ကျန်းမာသော ကမ္ဘာမြေအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး
Posted_Date
Image
Body
ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီး၏ ကျန်းမာလှပစိုပြည်ရေးကို လူသားများ အလေးထားဂရုပြုရမည့်အပြင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးသည် နည်းပညာတိုးတက်မှု၊ စက်မှုလုပ်ငန်းများ ထွန်းကားလာမှုနှင့် စီးပွားရေးတိုးတက်မှုတို့ကြောင့် လူသားတို့၏ ဘဝအဆင့်အတန်း တိုးတက်လာသော်လည်း တစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများလည်း ပိုမိုပြင်းထန်နေပါသည်။
ထိုပြဿနာများအနက် ကျွန်ုပ်တို့ လူသားများနှင့် သတ္တဝါများ၏ ရေရှည်ရှင်သန်မှုကို အကြီးမား ဆုံးခြိမ်းခြောက်နေသည့် ပြဿနာမှာ ရာသီဥတု ပြောင်းလဲမှု (Climate Change) ဖြစ်သည်။ ရာသီ ဥတုပြောင်းလဲမှုက နိုင်ငံတစ်နိုင်ငံတည်း၏ ပြဿနာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဖြေရှင်းရမည့် အရေးပေါ်ကိစ္စတစ်ရပ်လည်း ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ပျမ်းမျှ အပူချိန်မြင့်တက်လာခြင်း၊ ရေခဲတောင်များ အရည် ပျော်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မုန်တိုင်းနှင့် ရေကြီးရေလျှံမှုများ ပိုမိုပြင်းထန် လာခြင်း၊ မိုးခေါင်ခြင်းနှင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှု ကျဆင်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ထိုအခြေ အနေများက လူသားတို့၏ ကျန်းမာရေး၊ အစားအသောက်ဖူလုံရေး၊ စီးပွားရေးတည်ငြိမ်မှုနှင့် ဇီဝ မျိုးစုံမျိုးကွဲများအပေါ် အလွန်အမင်း သက်ရောက်မှုရှိသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို နားလည်သဘောပေါက်ပြီး တိုက်ဖျက်ရန် နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍများ၊ ပညာရေးအဖွဲ့ အစည်းများနှင့် ပြည်သူလူထုအားလုံး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါသည်။
ရာသီဥတုဆိုသည်မှာ တစ်ဒေသ၏ အပူချိန်၊ မိုးရွာသွန်းမှု၊ လေတိုက်နှုန်း၊ စိုထိုင်းဆနှင့် အခြား မိုးလေဝသအခြေအနေများကို အနည်းဆုံးနှစ်ပေါင်း ၃၀ ခန့်ကြာ စုစည်းလေ့လာ၍ ရရှိသော ပျမ်းမျှပုံစံကို ဆိုလိုပါသည်။
ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ
ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ ရာသီဥတု ပုံစံများတွင် ရေရှည်ကာလအတွင်း ဖြစ်ပေါ်လာသော အဓိကအပြောင်းအလဲများကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းအပြောင်းအလဲများက သဘာဝ အကြောင်းရင်းများကြောင့် ဖြစ်နိုင်သကဲ့သို့ လူသားများ၏ လုပ်ဆောင်မှုများကြောင့်လည်း ဖြစ်ပေါ်နိုင် သည်။ ယနေ့ကာလတွင် တွေ့ရှိရသော ရာသီဥတု ပြောင်းလဲမှု၏ အဓိက အကြောင်းရင်းမှာ မှန်လုံအိမ် ဓာတ်ငွေ့များ တိုးပွားလာခြင်းဖြစ်သည်။ မှန်လုံအိမ်ဓာတ်ငွေ့များ အဆမတန်များပြားလာသည့် အကျိုးဆက်များကြောင့် နေမှလာသော အပူများက ကမ္ဘာမြေအပြင်သို့ ပြန်ထွက်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့လေထုအတွင်း ပိတ်မိနေကာ ကမ္ဘာ့မျက်နှာပြင် ပျမ်းမျှအပူချိန် တဖြည်းဖြည်းမြင့်တက်လာပြီး ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေပါသည်။
