွင် အတည်တကျ အခြေချနေထိုင်လာကြရာမှ လူသားအချင်းချင်း သဟဇာတဖြစ်စေသော ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့ပါသည်။ မြစ်ဝှမ်းဒေသများတွင်  လူသားနှင့် သဘာဝတရားအကြား  အပြန်အလှန် ထိန်းကျောင်းပူးပေါင်းဆောင်ရွက်မှုများက လူသားတို့၏ သမိုင်းကြောင်းကို   အရှိန်အဟုန်ဖြင့်   ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။

ကမ္ဘာပေါ်ရှိ   မြစ်ဝှမ်းဒေသ  ယဉ်ကျေးမှုကြီးများအနက် အာရှဒေသရှိ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့်   ဗီယက်နမ်နိုင်ငံများ မျှဝေအသုံးပြုနေသော မဲခေါင်မြစ်ဝှမ်း ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း သမိုင်းကောင်းနှင့် သမိုင်းကြောင်းရှည်လျားသည့် မြစ်ဝှမ်းဒေသတစ်ခု ဖြစ်ပါသည်။ မြစ်ဝှမ်းများကို မှီခိုရပ်တည် အကျိုးခံစားနေရသော  လူသားများ၊  နိုင်ငံများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော  ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ် ထိန်းသိမ်းရေးကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ မဲခေါင်ဒေသ(၆)နိုင်ငံအကြီးအကဲများ၏ အမြော်အမြင်ကြီးမားမှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဆန်းယမြို့၌ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၃) ရက်တွင်   ကျင်းပခဲ့သော   ပထမအကြိမ် မဲခေါင်-လန်ချန်း    ထိပ်သီးအစည်းအဝေးတွင် ဆန်းယကြေညာစာတမ်း (Sanya Declaration)ကို ထုတ်ပြန်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ထူထောင်ခဲ့သည်မှာ ဆယ်နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။ 

မြစ်တစ်စင်းကိုအခြေပြုမွေးဖွားလာသည့် မိတ်ဖက်ယန္တရား 

      ဆီးနှင်းများဖုံးလွှမ်းနေသော တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံကာ  စီးဆင်းလာသော မဲခေါင်မြစ် (တရုတ်အခေါ် လန်ချန်းမြစ်) သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံ (၆) နိုင်ငံကို ချိတ်ဆက်ပေးထားသကဲ့သို့ ထိုမြစ်ကိုအခြေခံ၍  ဖြစ်ပေါ်လာသော  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရားသည်လည်း ဒေသတွင်း အရေးပါသည့် ယန္တရားတစ်ခု ဖြစ်လာခဲ့ပါသည်။

    ယနေ့ကမ္ဘာ့အခင်းအကျင်းတွင်  ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်ချိတ်ဆက်မှုနှင့် ပေါင်းစည်းမှုအားမာန်တို့သည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကသော့ချက်ဖြစ်လာသည်။

ထိုသို့သောအခင်းအကျင်းတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   (Mekong-Lancang Cooperation - MLC) သည် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှု၊ အပြန်အလှန် အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုနှင့်   ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို  အခြေခံကာ ဆယ်စုနှစ်တစ်ခုအတွင်း   သိသာထင်ရှားသောအောင်မြင်မှုများရရှိစေခဲ့ပြီး ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး ရည်မှန်းချက်ကို အပြည့်အဝ လွှမ်းခြုံပေးနိုင်ခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံအတွက်မူ ဤပူးပေါင်းဆောင်ရွက်မှုသည်   တရုတ်နိုင်ငံနှင့်   ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အခြေခံကာ နှစ်နိုင်ငံအကြားရှိ သမိုင်းဝင် မိတ်ဖက်ဆက်ဆံရေးကို   ခေတ်သစ်အခြေအနေများနှင့်  လိုက်လျောညီထွေရှိစွာ တိုးမြှင့်တည်ဆောက်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ကြရမည်ဖြစ်ပါသည်။

ဘုံမျှော်မှန်းချက်နှင့် ခိုင်မာသောအခြေခံမူများ

     အားလုံးမျှဝေခံစားနိုင်မည့် အနာဂတ်တစ်ခုကို အတူတကွတည်ဆောက်ကြရန်ဟူသော ဘုံမျှော်မှန်းချက်ကို အခြေခံလျက် ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ ပြည်သူများ၏ သာယာဝပြောမှုကို မြှင့်တင်ပေးရန်၊  မဲခေါင်ဒေသအတွင်း   ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်လျှော့ချရန်၊   အာဆီယံအသိုက်အဝန်း   တည်ထောင်ရေးကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ၏  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

