AI အသုံးပြုပုံဖော်လာမယ့် တရုတ်နိုင်ငံရဲ့ခေတ်မီ တပ်မတော် တည်ဆောက်ရေး

Posted_Date

Image

AI အသုံးပြုပုံဖော်လာမယ့် တရုတ်နိုင်ငံရဲ့ခေတ်မီ တပ်မတော် တည်ဆောက်ရေး

Body

      နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ "Two Sessions" အစည်းအဝေးတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုရဲ့ အနာဂတ်လမ်းကြောင်းကိုလှမ်းကြည့်နိုင်တဲ့ အရေးအကြီးဆုံးပြတင်းပေါက်တစ်ခုပါပဲ။ ၂၀၂၆ ခုနှစ်ရဲ့ အစည်းအဝေးတွေကနေ ထွက်ပေါ်လာတဲ့ သတင်းစကားက အရင်နှစ်တွေကထက် ပိုမိုရှင်းလင်းပြတ်သားလာသလို ပိုပြီးတော့လည်း လေးနက်မှုရှိလာပါတယ်။ ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေးအရ တင်းမာမှုတွေ၊ မတည်ငြိမ်မှုတွေ မြင့်တက်နေချိန် တရုတ်အစိုးရက နိုင်ငံတော်လုံခြုံရေးနဲ့စစ်ဘက်ဆိုင်ရာ ခေတ်မီဆန်းသစ်မှုလုပ်ငန်းစဉ်တွေကို ရေရှည်မဟာဗျူဟာရဲ့ဗဟိုချက်မှာ အခိုင်အမာနေရာချထားလိုက်ပြီဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျစစ်အင်အားပြိုင်ဆိုင်တာမျိုးမဟုတ်ဘဲ နည်းပညာအသစ်တွေနဲ့ ကမ္ဘာ့အခင်းအကျင်းကိုပြောင်းလဲဖို့ ကြိုးစားလာတာပါ။ အထူးသဖြင့် အနောက်အုပ်စုရဲ့လွှမ်းမိုးမှုကို စိန်ခေါ်နိုင်မယ့်  နည်းပညာအခြေပြု  အင်အားတစ်ရပ် တည်ဆောက်ဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။

ဒီနှစ်အစည်းအဝေးတွေက တရုတ်နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးရှုပ်ထွေးတဲ့ နောက်ခံအခြေအနေတွေကြားမှာ ကျင်းပခဲ့တာပါ။ ဒါပေမဲ့ စီးပွားရေးအရ သတိထားနေရတဲ့ အခြေအနေဟာ တရုတ်နိုင်ငံခေါင်းဆောင်ပိုင်းအတွက် မဟာဗျူဟာမြောက်တွန့်ဆုတ်သွားစေဖို့ အကြောင်းရင်းမဖြစ်ခဲ့ပါဘူး။ အဲဒီအစား ခေါင်းဆောင်ပိုင်းက ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုံခြုံရေးဆိုတာ တစ်ခုနဲ့တစ်ခုအပြန်အလှန် အားဖြည့်ပေးရမယ့် အရာတွေဖြစ်တယ်လို့ ပိုပြီးတော့တောင် အလေးထားလာပါတယ်။  ဒါကြောင့်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ခေတ်မီလာအောင် တည်ဆောက်တဲ့လုပ်ငန်းဟာ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိသတ်မှတ်ထားတဲ့ ငါးနှစ်စီမံကိန်းရဲ့ အဓိကအနှစ်သာရဖြစ်လာတာပါ။

စီးပွားရေးက လုံခြုံရေးကို ထောက်ပံ့ရမယ်၊ လုံခြုံရေးက စီးပွားရေးကို အကာအကွယ်ပေးရမယ်ဆိုတဲ့မူဝါဒကို အသေအချာကိုင်စွဲလိုက်တာ ဖြစ်ပါတယ်။ 

နိုင်ငံတော်ရဲ့ အရင်းအမြစ်အားလုံးကို စစ်ဘက်ဆိုင်ရာ ခေတ်မီဖို့အတွက် အားသွန်ခွန်စိုက် အသုံးချမယ့် အခြေအနေလည်းဖြစ်ပါတယ်။

