အားကောင်းတဲ့အယ်နီညိုနဲ့ ရင်တမမစောင့်ကြည့်ရမယ့် စားနပ်ရိက္ခာဖူလုံရေး
Posted_Date
Image
Body
ဒီနေ့ခေတ် ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုပါပဲ။ ၂၀၂၆ ခုနှစ်ထဲမှာတင်ပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ အာရှဒေသတစ်ခွင်မှာ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် သီးနှံစိုက်ပျိုးမှုတွေတန့်သွားပြီး စားနပ်ရိက္ခာပြတ်လပ်လာလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ တစ်ဟုန်ထိုး မြင့်တက်လာနေပါတယ်။ ပိုပြီးစိုးရိမ်စရာကောင်းနေတာက ရှေ့လျှောက် အားကောင်းတဲ့ အယ်နီညို ရာသီဥတုဖြစ်စဉ်ဖြစ်လာဖို့ ရှိနေတာကြောင့် အခြေအနေတွေကအခုထက်ပိုပြီး ဆိုးရွားပျက်စီးသွားနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကောက်ပဲသီးနှံအဓိကထွက်ရှိရာ အနောက်မြောက်ဘက်လွင်ပြင်ဒေသတွေကနေ သြစတြေးလျနိုင်ငံရဲ့ အရှေ့ဘက် ဂျုံစိုက်ခင်းတွေအထိ၊ ထိုင်းနိုင်ငံရဲ့ စပါးခင်းတွေကနေ အင်ဒိုနီးရှားနိုင်ငံရဲ့ ကျယ်ပြောလှတဲ့ ဆီအုန်းစိုက်ခင်းတွေအထိ နေရာအနှံ့အပြားမှာ အပူချိန်တွေက တစ်ဟုန်ထိုးတက်နေပါတယ်။ မိုးရေချိန်ကလည်း ပုံမှန်ထက် သိသိသာသာနည်းနေတာပါ။ ဒါကြောင့်မို့လို့ သီးနှံတွေပျက်စီးကုန်ပြီး တောင်သူတွေခမျာ စိုက်ပျိုးမယ့်ဧရိယာပမာဏကို မဖြစ်မနေ လျှော့ချနေရတယ်လို့ လယ်သမားတွေ၊ စိုက်ပျိုးရေးသုတေသီတွေနဲ့ ကုန်သည်တွေက ရင်ဖွင့်လာကြပါတယ်။
အယ်နီညိုကြောင့်ဖြစ်ရတဲ့ မိုးခေါင်ရေရှားမှုဟာ အီရန်စစ်ပွဲလိုမျိုး ကမ္ဘာ့နိုင်ငံရေးပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဓာတ်မြေဩဇာနဲ့ ဒီဇယ်ဆီပြတ်လပ်မှုဒဏ်ကို အလူးအလဲခံနေရတဲ့ တောင်သူတွေ အတွက်တော့ “နာလန်ထူခါစမှာ တုတ်နဲ့ အရိုက်ခံရသလို” အထိနာစေတဲ့ ဒုတိယမြောက်ထိုးနှက်ချက်ကြီး ဖြစ်နေပါတယ်။ ရလဒ်အနေနဲ့ကတော့ ကမ္ဘာ့ဈေးကွက်မှာ သီးနှံဈေးနှုန်းတွေတက်ကုန်ပါပြီ။ အမေရိကန်ရဲ့အဓိက စိုက်ပျိုးရေးဒေသတွေမှာ မိုးခေါင်မယ့် စိုးရိမ်စိတ်ကြောင့် ၂၀၂၆ ခုနှစ် အစောပိုင်းကတည်းက ဂျုံဈေးနှုန်းဟာ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားပါတယ်။ အလားတူ အရှေ့တောင်အာရှဒေသရဲ့ အဓိကဆန်တင်ပို့ရာ ဗဟိုချက်တွေမှာလည်း စိုက်ပျိုးစရိတ်ကြီးမြင့်မှုနဲ့ ရိက္ခာပြတ်လပ်မှာကို ကြောက်တဲ့စိတ်ကြောင့် ပြီးခဲ့တဲ့လပိုင်း အတွင်းတင် ဆန်ဈေးနှုန်းဟာ ၁၅ ရာခိုင်နှုန်းလောက်အထိ ထိုးတက်သွားခဲ့ပါတယ်။