ကမ္ဘာကြီးအား လွှမ်းပတ်ခြုံထားသော အိုဇုန်းလွှာ ဟုခေါ်သည့် ပါးလွှာသည့် အငွေ့တန်းအလွှာကြီး က သက်ရှိများအားလုံးကို ထီးသဖွယ် ကာကွယ်တားဆီးပေးထားသည်။ သဘာဝက ပေးထားသော အိုဇုန်းလွှာကြီးက နေရောင်ခြည်တွင် ပါလာသည့် အန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ မကျရောက်စေရေးအတွက် ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးသည်။ အကယ်၍ အိုဇုန်းလွှာတစ်ရာခိုင်နှုန်း ပျက်စီးလျှင် ကမ္ဘာမြေပြင်ပေါ်တွင် ခရမ်းလွန်ရောင်ခြည် နှစ်ရာခိုင်နှုန်း တိုးပွားလာမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲလာခြင်းသည် ကမ္ဘာကြီးပိုမို ပူနွေးလာခြင်းကြောင့်ဖြစ်သည်။
လက်ရှိကမ္ဘာပူနွေးလာမှု၏ အဓိကအကြောင်းရင်းမှာ
လက်ရှိကမ္ဘာပူနွေးလာမှု၏ အဓိကအကြောင်းရင်းမှာ ကမ္ဘာကြီးကို ပိုမိုပူနွေးစေသော ဂုဏ်သတ္တိ များရှိသည့် မှန်လုံအိမ်ဓာတ်ငွေ့များ (ကာဗွန်ဒိုင် အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုက်၊ မြေပြင်ရှိအိုဇုန်း၊ ကလိုရိုဖလူရိုကာဗွန်၊ ဟိုက်ဒရို ကလိုရို ဖလူရိုကာဗွန်စသည်) များပြားလာခြင်း ကြောင့် ဖြစ်သည်။
မှန်လုံအိမ်အာနိသင်ဆိုသည်မှာ နေရောင်ခြည်မှ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာသော အပူစွမ်းအင်၏ တစ်စိတ်တစ်ပိုင်းကို လေထုအတွင်းရှိ မှန်လုံအိမ် ဓာတ်ငွေ့များက ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။ သဘာဝအခြေအနေတွင် ဤဖြစ်စဉ်သည် ကမ္ဘာမြေကို နေထိုင်ရန် သင့်လျော်သော အပူချိန်တွင် ထိန်းသိမ်းပေးသည်။ သို့သော် မှန်လုံအိမ်ဓာတ်ငွေ့များ အလွန်အကျွံတိုးပွားလာသောအခါ အပူများ ပိုမိုထိန်းသိမ်းထားပြီး ကမ္ဘာပူနွေးလာမှုကို ဖြစ်စေသည်။
ကမ္ဘာ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို အလွန်အမင်း အသုံးပြုလာရခြင်းကြောင့် လေထုထဲသို့ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ အမြောက်အမြားထုတ်လွှတ်လျက်ရှိခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ဓာတ်မြေ ဩဇာ အသုံးပြုမှုမှ နိုက်ထရပ်အောက်ဆိုက်များ ထွက်ရှိခြင်းနှင့် မွေးမြူရေးလုပ်ငန်းများမှ မီသိန်းဓာတ်ငွေ့ထွက်ရှိခြင်းတို့သည်လည်း လေထုထဲတွင် မှန်လုံအိမ်ဓာတ်ငွေ့များ များပြားလာရသည့် အကြောင်းရင်းများလည်း ဖြစ်သည်။
သစ်ပင်နှင့် သစ်တောများက လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်သော သဘာဝ ကာဗွန်သိုလှောင်ရာများဖြစ်သော်လည်း သစ်တောများအား ခုတ်ထွင်ဖျက်ဆီးမှုနှင့် မြေယာအသုံးချမှု ပြောင်းလဲမှုများကြောင့် သစ်ပင်သစ်တောများ ရှားပါးလာကာ ကာဗွန်စုပ်ယူနိုင်စွမ်း လျော့နည်း လာသည်။ ထို့အပြင် မြို့ပြဖွံ့ဖြိုးမှုနှင့် လူဦးရေ တိုးပွားလာခြင်းတို့ကြောင့် စွမ်းအင်သုံးစွဲမှုများ တိုးလာပြီး သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ ပိုမိုများပြားလာပါသည်။ ထို့ကြောင့် ကာဗွန်ဓာတ်ငွေ့စုပ်ယူနိုင်သည့် အပင်နှင့် သစ်တောများ ရှားပါးလာသည့်အပြင် လူသားတို့အသုံးပြုရာမှ ထွက်ရှိလာသည့် ကာဗွန်ဓာတ်ငွေ့များက ပိုမို များလာပြီး လေထုထဲတွင် မှန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုတိုးပွားလာပါသည်။
ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာခြင်းကြောင့် အပူလှိုင်းများဖြစ်ပွား
