မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့
Posted_Date
Image
Body
အပူချိန်မြင့်မားလာမှု
ယခုနှစ်ကုန်ပိုင်း (အောက်တိုဘာလမှ ဖေဖော်ဝါရီလ)တွင် အလွန်အားကောင်းသော စူပါအယ်လ်နီညိုအဆင့်ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်လာက ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ မြန်မာနိုင်ငံတွင် လက်ရှိနှစ်များအတွင်း အပူချိန်တိုးလာခြင်း၊ ပူပြင်းခြောက်သွေ့လာခြင်းနှင့် အယ်လ်နီညိုဖြစ်စဉ်များ၏ သက်ရောက်မှုများသည် ပိုမိုထင်ရှားလာလျက်ရှိသည်။ အထူးသဖြင့် ချောက်၊ မင်းဘူး၊ မြင်းမူ၊ ညောင်ဦးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် အပူချိန်မြင့်မားမှုဒဏ်ကို ပိုမိုခံစားကြရသည်။ အပူပိုင်းဒေသ ၁၃ ခရိုင်သည် မူလကပင် မိုးနည်းပြီး ခြောက်သွေ့သော ဒေသများဖြစ်သဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့်အယ်လ်နီညိုတို့ ပေါင်းစပ် သက်ရောက်လာပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍ အသီးသီးအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်သည်။
ထို့ကြောင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကို ကာကွယ်နိုင်ရန် နည်းလမ်းစုံဖြင့် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်သည်။
အနောက်တောင်မုတ်သုံလေ
အနောက်တောင်မုတ်သုံလေသည် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ စိုထိုင်းသောလေထုများကို သယ်ဆောင်လာသော မိုးရာသီလေဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများတွင် မိုးရွာသွန်းမှု၏ အဓိကအရင်းအမြစ်ဖြစ်သည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ နှစ်စဉ်မိုးရေချိန်အများစုကို သယ်ဆောင်လာပြီး နိုင်ငံတစ်ဝန်း မိုးများစွာရွာသွန်းစေသည်။ မြေသားကို စိုစွတ်စေကာ သစ်ပင်များရှင်သန်ကြီးထွားရန် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးသည်။ ပတ်ဝန်းကျင်ကိုလည်း စိမ်းလန်းစိုပြည်စေသည်။ ယင်းမုတ်သုံလေသည် နှစ်စဉ် မေလခန့်မှစက်တင်ဘာလအထိ တိုက်ခတ်လေ့ရှိပြီး စိုက်ပျိုးရေး၊ သစ်တောနှင့် ရေသယံဇာတများအတွက် အလွန်အရေးပါသည်။
သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်
အနောက်တောင်မုတ်သုံလေကြောင့် မိုးရွာသွန်းလာသောအခါ မြေဆီလွှာသည် စိုစွတ်ပျော့ပျောင်းလာပြီး သစ်ပင်ပျိုးပင်များ၏အမြစ်များ လွယ်ကူစွာထိုးဖောက်ကြီးထွားနိုင်သည်။ မုတ်သုံမိုးနှင့်အတူ သစ်ပင်များ အချိန်ကိုက်စိုက်ပျိုးနိုင်ခြင်းကြောင့် မိုးရေမှသဘာဝအတိုင်း ရေရရှိပြီး အစိုဓာတ်ရရှိသဖြင့် ပျိုးပင်၊ စိုက်ပင်များ ရှင်သန်နှုန်းလည်းမြင့်မားသည်။ ရေသွင်း၊ ရေလောင်းစရိတ်သက်သာခြင်း၊ မြေဆီလွှာတိုက်စားမှုလျော့နည်းခြင်း၊ သဘာဝအပူချိန်လျော့ကျစေခြင်း၊ အပင်ကြီးထွားနှုန်းကောင်းမွန်ခြင်း၊ အစိမ်းရောင်ဖုံးလွှမ်းမှု တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများရရှိသည်။ ထို့ကြောင့် မုတ်သုံရာသီကို “သစ်ပင်စိုက်ပျိုးရေးရာသီ” ဟု ခေါ်ကြသည်။
ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု၊ အပူချိန်မြင့်တက်လာမှု၊ ရေရှားပါးမှု၊ မြေဆီလွှာပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာနေသည့်အချိန်တွင် သစ်ပင်စိုက်ပျိုးခြင်းသည် အနာဂတ်အတွက်အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာသည်။ မြန်မာ့ရိုးရာစကားပုံတစ်ခုတွင် “မြေဆီစိုခိုက် သစ်ပင်စိုက်” ဟု ဆိုရိုးရှိသည်။ မုတ်သုံမိုးရွာသွန်းချိန်သည်ကား မြေဆီလွှာများ ရေဓာတ်ပြည့်ဝပြီး အပင်ငယ်များ အမြစ်တွယ်ရန်၊ ရှင်သန်ကြီးထွားရန် အကောင်းဆုံးနှင့်အသင့်လျော်ဆုံး အချိန်အခါသမယဖြစ်သည်။ မုတ်သုံမိုးနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝနှင့်ကိုက်ညီသည့်