သမိုင်းတစ်လျှောက် အားအကောင်းဆုံးလို့ သတ်မှတ်ရမယ့် အယ်နီညိုရာသီဥတုဖြစ်စဉ်က ဒီနှစ်ဒုတိယနှစ်ဝက်မှာပေါ်ပေါက်လာဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါက အာရှဒေသကို ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု သယ်ဆောင်လာမှာဖြစ်သလို၊ အမေရိကတိုက်ဘက်ကိုတော့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်စေမှာပါ။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကလည်း ဒီအခြေအနေကို ပိုပြီးဆိုးဆိုးရွားရွား တွန်းအားပေးနေပါတယ်။ ဂြိုဟ်တုအချက်အလက်နဲ့ ပုံရိပ်ဖော်လုပ်ငန်းတစ်ခုဖြစ်တဲ့ SkyFi က မိုးလေဝသပညာရှင် ခရစ်ဟိုက်က “အယ်နီညိုရဲ့ သက်ရောက်မှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် အရှေ့တောင်အာရှ၊ အိန္ဒိယနဲ့ သြစတြေးလျတို့ကနေ အရင်ဆုံးစတာပါ။ အဲဒီကမှတစ်ဆင့် မြောက်အမေရိက၊ တောင်အမေရိကစတဲ့ ရေအောက်ပိုင်းဒေသတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်သက်ရောက်သွားတာ ဖြစ်ပါတယ်” လို့ရှင်းပြပါတယ်။ ဒါ့အပြင် သူတို့ကုမ္ပဏီရဲ့ ကြည်လင်ပြတ်သားမှုမြင့်မားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အာရှဒေသတချို့မှာ မိုးခေါင်ရေရှားမှုဖြစ်လာနိုင်စေတဲ့ကနဦးလက္ခဏာတွေကို အထင်အရှားစတင်မြင်တွေ့နေရပြီလို့လည်း သူကဆိုပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ထိခိုက်လာရတဲ့စိုက်ခင်းများ
အိန္ဒိယနိုင်ငံမှာဆိုရင် တစ်နှစ်တာ မိုးရေချိန်ရဲ့ ၇၀ ရာခိုင်နှုန်းကိုပံ့ပိုးပေးတဲ့ လေးလတာ မိုးရာသီအတွက်ခန့်မှန်းချက်ကို မိုးလေဝသဌာနက ပြီးခဲ့တဲ့အပတ်ကမှ ထပ်ပြီးလျှော့ချခန့်မှန်းလိုက်ပါတယ်။
နယူးဒေလီမြို့မှာအခြေစိုက်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းတစ်ခုမှ ကုန်သည်တစ်ဦးက “နိုင်ငံတစ်ဝန်းလုံးမှာ အပူချိန်က ပုံမှန်ထက်အများကြီး ပိုမြင့်နေတော့ နွေရာသီသီးနှံတွေကိုအချိန်မီစိုက်ပျိုးဖို့ အခြေအနေ မပေးဘူးဖြစ်နေတယ်။ မုတ်သုံဝင်တာနောက်ကျလို့ စိုက်ပျိုးချိန်နောက်ကျမှာကတစ်ပိုင်း၊ ပိုပြီးစိုးရိမ်ရတာက မိုးဝင်လာပြီးရင်တောင် မိုးရွာသွန်းမှု ပုံမှန်အောက် နည်းနေတာနဲ့ မိုးပြတ်တာတွေကရက်ရှည်ဖြစ်လာနိုင်တာပဲ” လို့ ပြောပါတယ်။ အိန္ဒိယဟာ နွေရာသီမှာ အဓိကအားဖြင့် ဆန်စပါး၊ ပဲပုပ်၊ ပဲမျိုးစုံ၊ ကြံနဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးတာ ဖြစ်ပါတယ်။
အာရှဒေသရဲ့ အရှေ့တောင်ပိုင်းရှိနိုင်ငံတွေမှာဆိုရင်လည်း ဒီလိုခြောက်သွေ့မှုဟာ ဆန်စပါးနဲ့ ဆီအုန်းအထွက်နှုန်းကို အတော်လေးထိခိုက်နေစေပါပြီ။ ထိုင်းနိုင်ငံအလယ်ပိုင်း ချိုင်းနတ်ပြည်နယ်က အသက်၄၇ နှစ်ရှိ တောင်သူတစ်ဦးဖြစ်တဲ့ နီရာဝပ်အိုရာမား က “အားလုံးက မိုးခေါင်မှာကို စိုးရိမ်နေကြတာ။ ဒါက တကယ့်ကို စွန့်စားရတဲ့ကိစ္စပဲ။ ကျွန်တော့်ရဲ့ ဒုတိယအကြိမ်စပါးရိတ်သိမ်းမှု (နွေစပါး) အတွက်ကတော့ အခြေအနေကို စောင့်ကြည့်ရဦးမယ်။