ဘုံအနာဂတ်တစ်ခုဆီသို့ လျှောက်လှမ်းရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒ၊ ညီတူညီမျှရှိမှု၊ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှု၊ မိမိဆန္ဒအလျောက်ပါဝင်ဆောင်ရွက်မှု၊  စုပေါင်းပါဝင်ဆောင်ရွက်မှု၊ အကျိုးအမြတ်များကို  မျှဝေခံစားမှု၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်   နိုင်ငံတကာဥပဒေများကို လေးစားမှု စသောအခြေခံမူများဖြင့် ထိန်းကျောင်းထားသည့်အတွက်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည်    ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများအနက် လက်တွေ့ကျပြီး ပူးပေါင်းဆောင်ရွက်မှု မြန်ဆန်အားကောင်းသည့် ယန္တရားတစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေခြင်းဖြစ်ပါသည်။

ဆယ်စုနှစ်တာအောင်မြင်မှုနှင့်  အနာဂတ်အလားအလာကောင်းများ 

    ယခုဆိုလျှင်   မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုသည်   ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုမှ ထိပ်သီးအဆင့်အထိ အလွှာစုံပါဝင်ပြီး ဘက်စုံကဏ္ဍစုံ လွှမ်းခြုံသည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခုအဖြစ်    အခိုင်အမာရပ်တည်လျက်   ဆယ်စုနှစ်သစ်တစ်ခုသို့ ကူးပြောင်းလာပြီဖြစ်ပါသည်။   ဆယ်စုနှစ်တာခရီးတစ်လျှောက်   အဖွဲ့ဝင်နိုင်ငံများအကြား  ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းလျက် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသည့်အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

အထူးသဖြင့် တရုတ်နိုင်ငံက ကမကထပြုသည့် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း(၃၀၀)ဖြင့်   ပြည်သူကိုဦးတည်သည့်  ဖွံ့ဖြိုးရေးစီမံကိန်းများကို  ၂၀၁၇  ခုနှစ်မှစ၍  နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း  အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် စီမံကိန်းစုစုပေါင်း (၉၉၁) ခုကို အတည်ပြုပေးအပ်ခဲ့ပြီး မဲခေါင်မြစ်ဝှမ်း ဒေသတစ်လျှောက် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ကြရမည်ဖြစ်ပါသည်။

ထို့အပြင် ယနေ့ ကမ္ဘာ့စီးပွားရေးသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် မောင်းနှင်အားတစ်ခုအဖြစ် အင်အားဖြည့်တင်းပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် မဲခေါင်နိုင်ငံများ၏ အဓိကကုန်သွယ်ရေး မိတ်ဖက်အဖြစ်   အခိုင်အမာရပ်တည်လျက်ရှိပြီး ၂၀၂၅ ခုနှစ် စာရင်းများအရ တရုတ်နှင့် မဲခေါင်နိုင်ငံများအကြား စုစုပေါင်းကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၅၀၀) ဘီလီယံကျော်အထိ စံချိန်တင်တိုးတက်ခဲ့သည်မှာ အားတက်စရာဖြစ်ပါသည်။

ဆယ်နှစ်တာခရီးလမ်းတစ်လျှောက် အောင်မြင်မှုများစွာ ရရှိခဲ့သကဲ့သို့ တစ်ဖက်တွင် MLC အနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲလှိုင်းတံပိုးများကို ကျော်လွှားနိုင်ခဲ့သည်မှာ MLC အတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ သာဓကအားဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်း ခရီးသွားလာမှုနှင့်   ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားသည့်အတွက် ဒေသတွင်းကုန်သွယ်မှုအပေါ်   ကြီးမားသည့်ရိုက်ခတ်မှုနှင့်    ရင်ဆိုင် ရချိန်တွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား “Fast Track” နှင့် “Green Lane” အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့ခြင်းဖြင့် ဒေသတွင်းစီးပွားရေး ယိုင်နဲ့မသွားအောင်    ထိန်းပေးနိုင်ခဲ့ပါသည်။

အလားတူ နည်းပညာတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့်  မူးယစ်ဆေးဝါးမှောင်ခိုကူးမှု စသည့်နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများသည်လည်း ဒေသတွင်း တည်ငြိမ်ရေးနှင့်လုံခြုံရေးကို  ခြိမ်းခြောက်လျက်ရှိရာမှာ Operation SEAGULL” ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ရာဇဝတ်မှုများကို နှိမ်နင်းနိုင်ခဲ့ပြီး  ဒေသတွင်း လုံခြုံရေးယန္တရားကို ပိုမိုခိုင်မာစေခဲ့သည်။  “Operation SEAGULL” အပြင် “Safe Lancang-Mekong 2025” Joint Operation ကို ၂၆-၂-၂၀၂၅ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။  မြန်မာနိုင်ငံအနေဖြင့်  ဒေသတွင်းအဖွဲ့ဝင်နိုင်ငံကောင်း တစ်နိုင်ငံပီသစွာဖြင့်  အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