အကောင်းဆုံးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေစိမ်းလန်းစိုပြည်ရန်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များတည်ငြိမ်စေရန် မုတ်သုံမိုးနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တစ်ခဲနက်ဆောင်ရွက်ကြရမည့်အချိန်ပင်ဖြစ်သည်။
သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ
ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်များသည် လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ထုတ်ပေးသဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချပေးနိုင်သည်။ သစ်တောများသည် သဘာဝကာဗွန်သိုလှောင်ကန်များဖြစ်ပြီး ရာသီဥတုမျှတ တည်ငြိမ်ရေးအတွက် အရေးပါသည်။ သစ်ပင်၊ သစ်တောများသည် ကမ္ဘာပေါ်ရှိ ကုန်းသတ္တဝါများ၊ တောရိုင်းတိရစ္ဆာန်များ၊ ငှက်နှင့်အင်းဆက်ပိုးမွှားများအပါအဝင် မျိုးစိတ်ပေါင်း ၈၀ ရာခိုင်နှုန်းကျော်၏ မှီတင်းနေထိုင်ရာ အိမ်ဂေဟာဖြစ်သည်။
သစ်တောများကို ထိန်းသိမ်းခြင်းဖြင့် မျိုးသုဉ်းလုနီးပါး သားငှက်တိရစ္ဆာန်များကို ကာကွယ်ပေးနိုင်သည်။
ရေအရင်းအမြစ်ထိန်းသိမ်းခြင်းဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်၊ သစ်တောများသည် မိုးရေကို ဖမ်းယူစုပ်ယူထားပြီး မြေအောက်ရေလွှာကို ပြန်လည်ဖြည့်တင်းပေးကာ မြစ်၊ ချောင်း၊ အိုင်၊ သောက်ရေတွင်းများသို့ တစ်နှစ်ပတ်လုံး ရေကြည်ရေသန့်စီးဆင်းစေရန် ထိန်းညှိပေးသည်။ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေစီးဆင်းမှုနှုန်းကို လျှော့ချပေးနိုင်သဖြင့် ရုတ်တရက်ရေကြီးခြင်းကို ကာကွယ်ပေးသကဲ့သို့ ခြောက်သွေ့ရာသီတွင်လည်း ရေငွေ့ပြန်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကိုစိုစွတ်စေပြီး မိုးခေါင်ရေရှားမှုကိုသက်သာစေသည်။
သစ်ပင်များ၏အမြစ်စနစ်သည် မြေဆီလွှာကို မြဲမြံစွာဆွဲကိုင်ထားပြီး မိုးရေကြောင့် မြေသားပြုန်းတီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ တောင်ပြိုခြင်းနှင့် မြစ်ချောင်းများ သဲနုန်းတင်ခြင်း၊ မြေဆီလွှာတိုက်စားမှုများကို တိုက်ရိုက်ကာကွယ်ပေးသည်။
ထို့ပြင် မြေအောက်ရေပြန်လည်ဖြည့်တင်းနိုင်ရန်လည်း အထောက်အကူပြုသည်။လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူးများ။ ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်းပေါင်းများစွာသည် သစ်တောကဏ္ဍအပေါ်တွင် မှီခိုပြီး အသက်မွေးနေကြရသည်။ နေအိမ်ဆောက်လုပ်ရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးတို့အတွက်လိုအပ်သော သစ်၊ ဝါး၊ ကြိမ်တို့အပြင် နေ့စဉ်ချက်ပြုတ်ရန် ထင်း၊ မီးသွေးနှင့် အဖိုးတန်သစ်တောထွက်ပစ္စည်းများကို ပံ့ပိုးပေးသည်။ သစ်တောများမှ ရိုးရာတိုင်းရင်းဆေးများအတွက် ဆေးဖက်ဝင်အပင်များ၊ သဘာဝမှို၊ မျှစ်၊ သစ်သီးဝလံများ၊ ငှက်သိုက်နှင့် ပျားရည်ကဲ့သို့သော အာဟာရဓာတ်ပြည့်ဝသည့်အစားအစာများကို ပံ့ပိုးပေးသည်။
ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်များသည် လေထုထဲရှိ ဖုန်မှုန့်များ၊ မီးခိုးငွေ့များနှင့် နိုက်ထရိုဂျင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်ကဲ့သို့သော အဆိပ်ငွေ့များကို စုပ်ယူဖယ်ရှားပေးပြီး သန့်ရှင်းသော အောက်ဆီဂျင်ကိုထုတ်လုပ်ပေးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို လျှော့ချပေးသည်။ သစ်ပင်များသည်အရိပ်ရစေခြင်း၊ လေကောင်းလေသန့် ရရှိစေခြင်း၊ အပူချိန်လျှော့ချပေးခြင်းနှင့် မြို့ပြအလှတရားတိုးတက်စေသည်။