ရေသာမလောက်ဘူးဆိုရင် တစ်နှစ်လုံးမှ စပါးတစ်ခါပဲ စိုက်နိုင်တော့မယ့် အခြေအနေပါ” လို့ ညည်းတွားရှာပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ထိုင်းနဲ့ ဖိလစ်ပိုင်တို့ဟာ သူတို့ရဲ့ အဓိကမိုးစပါးကို ဇွန်လနဲ့ ဇူလိုင်လတွေမှာ စိုက်ပျိုးကြပြီး၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ကတော့ အခုအချိန်မှာ ဒုတိယရာသီသီးနှံတွေကိုစိုက်ပျိုးနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဂျာဗားကျွန်း၊ ဆူမားတြားကျွန်းမြောက်ပိုင်း၊ ကာလီမန်တန်တောင်ပိုင်းနဲ့ ဆူလာဝေစီ ဒေသအချို့မှာ ဆယ်ရက်ကျော်တဲ့အထိ မိုးတစ်စက်မှ မရွာသွန်းခဲ့ဘူးလို့ နိုင်ငံရဲ့မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး ဇွန်လထဲမှာလည်း မိုးရွာသွန်းမှုဟာ အလယ်အလတ်အဆင့်မှ အနည်းငယ်ပဲရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
စျေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း
ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၄၀ ရာခိုင်နှုန်းကို တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း စံချိန်တင် စပါးရိတ်သိမ်းနိုင်ခဲ့လို့ အရန်ဆန်အမြောက်အမြားရှိပေမယ့်လည်း ကမ္ဘာ့ဈေးကွက်ထဲမှာတော့ဆန်ဈေးက တရိပ်ရိပ်တက်နေဆဲပါ။ စင်ကာပူနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သွယ်မှုကုမ္ပဏီတစ်ခုမှကုန်သည်တစ်ဦးက “လောလောဆယ်မှာ ထင်ရှားတဲ့ ဆန်ပြတ်လပ်မှုကြီးမရှိသေးဘဲ ဆန်ဈေးတွေ သိသိသာသာတက်လာတာဟာ အကျပ်အတည်းရဲ့ ထင်ရှားတဲ့ လက္ခဏာပဲ။ ထိုင်းဆန်ဈေးဆိုရင် ပြီးခဲ့တဲ့လကထက် ၁၅ ရာခိုင်နှုန်းလောက် တက်သွားတယ်။ အိန္ဒိယမှာ သူတို့လိုအပ်တာထက် အဆပေါင်းများစွာ ပိုတဲ့ အရန်ဆန်ရှိနေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အိန္ဒိယအစိုးရက ဒီဆန်တွေကို မဟာဗျူဟာမြောက်အရေးကြီးပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပြီး မုတ်သုံရာသီအစပိုင်းမှာ ပြဿနာရှိလာရင် ဆန်တင်ပို့မှုကို ကန့်သတ်ပိတ်ပင်တာမျိုး လုပ်လာနိုင်တယ်ဆိုပြီး အားလုံးကတွက်ဆနေကြတယ်” လို့ သုံးသပ်ပြပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံ ကီယက်နာကင်ဖာထရာ ဘဏ်ရဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ KKP Research ကတော့ ဆည်မြောင်းတွေမှာ ရေအလုံအလောက် ရှိနေသေးတဲ့အတွက် မိုးခေါင်တဲ့ဒဏ်ကို အတိုင်းအတာတစ်ခုအထိတော့ ခုခံနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ သူတို့က “ကျွန်တော်တို့ ပိုပြီး စိုးရိမ်တာက ဓာတ်မြေဩဇာ ရရှိနိုင်မှုပါ။ အကယ်၍ ဓာတ်မြေဩဇာ ပြတ်လပ်မှုသာ တကယ်ဖြစ်လာရင် အဆိုးဆုံးအခြေအနေမှာ ဆန်အထွက်နှုန်းဟာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်” ဆိုပြီးပြောထားပါတယ်။
