လေထုအရည်အသွေးကောင်းမွန်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်စို့
Posted_Date
Image
Body
လေထုညစ်ညမ်းမှုဆိုသည်မှာ သန့်ရှင်းသောလေထုအတွင်း သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အမှုန်အမွှားများ (Particulate Matter – PM, PM10, PM2.5)၊ စက်ရုံ၊ အလုပ်ရုံနှင့် မော်တော်ကားများမှ ထွက်ရှိလာသည့် ကာဗွန်မိုနောက်ဆိုက်(CO)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်(NO2)၊ ဆာလဖာဒိုင်အောက်ဆိုက် (SO2)နှင့် အိုဇုန်း(O3)ကဲ့သို့သော ဓာတ်ငွေ့များ ပါဝင်နေသည့်အခြေအနေကို ဆိုလိုသည်။
လေထုညစ်ညမ်းမှုတွင် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု (Ambient/Outdoor Air Pollution) နှင့် အိမ်တွင်း၊ ရုံးတွင်းနှင့် အဆောက်အအုံများအတွင်း လေထုညစ်ညမ်းမှု (Indoor Air Pollution) ဟူ၍ နှစ်မျိုးရှိသည်။ စက်ရုံ၊ အလုပ်ရုံနှင့် မော်တော်ကားများမှထွက်လာသည့်အခိုးအငွေ့များ၊ စက်မှုထွက်ကုန်
များမှ စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေး/တောင်ယာလုပ်ငန်းများမှ ကောက်ရိုး/ရိုးပြတ်များ၊ အမှိုက်များမီးရှို့ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းမှထွက်လာသည့် အခိုးအငွေ့များနှင့် အခြားနေရာဒေသများမှ လေပြင်းတိုက်ခတ်မှုနှင့်အတူ လွင့်မျောပါလာသည့် သဲမှုန့်၊ ဖုန်မှုန့်နှင့် အမှုန်အမွှားလေးများကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။
ထင်း၊ မီးသွေးနှင့် လောင်စာများကို အိမ်တွင်း၊ ရုံးတွင်းနှင့် အဆောက်အအုံများအတွင်း အသုံးပြုခြင်းဖြင့် အခန်းတွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organi-zation-WHO)မှ ၂၀၁၉ ခုနှစ် စစ်တမ်းကောက်ယူချက်များအရ ကမ္ဘာ့လူဦးရေ၏ ၆ ဒသမ ၇ သန်းခန့်သည် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနှင့် အခန်းတွင်းလေထုညစ်ညမ်းမှုများကြောင့် နှစ်စဉ်အချိန်မတိုင်ခင် သေဆုံးမှုများရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့အတူ ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်သည် မသန့်ရှင်းသောလေကို ရှူသွင်းနေကြရကြောင်း၊ အထူးသဖြင့် ဝင်ငွေနည်းသည့်နိုင်ငံများနှင့် ဝင်ငွေအသင့်အတင့်နိုင်ငံများတွင် နေထိုင်သည့်သူများသည် လေထုညစ်ညမ်းမှုကို အများဆုံးခံစားနေရကြောင်း အဆိုပါစစ်တမ်းများ၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ကျွန်ုပ်တို့နေ့စဉ်ရှူသွင်းနေသည့် လေ၏အရည်အသွေးကိုသိရှိနိုင်ရန် လေအရည်အသွေးတိုင်းတာ သည့် အာရုံခံကိရိယာ (Sensor) များဖြင့် တစ်နေရာတည်းတွင် တိုင်းတာခြင်းနှင့် ရွေ့လျားတိုင်းတာခြင်းများဖြင့် တိုင်းတာနိုင်သည်။ ယင်းသို့တိုင်းတာရာတွင် နေရာတစ်ခု၌ တစ်ချိန်တည်းတိုင်းတာပြီး ရလာသည့်ရလဒ်ကို ဖော်ပြ၍မရပါ။ နေရာတစ်ခု၌ အနည်းဆုံး ၂၄ နာရီမှ ၄၈ နာရီအထိ စောင့်ကြည့်တိုင်းတာထားသည့် ပျမ်းမျှတန်ဖိုးကို ဖော်ပြမှသာလျှင် အဖြေမှန်ရရှိမည်ဖြစ်သည်။