သစ်တောများနှင့် စိမ်းလန်းသော ပတ်ဝန်းကျင်သည် လူသားတို့၏ စိတ်ဖိစီးမှု၊ သွေးတိုးရောဂါနှင့် စိုးရိမ်ပူပန်မှုများကို သိသိသာသာလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းနိုင်ကြောင်း ဆေးပညာအရ သက်သေပြထားသည်။ သစ်ပင်ကြီးများ ထူထူထပ်ထပ်ရှိသည့်နေရာများသည် သစ်ပင်မရှိသည့် မြို့ပြကွန်ကရစ်နေရာများထက် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ် အထိ ပိုမိုအေးမြသည်။ အိမ်ခြံဝင်းအတွင်းနှင့်ကျေးရွာ၊ ရပ်ကွက်များတွင် သစ်ပင်များစိုက်ပျိုးထားခြင်းဖြင့် သက်ကြီးရွယ်အိုများ အပူဒဏ်ရှောင်ရှားနားခိုနိုင်ပြီး အေးမြသည့် လေကောင်းလေသန့်ကို ရရှိကာ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာပါ ဘေးကင်းလုံခြုံမှုကိုရရှိစေသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်ပြုခြင်းဖြစ်ပြီး ဇရပ်၊ တန်ဆောင်း၊ဂူကျောင်း၊ ပြာသာဒ်နှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသောကုသိုလ်ကိုရရှိခံစားနိုင်ကာ အသက်ရှည်ကျန်းမာ ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံး စိမ်းလန်းစေဖို့
၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာမှုများအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း (ဧရိယာဧက ၇၀ ဒသမ ၄၇ သန်း) ရှိသည်။ လက်ရှိနှင့်အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအတွက် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုမျှတကောင်းမွန်ရေး၊ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာစေရေးအတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းထိတိုးလာစေရန် စီမံကိန်းများချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သဘာဝတောများကို စနစ်တကျစီမံအုပ်ချုပ်နေသကဲ့သို့ တောနိမ့်၊ တောကျဲပါးသော နေရာများတွင်လည်း သစ်တောစိုက်ခင်း အမျိုးမျိုးကို အရှိန်အဟုန်မြှင့်တင် တည်ထောင်စိုက်ပျိုးလျက်ရှိသည်။
သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီအတွင်း သစ်တောစိုက်ခင်းမျိုးစုံဧရိယာဧက ၃၀၃၃၉ ဧက၊ အပင်ပေါင်း ၂၁ ဒသမ ၃၆ သန်းကို လျာထားစိုက်ပျိုးလျက်ရှိသည်။ အပူပိုင်းဒေသ ၁၃ ခရိုင်နှင့် နွေရာသီတွင် အပူချိန်မြင့်မားခဲ့သည့် မြို့နယ်များအပါအဝင် သစ်ပင်များစိုက်ပျိုးရန် အထူးလိုအပ်လျက်ရှိသော မြို့နယ်များ၊ နေရာဒေသများတွင် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းနှင့် နိုင်ငံတော်ပိုင် သစ်တောစိုက်ခင်း ဧရိယာဧက ၁၇၇၃၉ ဧက၊ အပင်ပေါင်း ၉ ဒသမ ၇၄ သန်း လျာထားစိုက်ပျိုးလျက်ရှိသည်။ အာဆီယံလမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ အမြန်လမ်းမကြီးများ၊ ခရိုင်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများနှင့် ရထားလမ်းဘေးဝဲယာတို့တွင်လည်း အရိပ်ရပြီး စိမ်းလန်းစိုပြည်စေရန် အပင်ပေါင်း ၄၀၃၃၄၈ ပင် လျာထားစိုက်ပျိုးလျက်ရှိသည်။
သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ သစ်တောသစ်ပင်ထိန်းသိမ်းရေး အသိစိတ်ဓာတ်များ ပိုမိုမြင့်မားလာစေရေးနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ပါဝင်လာစေရန် အတွက် ကျန်းမာကြံ့ခိုင်သည့် ၂ နှစ်သား၊ အမြင့် ၂ ပေအထက် ပျိုးပင်များကိုအခမဲ့ဖြန့်ဖြူးပေးလျက်ရှိရာ