ရာသီဥတုပြောင်းလဲမှုက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တစ်ခုလုံးအပေါ် ကျယ်ပြန့်စွာ သက်ရောက်မှုရှိသည်။ ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာခြင်းကြောင့် အပူလှိုင်းများ မကြာခဏ ဖြစ်ပွားသည်။ ရေခဲတောင်များနှင့် ရေခဲလွှာများ အရည်ပျော်လာပြီး ပင်လယ်ရေမျက်နှာပြင် တိုးမြင့် လာသည်။ ကမ်းရိုးတန်းဒေသများတွင် ရေကြီးရေလျှံမှု၊ မြေဆားငန်တက်ခြင်းနှင့် မြေဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည်။ ထို့အပြင် မိုးရွာသွန်းမှုပုံစံများ မမှန်ကန်ခြင်းကြောင့် တချို့ဒေသများတွင် မိုးခေါင်မှု များ ဖြစ်ပွားပြီး တချို့ဒေသများတွင် မိုးများလွန်ကဲ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည်။ ပင်လယ်ရေ အပူချိန်မြင့်တက်လာမှုကြောင့် သန္တာကျောက်တန်းများ ပျက်စီးပြီး ပင်လယ်ဇီဝမျိုးစုံ မျိုးကွဲများ ထိခိုက်လာသည်။
ရာသီဥတုပြောင်းလဲမှုသည် လူတို့၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးစနစ်များကို အလွန်အမင်းထိခိုက်စေပြီး စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးကို ထိခိုက်စေပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် မိုးရွာသွန်းမှု မမှန်ကန်ခြင်း၊ ရေရှားပါးမှုနှင့် ပိုးမွှား များ တိုးပွားလာခြင်းကြောင့် သီးနှံအထွက်နှုန်း လျော့နည်းလာပြီး အစားအသောက်ဖူလုံရေးကို သက်ရောက်စေပါသည်။ ကျန်းမာရေးကဏ္ဍတွင် အပူချိန်မြင့်တက်လာမှုကြောင့်ဖြစ်သော ရောဂါများ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများ၊ ရေမှတစ်ဆင့် ကူးစက်ရောဂါ များနှင့် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ တိုးပွား လာသည်။ ရာသီဥတုပြောင်းလဲမှုများကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ မကြာခဏကြုံတွေ့ လာရပြီး လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို အထူးခံစားနေရသည်။ မိုးရွာသွန်းမှုပုံစံ မမှန်ကန်ခြင်းကြောင့် စပါး၊ ပဲနှင့် ဆီထွက်သီးနှံများ ထုတ်လုပ်မှု ထိခိုက်နေသည်။ မုန်တိုင်းများ တိုက်ခတ်ပြီး ရေကြီးရေလျှံခြင်းများကြောင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင် ဆားငန်ရေ ဝင်ရောက်လာပြီး စိုက်ပျိုးမြေများ ပျက်စီးလာသည်။ အပူချိန်မြင့်တက်မှုနှင့် ရေရှားပါးမှုကြောင့် အထူးသဖြင့် အပူပိုင်းဒေသများတွင် ပြည်သူများ၏ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု ထိခိုက်လျက်ရှိသည်။
ကမ္ဘာ့နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် နိုင်ငံတကာ သဘောတူညီချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ United Nations Framework Convention on Climate Change (UNFCCC) သည် ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံ အုတ်မြစ်တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့ သော Paris Agreement သည် ကမ္ဘာ့ အပူချိန် မြင့်တက်မှုကို စက်မှုမတိုင် မီကာလနှင့်နှိုင်းယှဉ်၍ ၁.၅°C အတွင်း ထိန်းသိမ်းရန် ရည်ရွယ်ထားပါသည်။
ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ကာကွယ်ခြင်း (Mitigation) နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်ခြင်း (Adaptation) ဟူသော နည်းလမ်းနှစ်မျိုးကို အသုံးပြုသည်။ ကာကွယ်ခြင်း တွင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်များ အသုံးပြု ခြင်း၊ သစ်ပင်/သစ်တော ထိန်းသိမ်းခြင်းတို့ ပါဝင်သည်။ လိုက်လျောညီထွေဖြစ် ပြင်ဆင်ခြင်းတွင် ရေအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ မိုးခေါင်ခြင်းကြောင့် ရေငတ်ဒဏ်ခံ သီးနှံများစိုက်ပျိုးခြင်းနှင့် သဘာဝဘေး