အာရုံခံကိရိယာများဖြင့် တိုင်းတာရရှိသည့်တန်ဖိုးများကို အများနားလည်စေရန် လေအရည် အသွေးအညွှန်းကိန်း (Air Quality Index - AQI) ဖြင့် ဖော်ပြကြသည်။ AQI ဆိုသည်မှာ မိမိတို့ ရှူသွင်းလိုက်သည့် လေ၏သန့်ရှင်းမှုကိုတိုင်းတာသည့်အညွှန်းကိန်းဖြစ်ပြီး လေထုညစ်ညမ်းမှုကို အဓိကဖြစ်စေသည့် ဓာတ်ငွေ့များဖြစ်သော ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ အိုဇုန်းနှင့် အမှုန်အမွှားလေးများပါဝင်မှုအပေါ်အခြေခံ၍ ဖော်ပြခြင်းဖြစ်သည်။ AQI တန်ဖိုး သုညမှ ၅၀ (၀-၅၀) အတွင်းသည် လေအရည်အသွေးကောင်းမွန်သည်။ ၅၁ မှ ၁၀၀ အတွင်းသည် အသင့်အတင့်ဖြစ်ပြီး ၁၀၁ မှ ၁၅၀ အတွင်းသည် ခံနိုင်ရည်နည်းပါးသောအုပ်စု များ (ဥပမာ- ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ရောဂါအခံရှိသူများ)အတွက် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ ၁၅၁ မှ ၂၀၀ အတွင်းသည် သာမန်လူများကိုပါ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ၂၀၁ မှ ၃၀၀ ကျော်သည်အထိ ဖြစ်လာပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဖြစ်လာနိုင်သည်။ ထို့ကြောင့် AQI တန်ဖိုးနည်းခြင်းသည် လေထုသန့်ရှင်း သည်ဟု သတ်မှတ်နိုင်ပြီး AQI တန်ဖိုး များလာသည်နှင့်အမျှ ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ AQI အညွှန်းကိန်းများ၏ လေအရည်အသွေးအဆင့်အလိုက် ကျန်းမာရေးအပေါ်သက်ရောက်နိုင်သည့် အခြေအနေကို အများပြည်သူအလွယ်တကူနားလည်စေရန် အရောင်များဖြင့်လည်း အောက်ဖော်ပြပါအတိုင်း ခွဲခြားဖော်ပြကြသည်။
ရန်ကုန်မြို့(ကမ္ဘာအေး)၌ တိုင်းတာရရှိသည့် မှတ်တမ်းများအရ ခြောက်သွေ့ရာသီများဖြစ်သည့် နိုဝင်ဘာလမှ ဧပြီလအတွင်း လေထုညစ်ညမ်းမှုများဖြစ်လေ့ရှိရာ ဖေဖော်ဝါရီလသည် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်ပေါ်သည့်လဖြစ်ကြောင်းတွေ့ရှိရသည်။
အဆိုပါကာလများတွင် လေအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် နေ့စဉ်ပျမ်းမျှစံတန်ဖိုးထက် ကျော်လွန်နေသည်။ မိုးရာသီကာလများဖြစ်သည့် မေလမှ အောက်တိုဘာလတို့အတွင်းတွင် လေထုထဲရှိ ဖုန်မှုန့်များနှင့်အခိုးအငွေ့များသည် မိုးရေနှင့်အတူ ရောပါသွားသောကြောင့် လေအရည်အသွေးကောင်းမွန်သည်ကို တွေ့ရှိရသည်။ ထို့အတူ အလုပ်သွား/ပြန်၊ ကျောင်းသွား/ပြန် စသည့်အချိန်များဖြစ်သော နံနက်ပိုင်း (၇ နာရီမှ ၁၀ နာရီအတွင်း)နှင့် ညနေပိုင်း (၆ နာရီမှ ၉ နာရီအတွင်း)တို့တွင် လေထုညစ်ညမ်းမှုအမြင့်ဆုံးဖြစ်သည်ကိုတွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ လေထုညစ်ညမ်းမှုအများဆုံးဖြစ်တတ်သည့် ကာလများနှင့် အချိန်တို့ကို သိရှိထားခြင်းဖြင့် အဆိုပါကာလများတွင် လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့်အပြုအမူများကို အလေးထားရှောင်ကြဉ်ခြင်း၊ တတ်နိုင်သမျှအပြင်မထွက်ခြင်းနှင့် မဖြစ်မနေထွက်ရမည်ဆိုပါကလည်း နှာခေါင်းစည်း (N95/N99 mask)များ တပ်ဆင်သွားလာခြင်း၊ ခန္ဓာကိုယ်အရေပြားပေါ် အမှုန်/ အမွှားများ တိုက်ရိုက်ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် လုံခြုံသည့် အဝတ်အစားများဝတ်ဆင်၍ သွားလာခြင်း၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေစဉ်အတွင်း နေအိမ်တံခါးများပိတ်၍ လေလည်ပတ်မှုရှိစေရန် အိမ်အတွင်းပိုင်းတွင် ပန်ကာများ၊ လေသန့်စက်များဖွင့်ထားခြင်းတို့ ဆောင်ရွက်သင့်သည်။ သက်ဆိုင်ရာကဏ္ဍအသီးသီးမှလည်း လေထုညစ်ညမ်းမှု လျော့ပါးရေးအတွက် ကြိုတင်စီမံဆောင်ရွက်ခြင်းနှင့် လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ ပြည်သူများအား အသိပညာပေးခြင်း (Awareness)တို့ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုပါ ထိခိုက်နိုင်သည်။ သို့ဖြစ်ပါ၍ မိမိတို့၏ပတ်ဝန်းကျင်လေထု အရည်အသွေးကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများနှင့် မော်တော်ယာဉ်များသည် သက်ဆိုင်ရာဌာနများမှ ချမှတ်ထားသည့် အခိုးအငွေ့ထုတ်လွှတ်မှုဆိုင်ရာ စံချိန်စံညွှန်းများကို တိကျစွာလိုက်နာခြင်း၊ အမှိုက်/တောင်ယာများကို မီးရှို့မည့်အစား မြေဆွေးဖြစ်အောင်ပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ဓာတ်ဆီ/ဒီဇယ်/ဓာတ်ငွေ့ အသုံးပြုခြင်းတို့ကို လျှော့ချခြင်း၊ လောင်စာဆီအသုံးပြုသည့် ကိုယ်ပိုင်ယာဉ်များ အသုံးပြုမည့်အစား အများပြည်သူသုံးယာဉ်များနှင့် Electric Vehicle (EV) ယာဉ်များကိုတတ်နိုင်သမျှ အသုံးပြုခြင်း၊ နီးသည့်နေရာသို့သွားပါက လမ်းလျှောက်သွားခြင်း၊ စက်ဘီးဖြင့်သွားခြင်းနှင့် လေထုသန့်စင်စေရန် အထောက်အကူပြုသည့် သစ်ပင်များစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သင့်သည်။
ယနေ့ရင်ဆိုင်နေရသော လေထုညစ်ညမ်းမှုများသည် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာပျော်ရွှင် အသက်ရှင်နေထိုင်မှုများကို ထိခိုက်စေသောကြောင့် မိမိတို့ပတ်ဝန်းကျင်မှသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမွန်သော လေအရည်အသွေးရရှိစေရန် နိုင်ငံသားအားလုံး တစ်ဦးတစ်ယောက်ချင်းမှအစပြု၍ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အလိုက် အားလုံးပူးပေါင်းပါဝင်ပြီး ဆောင်ရွက်မှသာလျှင် လေထုညစ်ညမ်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ “လေထုအရည်အသွေး ကောင်းမွန်ဖို့ အားလုံးဝိုင်းဝန်း ဆောင်ရွက်စို့” ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။