ယခုနှစ်တွင် ပျိုးပင် ၇ ဒသမ ၈၁ သန်းကျော် လျာထားဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူလူထုပူးပေါင်း ပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်။ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စုစုပေါင်း ၃၀၆ ကြိမ်၊ ပျိုးပင်ပေါင်း ၂၅၁၃၄၀ ပင် လျာထားစိုက်ပျိုးလျက်ရှိသည်။
ပြည်သူလူထုပူးပေါင်းပါဝင်ခြင်း
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက်သာမက ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် လူသားတို့၏အနာဂတ်ကို ကာကွယ်ခြင်းလည်းဖြစ်သည်။ သစ်တောများသည် ပြည်သူလူထု၏ နေ့စဉ်ဘဝ၊ အသက်မွေးဝမ်းကျောင်းမှု၊ ရေနှင့် စားရေရိက္ခာဖူလုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးဆုံးအချက်တစ်ရပ်ဖြစ်သည်။ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီမှ စတင်ပြီး သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများတွင် အောက်ပါအတိုင်းပူးပေါင်း ပါဝင်နိုင်သည်-
ကျောင်းသား၊ ကျောင်းသူများ သစ်ပင်စိုက်ပျိုးခြင်း။ ကျောင်းဖွင့်ရာသီ မုတ်သုံမိုးဦးကာလတွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၌ “သစ်ပင်စိုက်ပျိုးပွဲများ” ကျင်းပကာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့စိုက်ပျိုးသောအပင်ကို မိမိတို့ကိုယ်တိုင် ရှင်သန်အောင်ပြုစုပျိုးထောင်သည့် အလေ့အထကောင်းများမွေးမြူခြင်း၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး အရိပ်ရအပင်များ၊ စားပင်သီးပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းတို့ဆောင်ရွက်နိုင်သည်။
မိသားစုအလိုက်သစ်ပင်စိုက်ပျိုးခြင်း။ မိမိတို့၏ မွေးနေ့အထိမ်းအမှတ်၊ မင်္ဂလာအထိမ်းအမှတ်၊ သားသမီးရတနာ ထွန်းကားသည့်အထိမ်းအမှတ် စသည်ဖြင့် အထိမ်းအမှတ်နေ့များတွင် သစ်ပင်များစိုက်ပျိုးခြင်းကို ဆောင်ရွက်နိုင်သည်။ ထို့ပြင် အိမ်ထောင်စုအလိုက် မိမိတို့၏ အိမ်၊ ခြံဝင်းနှင့် လယ်ယာကန်သင်းများတွင် စားပင်၊ သီးပင်၊ အရိပ်ရအပင်များ၊ လေကာတန်းပင်များ၊ တစ်အုပ်တစ်မစိုက်ခင်းများ၊ သီးနှံသစ်တောရောနှော စိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း ဆောင်ရွက်နိုင်သည်။
ကျေးရွာလူထုဖြင့်သစ်ပင်စိုက်ပျိုးခြင်း။ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်း၊ ကျေးရွာလမ်း၊ ကျေးရွာချင်းဆက်နှင့် ခရိုင်ချင်းဆက် လမ်းဘေးဝဲယာများတွင် အရိပ်ရအမြဲစိမ်းသစ်ပင်များစိုက်ပျိုးခြင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးခန်း၊ ကျေးရွာပိုင်မြေကွက်လပ်များတွင် အရိပ်ရအပင်များစိုက်ပျိုးခြင်း၊ ကျေးရွာအနီး သစ်တောကျဲပါးသော တောင်ကုန်း၊ တောင်ထိပ်များတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ စမ်းချောင်းများ၊ ရေကန်များပတ်လည်နှင့် သဘာဝရေထွက်များတွင် ရေဝေရေလဲထိန်းသိမ်းရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းတို့ ဆောင်ရွက်နိုင်သည်။
မြို့ပြသစ်တောများတည်ထောင်ခြင်း။ ရပ်ကွက်၊ မြို့ပြလမ်းဘေးဝဲယာများတွင် အရိပ်ရအမြဲစိမ်း သစ်ပင်များ၊ သင်းရနံ့မွှေးပျံ့သော အပင်များ၊ ရာသီအလိုက် ရောင်စုံဖူးပွင့်သော အပင်များစိုက်ပျိုးခြင်း၊ မြို့ပြသစ်တောများနှင့် ဥယျာဉ်ငယ်များ၊ ပန်းခြံများ၊ အစိမ်းရောင်လွင်ပြင်များ ဖန်တီးတည်ထောင်ခြင်း တို့ကို ဆောင်ရွက်နိုင်သည်။