အခြားတစ်ဖက်မှာလည်း မိုးခေါင်ရေရှားဖြစ်နေတဲ့ သြစတြေးလျလယ်ကွင်းတွေပေါ်ကို မကြာသေးမီက မိုးအနည်းငယ်ရွာချခဲ့လို့ ဂျုံတွေကို နောက်ကျပြီးမှ စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လယ်သမားတွေကတော့ ရှေ့လာမယ့်လတွေမှာ အထွက်နှုန်းကို ထိခိုက်စေမယ့် အယ်နီညိုအန္တရာယ်ကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေရပါတယ်။ သြစတြေးလျ မိုးလေဝသဗျူရိုရဲ့ ခန့်မှန်းချက်အရ နယူးဆောက်ဝေးနဲ့ ကွင်းစလန်းပြည်နယ်တွေမှာရှိတဲ့ စိုက်ပျိုးရေးဒေသ အများအပြားမှာ လာမယ့်သုံးလပတ်ကာလအတွင်း ပုံမှန်ထက်မိုးရေချိန် ၂၀ မီလီမီတာမှ ၄၀ မီလီမီတာအထိလျော့နည်းနိုင်တယ်လို့ သိရပါတယ်။ နယူးဆောက်ဝေးပြည်နယ်အလယ်ပိုင်း ဘာချာမြို့အနီးရှိ တောင်သူဂျွန်လိုဝီက “ကျွန်တော့်ရဲ့ စုစုပေါင်းသီးနှံစိုက်ပျိုးဧရိယာဟာ စိုက်နိုင်သလောက်ထက် ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းနေတုန်းပဲ” လို့ ဆိုပါတယ်။
ထူးခြားတာက အယ်နီညိုရာသီဥတုဖြစ်စဉ်ဟာ တရုတ်နိုင်ငံနဲ့ ပင်လယ်နက်ဒေသတွေအတွက်တော့ သိပ်ပြီးထိခိုက်မှုမရှိဘဲ ပုံမှန်ဖြစ်နိုင်ပြီး၊ အမေရိကတိုက်တွေဆီကိုတော့ မိုးပိုရွာစေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုအဖွဲ့အစည်းဥက္ကဋ္ဌလည်းဖြစ်၊ စိုက်ပျိုးရေးမိုးလေဝသပညာရှင်လည်းဖြစ်တဲ့ ဒရူးလာနာက “စာရင်းဇယားတွေအရပြောရရင် နွေရာသီမှာ အမေရိကန်ရဲ့ရာသီဥတုနဲ့အယ်နီညိုကြား တိုက်ရိုက်ဆက်စပ်မှု သိပ်မရှိပါဘူး။ နှစ်များစွာတုန်းကတော့အယ်နီညိုရှိတဲ့နွေရာသီမှာ မိုးအနည်းငယ်ပိုရတတ်ပါတယ်။ ဒါပေမဲ့ ဒါက ပုံမှန်ထက် မိုးအများကြီး ပိုရွာမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး” လို့ ရှင်းပြပါတယ်။
ခြုံငုံပြီးကြည့်ရမယ်ဆိုရင် အခု ၂၀၂၆ ခုနှစ်ရဲ့ ရာသီဥတုအခြေအနေဟာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် တကယ့်ကို ရင်တမမ စောင့်ကြည့်ရမယ့် စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ အာရှဒေသရဲ့ အဓိက စိုက်ပျိုးရေးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ဟာ ရေရှားပါးမှုကို စတင်ခံစားနေရပြီဖြစ်ပြီး အယ်နီညိုရဲ့ အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်လာမယ့် အလားအလာကြောင့် အခြေအနေတွေဟာ ပိုပြီး စိုးရိမ်စရာကောင်းနေပါတယ်။ သီးနှံအထွက်နှုန်း လျော့ကျနိုင်ခြေနဲ့အတူ ကုန်ဈေးနှုန်းတွေ တက်လာတာဟာသာမန်ပြည်သူတွေရဲ့ စားဝတ်နေရေးအပေါ် တိုက်ရိုက်ရိုက်ခတ်လာနိုင်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စိုက်ပျိုးရေးပညာရှင်တွေအနေနဲ့ ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အရေးပေါ်ပြင်ဆင်မှုတွေကို အလေးအနက် စဉ်းစား လုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်။
Ref: RT