အခုအချိန်မှာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်ပုံတွေက အခြေခံကနေစပြီးပြောင်းလဲသွားခဲ့ပါပြီ။ အဓိကကတော့ စီးပွားရေးမူဝါဒတွေကို အမျိုးသားလုံခြုံရေး ဦးစားပေးလုပ်ငန်းတွေနဲ့ တစ်သားတည်းဖြစ်အောင်ညှိနှိုင်းလိုက်တာပါပဲ။ ဒီလိုချဉ်းကပ်မှုအတွက် အခရာကျတာကတော့ ကာကွယ်ရေး၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနဲ့ ဉာဏ်ရည်တု (AI) နည်းပညာတွေမှာ တခြားနိုင်ငံတွေကို အားကိုးစရာမလိုဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ကြိုးပမ်းတာပဲဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံအနေနဲ့ အနာဂတ်မှာ ကမ္ဘာ့အဆင့်မီ စစ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ AI နည်းပညာအပေါ် အကြီးအကျယ် အလောင်းအစားလုပ်ပြီး ပုံအောရင်းနှီးမြှုပ်နှံလိုက်တာပဲဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ ထိပ်ဆုံးရောက်မှသာ ကမ္ဘာ့ဇာတ်ခုံမှာ အသံကျယ်ကျယ်ထွက်နိုင်မယ်ဆိုတာကို သူတို့ကောင်းကောင်းကြီး နားလည်ထားပုံရပါတယ်။ ဒီလို နည်းပညာဆိုင်ရာ ကိုယ်ပိုင်ရပ်တည်နိုင်မှုဟာ ပြည်ပရဲ့ပိတ်ဆို့အရေးယူမှုတွေ ဒါမှမဟုတ်ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့အတွက် အဓိကအသက်သွေးကြောဖြစ်လာပါလိမ့်မယ်။

တရုတ်စစ်ဘက်ပညာရှင်တွေ အသုံးပြုလျက်ရှိတဲ့"Intelligentization" (ဉာဏ်ရည်ထက်မြက်အောင် ပြုလုပ်ခြင်း) ဆိုတဲ့ စကားလုံးက တရုတ်တပ်မတော်ရဲ့ တတိယအဆင့် အသွင်ကူးပြောင်းမှုပါ။ အရင်ကစက်မှုအင်အား (Mechanization) နဲ့ သတင်းအချက်အလက် (Informatization) အဆင့်တွေကို ကျော်ဖြတ်ပြီးပြီလို့ သူတို့ကယူဆပါတယ်။ အခုအဆင့်မှာတော့ AI၊ အလိုအလျောက်စနစ်တွေနဲ့ အဆင့်မြင့် ဒေတာကွန်ရက်တွေကို စစ်ဆင်ရေးတွေထဲမှာ အသားကျအောင် ထည့်သုံးမှာပါ။ ဒါဟာ စစ်မြေပြင်မှာဆုံးဖြတ်ချက်တွေချမှတ်ရာမှာ လူထက်မြန်တဲ့ AI က ကူညီပေးမှာဖြစ်သလို တပ်မှူးတွေအနေနဲ့လည်း ရှေ့တန်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့သိနေအောင် လုပ်ပေးမှာပါ။ သူတို့လိုချင်တာက "Decisionmaking Dominance" လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချမှတ်မှုမှာ အမြဲတမ်းအသာစီးရနေဖို့ပါပဲ။ ပြိုင်ဘက်တွေထက် သတင်းအချက်အလက်ကို ပိုပြီးမြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်ရင် ဘယ်လိုစစ်ပွဲမှာမဆို အနိုင်ရမယ်လို့ သူတို့က ယုံကြည်နေကြပါတယ်။