အမှန်စင်စစ်  မိမိတို့(၆)နိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟူသော လှေကြီးတစ်စင်းထဲတွင် အတူတကွ လိုက်ပါစီးနင်းလျက် ဘုံအနာဂတ်တစ်ခုဆီသို့  ဦးတည်သည့်ခရီးကို အရောက်သွားနေကြသည့် တစ်လှေထဲစီး တစ်ခရီးတည်းသွားဖော်များ ပင် ဖြစ်ပါသည်။ တက်ညီလက်ညီဖြင့် တစ်ဦးကိုတစ်ဦး  ဖေးမကူညီပြီး အတူတကွ လှော်ခတ်သွားကြမည်ဆိုလျှင် မည်သည့်အခက်အခဲကိုမဆို မယိမ်းမယိုင်ကျော်ဖြတ်နိုင်ပြီး မိမိတို့မျှော်မှန်းသည့် အနာဂတ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို  အခြေခံအုတ်မြစ်မှသည် ပိုမိုကောင်းမွန်သည့်    ဖွံ့ဖြိုးတိုးတက်မှုအဆင့် (Mekong-Lancang Cooperation 2.0 - MLC 2.0) သို့  တက်လှမ်းရာတွင်   အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊   အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်အသိုက်အဝန်းတစ်ရပ်ကို အတူတကွ တည်ဆောက်သွားရန် သန္နိဋ္ဌာန်ကို မြဲမြံစွာဆုပ်ကိုင်လျက်   ပူးပေါင်းဆောင်ရွက်မှု   အရှိန်အဟုန်ကို မြှင့်တင်သွားကြမည်ဖြစ်ပြီး၊    ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှု  နယ်ပယ်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပေါင်းစပ်ဆက်နွှယ်မှု၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊  စွမ်းအင်၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ ပညာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုစသည့်ကဏ္ဍများအပြင် ဉာဏ်ရည်တုနည်းပညာအခြေပြု ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်တီထွင်မှု၊    သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်သွားကြမည်ဖြစ်ပါသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

     အမှန်မှာမူ မဲခေါင်-လန်ချန်းဆိုသည်မှာ မြစ်တစ်စင်းတည်းသာဖြစ်ပြီး မြစ်အထက်ပိုင်းဖြစ်သည့် တရုတ်ဘက်အခြမ်းကို  လန်ချန်း  ဟုခေါ်ပြီး မြန်မာ၊  လာအို၊  ထိုင်း၊  ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းသည့် မြစ်အောက်ပိုင်းကို မဲခေါင် ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ မဲခေါင်မြစ်၏ စုစုပေါင်းအရှည်သည် ၄,၃၅၀ ကီလိုမီတာခန့်ရှိရာ   မြန်မာနှင့်ထိစပ်နေသော  အပိုင်းမှာ ၂၃၄ ကီလိုမီတာခန့်၊ ရာခိုင်နှုန်းအားဖြင့် မြစ်ဝှမ်းတစ်ခုလုံးဧရိယာ၏  (၃)ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါသည်။ ပိုင်ဆိုင်မှုဧရိယာ နည်းပါးသော်လည်း မြန်မာနိုင်ငံသည်  မဲခေါင်မြစ် အထက်ပိုင်းနှင့်အောက်ပိုင်းကို ဆက်သွယ်ပေးသည့် မဟာဗျူဟာမြောက်နေရာတွင် ရှိနေခြင်း၊ မြန်မာ-လာအို-ထိုင်း ရွှေတြိဂံဒေသ၏ အချက်အချာဖြစ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသည်  မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုတွင်  အရေးပါသည့်နိုင်ငံဖြစ်ပါသည်။