အန္တရာယ် ကြိုတင်သတိပေးစနစ်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးသည် နိုင်ငံတော်အစိုးရတစ်ခုတည်း တာဝန်မဟုတ်ဘဲ ပြည်သူလူထုအားလုံး၏ တာဝန်ဖြစ်သည်။ တစ်ဦးချင်းအနေဖြင့် လျှပ်စစ်နှင့် ရေကို ချွေတာအသုံးပြု ခြင်း၊ အများသုံးသယ်ယူပို့ဆောင်ရေး အသုံးပြုခြင်း၊ ပလတ်စတစ် လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ကို လက်တွေ့လုပ်ဆောင် ခြင်းဖြင့် တတ်အားသရွေ့ပါဝင်နိုင်သည်။ ကျောင်းများ၊ တက္ကသိုလ်များနှင့် လူမှုအဖွဲ့အစည်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား ပိုမို အလေးထားအာရုံစိုက်နိုင်ရေး ရည်ရွယ်၍ ပတ်ဝန်း ကျင်ဆိုင်ရာ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးပါသည်။ ထို့ပြင် အခြေခံကျောင်းများ သင်ရိုးညွှန်းတမ်းများတွင် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အကြောင်းအရာ များ ထည့်သွင်းသင်ကြားခြင်းအားဖြင့် နောင်တစ်ချိန် လူကြီးဖြစ်လာမည့် လူငယ်များကို ပတ်ဝန်း ကျင်နှင့် ကမ္ဘာမြေကြီးကို ထိန်းသိမ်းတတ်သော စိတ်နှင့်သဘာဝကို ချစ်မြတ်နိုးတတ်သောစိတ်များ မွေးမြူပေးရန်လည်း အရေးကြီးလှပါသည်။
စီးပွားရေးလုပ်ငန်းများအနေဖြင့် စွမ်းအင်ချွေတာခြင်းနှင့် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်များ တတ်နိုင်သမျှအသုံးပြုခြင်း၊ သန့်ရှင်းသော နည်းပညာများ အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲ မှု ကောင်းမွန်စေခြင်းနှင့် Environmental, Social and Governance (ESG) စံနှုန်းများကို လိုက်နာခြင်း တို့ဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်နိုင်ပါသည်။
ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်ခြင်းသည် လက်ရှိကျွန်ုပ်မျိုးဆက်၏ လုပ်ဆောင်မှုများ အပေါ်တွင် မူတည်နေသည်။ ယနေ့ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များသည်အနာဂတ်မျိုးဆက်များ ရရှိ မည့် သဘာဝပတ်ဝန်းကျင် အရည်အသွေးကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝအရင်းအမြစ် များကို အကျိုးရှိစွာအသုံးပြု၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာမြေကြီးနှင့် လူသားမျိုးနွယ်အတွက် အကြီးမားဆုံးစိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ယင်း၏ အကျိုးဆက်များက သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍ အားလုံးကို ကျယ်ပြန့်စွာ ထိခိုက်စေသည်။ သို့သော် လူသားတို့၏ အသိပညာ၊ နည်းပညာနှင့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ယင်းပြဿနာကို လျှော့ချ ထိန်းချုပ်နိုင်သည်။
ယခုနှစ်၏ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်သည် လူတိုင်း၏ တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ထင်ဟပ် ဖော်ပြပါသည်။ နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်း နှင့် ပြည်သူလူထုအားလုံး တက်ကြွစွာ ပါဝင်မှသာ ကမ္ဘာမြေကြီးကို ကျန်းမာပြီး ရေရှည်တည်တံ့သော နေထိုင်ရာနေရာကြီးအဖြစ် အနာဂတ်မျိုးဆက်များထံ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။
ကိုးကားစာရင်း
IPCC, 2023. Climate Change 2023: Synthesis Report
UNFCCC, 1992. United Nations Framework Convention on Climate Change
UNDP, 2022. Climate Change Adaptation in Myanmar
World Bank, 2021. Climate Risk Country Profile: Myanmar
MDN (မြန်မာ့အလင်း)
Photo crd heyclipart