အနာဂတ်စစ်ပွဲတွေဟာ ခန္ဓာကိုယ်ကိုပေးဆပ်အရင်းအနှီး ပြုရတဲ့စစ်မြေပြင်မှာပဲ ဖြစ်မှာမဟုတ်တော့ဘူးလို့ တရုတ်နိုင်ငံက ဟောကိန်းထုတ်ထားပါတယ်။ အခုဆိုရင် "Meta-wars" လို့ခေါ်တဲ့ နယ်ပယ်ပေါင်းစုံ စစ်ပွဲတွေဖြစ်လာနေပါပြီ။ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းအချက်အလက်အမှားတွေနဲ့  လူတွေရဲ့ စိတ်ဓာတ်ကိုထိန်းချုပ်တဲ့ စစ်ဆင်ရေးတွေဟာ သမားရိုးကျစစ်လက်နက်တွေနဲ့ ပေါင်းစပ်သွားမှာပါ။ ဒါကို ပြင်ဆင်ဖို့အတွက် တရုတ်တပ်မတော်က AI နည်းပညာအပြင်  ကွမ်တမ်ကွန်ပျူတာ၊ အသံနှုန်းလွန်လက်နက်နဲ့ နောက်ဆုံးပေါ် စောင့်ကြည့်ရေးစနစ်တွေကို အာရုံစူးစိုက်ရမယ်လို့ အစိုးရကညွှန်ကြားထားပါတယ်။ ဒီနည်းပညာတွေဟာ နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ယနေ့ကမ္ဘာမှာ တရုတ်နိုင်ငံကို မဟာဗျူဟာမြောက်အမြင့်ဆုံးနေရာကို ရောက်အောင်ပို့ပေးလိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

ဒီလိုကြီးမားတဲ့ ခေတ်မီဆန်းသစ်မှုတွေလုပ်နိုင်ဖို့ တရုတ်နိုင်ငံက စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ နည်းလမ်းကိုသုံးပါတယ်။ ဒီမှာအရပ်ဘက်ကထွက်ပေါ်လာတဲ့ နည်းပညာသစ်တွေ၊ တက္ကသိုလ်တွေက သုတေသနတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ တီထွင်မှုတွေကို စစ်ဘက်ဆိုင်ရာမှာ အဟန့်အတားမရှိ ပေါင်းစပ်လိုက်တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နည်းပညာပိုင်းမှာ အောင်မြင်မှုတွေ အမြန်ဆုံးရလာနိုင်သလို နိုင်ငံရဲ့စက်မှုအခြေခံကိုလည်း ပိုပြီးခိုင်မာစေပါတယ်။ နည်းပညာပိုင်းမှာတင်မကဘဲ တပ်မတော်အတွင်း စည်းကမ်းကိုလည်း အကြီးအကျယ် တင်းကျပ်ထားပါတယ်။ သမ္မတရှီကျင့်ဖျင်က အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံရေးသစ္စာမရှိမှုတွေအတွက် တပ်မတော်မှာနေရာမရှိရဘူး လို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။ ဒါကြောင့်လည်း ၂၀၂၂ ခုနှစ်ကစပြီး စစ်ဘက်အရာရှိကြီး အယောက် ၁၀၀ ကျော်လောက်ကို စုံစမ်းစစ်ဆေးတာ ဒါမှမဟုတ် ရာထူးမှထုတ်ပယ်တာတွေ လုပ်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွက် တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ယွမ် ၁ ဒသမ ၉ ထရီလီယံ (ဒေါ်လာ ၂၇၈ ဘီလီယံခန့်)ရှိပြီး   ၇  ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ဒါဟာ အမေရိကန်ရဲ့ အသုံးစရိတ်ဖြစ်တဲ့ ဒေါ်လာ ၁ ဒသမ ၀၁ ထရီလီယံနဲ့ယှဉ်ရင် အများကြီးနည်းနေပါသေးတယ်။ ဒါပေမဲ့ တရုတ်ရဲ့ အသုံးစရိတ်က အလယ်အလတ်အဆင့်မှာပဲရှိနေပြီး စီးပွားရေးအရ ရေရှည်တည်တံ့နိုင်ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်လို ကမ္ဘာအနှံ့စစ်အခြေစိုက်စခန်းတွေ လိုက်ဆောက်ဖို့ထက်  ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကို  ကာကွယ်နိုင်မယ့်၊ ဟန့်တားမှုရှိတဲ့ ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်လာရေးကိုပဲ အာရုံစိုက်နေတာပါ။ ရန်ပုံငွေအသစ်တွေကို အရေအတွက်ထက် အရည်အသွေးပိုင်းကို ဦးစားပေးပြီး AI နဲ့ စမတ်နည်းပညာတွေ ဖွံ့ဖြိုးဖို့အတွက်ပဲ အဓိကသုံးစွဲနေတာဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် Two Sessions ကနေ မြင်လိုက်ရတဲ့ အချက်အလက်တွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် တရုတ်နိုင်ငံရဲ့ ခေတ်မီတပ်မတော်ဟာ အနာဂတ်အတွက် အပြည့်အဝအာရုံစိုက်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သူတို့ဟာ စစ်အင်အားကိုပဲ အရေအတွက်အားဖြင့် ချဲ့ထွင်နေတာမဟုတ်ပါဘူး။ ယင်းအစား လုံခြုံရေး၊ နည်းပညာနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာတွေကို တစ်ခုနဲ့တစ်ခုခွဲခြားမရနိုင်အောင် အသစ်တစ်ဖန် ပြန်လည်ပုံဖော်နေတာပါ။ ဒါဟာ တရုတ်နိုင်ငံအတွက် ခေတ်သစ်တစ်ခုကို လျှောက်လှမ်းဖို့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာချနေတာပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေက တရုတ်နိုင်ငံကို အာရှဒေသတွင်းမှာတင် မကဘဲ  ကမ္ဘာ့အဆင့်မှာပါ  မဟာဗျူဟာမြောက် အနေအထားတစ်ခုဆီကို တွန်းပို့ပေးနေပါတယ်။