လူမှုရေးအသင်းအဖွဲ့များနှင့်ကုမ္ပဏီများ၏ လူမှုအကျိုးပြုလုပ်ငန်းများ။ ပရဟိတအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများက မိမိတို့၏လူမှုအကျိုးပြုလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ် သစ်ပင်စိုက်ပျိုးပွဲများ စုပေါင်းဆင်နွှဲခြင်း၊ ဂေဟစနစ်ပြန်လည်တည်ထောင်ရေး စိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။
အသိပညာပေးရေးလှုပ်ရှားမှုများ။ လူငယ်များအနေဖြင့်လည်း သဘာဝထိန်းသိမ်းရေးတွင် အရေး ပါသော အင်အားစုများ ဖြစ်ကြသဖြင့် သစ်ပင်စိုက်ပျိုးရေး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သကဲ့သို့ ဆိုရှယ်မီဒီယာများမှတစ်ဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေး အသိပညာပေးရေး လှုပ်ရှားမှုများ၊ အစိမ်းရောင်လှုပ်ရှားမှုများအဖြစ် ပြည်သူလူထုပိုမိုပူးပေါင်း ပါဝင်လာစေရန် လှုံ့ဆော်စည်းရုံး ဆောင်ရွက်နိုင်သည်။
မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့မိုးရာသီသစ်ပင်များစိုက်ပျိုးရာတွင် “တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေး” အတွက် စိုက်ပျိုးသည့် ရည်ရွယ်ချက်၊ စိုက်ပျိုးမည့်နေရာဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော ဒေသမျိုးရင်းသစ်မျိုးများကို အလေးထားရွေးချယ်ပြီး နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးကြရမည်ဖြစ်သည်။ ဥပမာ ပူပြင်း ခြောက်သွေ့မှုဒဏ်ခံနိုင်သော သစ်မျိုးများ၊ ကြီးမြန်အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ကောင်းစွာပေးစွမ်းနိုင်သည့် အမြဲစိမ်းသစ်မျိုးများ၊ လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရည်ရှိသော အပင်မျိုးများ၊ မြေဆီလွှာ ထိန်းသိမ်းနိုင်သည့် သစ်မျိုးများ၊ ရေရှည်တွင် မြို့ပြဖွံ့ဖြိုးမှုကို ထိခိုက်မှုမရှိစေနိုင်သည့် သစ်မျိုးများ၊ ရတနာတန်းဝင် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်သောသစ်မျိုးများ၊ မျက်စိပသာဒဖြစ်စေမည့် သစ်မျိုးများ စသည်ဖြင့် စနစ်တကျရွေးချယ်ကာ စိုက်ပျိုးကြရသည်။
စိုက်ပျိုးမည့်မြေနေရာကို စနစ်တကျမြေပြုပြင်ဆောင်ရွက်မှု၊ မြေအစိုဓာတ်လုံလောက်စွာရရှိမှု၊ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုတို့သည် အဓိကကျသည်။ ထို့ပြင် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပျိုးထောင်မှု၊ ပျိုးပင်များ ကြံ့ခိုင်သန်စွမ်းမှု၊ နေရာဒေသအပေါ်မူတည်၍ စိုက်မည့်ကျင်းအရွယ်အစား မှန်ကန်မှု၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှု၊ မြေဆီအာဟာရပြည့်ဝစေရန်အတွက် လိုအပ်သည့်သွင်းအားစုများ ထည့်သွင်းမှုတို့ကို အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးပြီးနောက်ပိုင်းတွင်လည်း ရာသီအလိုက်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ မြေစိုဓာတ်ထိန်းသိမ်းခြင်း၊ ကျွဲနွားတိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိစေရန်ကာကွယ်ခြင်း စသည့်ပြုစုထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြမှသာ စိုက်သမျှအပင်များကောင်းမွန်စွာ ရှင်သန်မည်ဖြစ်သည်။ မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံး အနောက်တောင်မုတ်သုံလေနှင့်အတူ မုတ်သုံမိုးတို့ ဖြိုင်ဖြိုင် ရွာသွန်းတော့မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်ဖို့ “မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက်သစ်ပင်စိုက်ကြစို့” ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။ ။
MWD