ဤဆယ်နှစ်တာခရီးတွင် မြန်မာနိုင်ငံအနေဖြင့် တာဝန်သိအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ သိသာထင်ရှားသည့် သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌတာဝန်ကို တရုတ်နိုင်ငံနှင့်အတူ  ၂၀၂၀  ပြည့်နှစ်မှ  ၂၀၂၃  ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးနှင့်လုံခြုံရေး၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်ရေး၊  လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးဟူသော မဏ္ဍိုင်ကြီး ၃ ရပ်နှင့် မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု၏ ဘုံမျှော်မှန်းချက်နှင့် အခြေခံမူများကို အခြေခံကာ ဒေသတွင်း   ပေါင်းစည်းရေး၊   သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ ဆန်းသစ်တီထွင်မှု၊ သိပ္ပံနှင့်နည်းပညာ စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်  အလေးထားဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးနှင့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ   အစည်းအဝေးတို့ကို အိမ်ရှင်အဖြစ်လည်းကောင်း၊ (၆)ကြိမ်မြောက်နှင့်(၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို     ပူးတွဲဥက္ကဋ္ဌ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် နေပြည်တော်ကြေညာချက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) တို့ကို အတည်ပြုနိုင်ခဲ့ပြီး မဲခေါင်-လန်ချန်း       ဆန်းသစ်တီထွင်မှုစင်္ကြံ  (MLC innovation corridor) ဆိုင်ရာ အစည်းအဝေးယန္တရား တည်ထောင်ရန်အတွက်လည်း အဖွဲ့ဝင်နိုင်ငံများအကြား  တူညီဆန္ဒကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက်ထားပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၆ ခုနှစ်တွင်ကျရောက်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  ဆောင်းပါးများနှင့် ဂုဏ်ပြုကြိုဆိုသည့်    စာသားကြော်ငြာတို့ကို နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခြင်း၊ ဗီဒီယိုမှတ်တမ်းများ ထုတ်လွှင့်ပြသခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့်  နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည့် မှတ်တမ်းဓာတ်ပုံပြပွဲ  တို့ကို  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်အတူ ပူးပေါင်း၍ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

အပြန်အလှန်အကျိုးပြုနေသော မြန်မာ-တရုတ်ဆက်ဆံရေးနှင့် MLC 

    ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးသည်   ၂၀၂၅  ခုနှစ်တွင် (၇၅) နှစ်ပြည့် စိန်ရတုကာလကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သလို ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဖြစ်သို့တိုးမြှင့်ခဲ့ပါသည်။

နှစ်နိုင်ငံခေါင်းဆောင် အဆက်ဆက်၏ အမြော်အမြင်ကြီးမားမှု၊ ပထဝီဝင်အနေအထားအရ အိမ်နီးချင်းကောင်းများဖြစ်မှုနှင့် ယဉ်ကျေးမှုချင်းနီးစပ်မှု၊ ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အခြေခံမှု စသည့်အချက်များကြောင့် နှစ်နိုင်ငံအကြား ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် ထိုဆက်ဆံရေးသည် ယနေ့တိုင် ခိုင်မြဲနေသည့် ထူးခြားသော သံတမန်ဆက်ဆံရေးပုံစံဖြစ်ပါသည် ။

မြန်မာ-တရုတ် ဆက်ဆံရေးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတို့သည်   တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးလျက်ရှိသည်ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။ နှစ်နိုင်ငံအကြား ယုံကြည်မှုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးမှ  ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက်   နိုင်ငံရေးအရ ခိုင်မာသည့်အုတ်မြစ်ကို ပံ့ပိုးပေးသကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေပြီး ဘုံရည်မှန်းချက်များကို စုပေါင်းအင်အားဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်မှ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသော စီမံကိန်းများဖြစ်ရာ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုကို တစ်တပ်တစ်အား အထောက်အကူပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအနက် စီမံကိန်းအများဆုံးရရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် စီမံကိန်း (၁၃၂)ခု၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ ၃၈.၆  သန်းကျော်ရရှိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစသည့်နယ်ပယ်များတွင် သိသာသည့် အကျိုးကျေးဇူးများရရှိစေခဲ့ပါသည်။

ဆယ်စုမှသည် ရာစုဆီသို့ 

    အချုပ်အားဖြင့်ဆိုရသော် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု   မိတ်ဖက်ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ပေးလျက်ရှိပါသည်။ ထို့ပြင် ဒေသတွင်းနိုင်ငံများနှင့်  တရုတ်နိုင်ငံတို့အတွက်  နှစ်နိုင်ငံ ခိုင်မာသည့်ဆက်ဆံရေးနှင့်  နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း  ပိုမိုအားကောင်းစေသည့်  အစီအမံတစ်ရပ်ဖြစ်ပါသည်။  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် အောင်မြင်ရေးအတွက် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ အပြန်အလှန် အထောက်အကူပြုလျက် ရှိပါသည်။ 

ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနှင့်တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်း သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲခြား၍မရသော   မိတ်ဖက်များအဖြစ်   ဆက်လက် တည်ရှိနေမည်ဖြစ်ပါသည်။    သို့ဖြစ်ရာ စိတ်ရင်းစေတနာမှန်ကို အခြေခံသည့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုသည် ကုန်လွန်ခဲ့ပြီဖြစ်သော ရွှေရောင်လွှမ်းသည့် ဆယ်စုနှစ်မှသည် အနာဂတ်ရာစုနှစ်တိုင် ဆက်လက်တည်ရှိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းလျက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  (၁၀) နှစ်ပြည့် အထိမ်းအမှတ်ကာလကို ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။    ။

(ဆောင်းပါးတွင်    ဖော်ပြထားသည်များမှာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

MWD