တရုတ်နိုင်ငံရဲ့ ဒီလိုလုပ်ဆောင်မှုတွေဟာ ကမ္ဘာ့လုံခြုံရေးအခင်းအကျင်းအတွက်လည်း အရေးကြီးတဲ့ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ တရုတ်အစိုးရရဲ့ အဖြေကတော့ရှင်းပါတယ်။ ချိန်ညှိထားတဲ့အင်အားသုံး မဟာဗျူဟာကိုကျင့်သုံးပြီး အဆင့်မြင့်နည်းပညာတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့၊ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းတွေကို ပိုပြီး အားကောင်းအောင် လုပ်ဖို့နဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ထိန်းညှိသုံးစွဲဖို့ဖြစ်ပါတယ်။ ဒါဟာ ပြောင်းလဲနေတဲ့ ကမ္ဘာ့စနစ်အသစ်မှာ တရုတ်နိုင်ငံရဲ့နေရာကို အခိုင်အမာရယူနိုင်ဖို့အတွက် အကြီးမားဆုံးသော ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ အနာဂတ်မှာဖြစ်လာနိုင်တဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့အသင့်ပြင်ထားတဲ့ သဘောပါပဲ။ ဒါဟာ တရုတ်နိုင်ငံရဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ပိုပြီးတော့ မသေချာမရေရာဖြစ်လာနေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ တရုတ်အစိုးရအနေနဲ့ ကမ္ဘာကိုပေးလိုက်တဲ့ သတင်းစကားကအင်မတန်မှရှင်းလင်းပြတ်သားပါတယ်။ လုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ သီးခြားစီသွားလို့ရတဲ့ ပန်းတိုင်တွေမဟုတ်တော့ပါဘူး။ သူတို့ဟာ မဟာဗျူဟာမြောက်ဒင်္ဂါးပြားတစ်ခုရဲ့ တစ်ဖက်တစ်ချက်စီသာဖြစ်ပြီး တစ်ခုမရှိရင် နောက်တစ်ခုဆိုတာကလည်း အဓိပ္ပာယ်မဲ့သွားမှာပါ။ ဒါကြောင့် တရုတ်နိုင်ငံဟာ သူတို့ရဲ့ AI စွမ်းအင်အသုံးပြုမယ့် တပ်မတော်ကြီးကို အောင်မြင်အောင်တည်ဆောက်ပြီး နိုင်ငံရဲ့လုံခြုံရေး မဟာတံတိုင်းကြီး ကို အခိုင်မာဆုံးတည်ဆောက်သွားဖို့ပဲ ဆက်လက်ခြေလှမ်းပြင်နေဦးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ခြေလှမ်းတွေက သူတို့ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ရုံတင်မကဘဲ ကမ္ဘာ့အခင်းအကျင်းအသစ်မှာ ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကိုပါရည်မှန်းထားတာပါ။  ဒါကြောင့် တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကနေ ဘယ်လိုအောင်မြင်မှုတွေ ထွက်ပေါ်လာဦးမလဲဆိုတာ ကမ္ဘာတစ်ဝန်းက စောင့်ကြည့်ရမှာဖြစ်ပါတယ်။

MWD