ဉာဏ်ရည်တုလှိုင်းများ (၇)
Posted_Date
Image
Body
လက်ရှိ အေအိုင်အဆင့်အတန်းသည် အထွေထွေ သုံးနည်းပညာအဆင့်သို့ မရောက်သေး။ သို့သော် အထွေထွေသုံးနည်းပညာတို့လိုမျိုး ပါဝါပြန်လည် ဖြန့်ဝေမှု စတင်နေပြီဖြစ်သည်ကို သတိပြုမိသည်။ များသောအားဖြင့် အထွေထွေသုံးနည်းပညာတို့၏ ပါဝါပြန်လည်ဖြန့်ဝေမှုမှာ အဘက်ဘက်သို့ ပျံ့နှံ့ သွားသလား၊ ဗဟိုချက်တွင် စုသွားသလားဆိုသည့် အဓိက ပုံစံနှစ်မျိုးရှိသည်။ ယခုအေအိုင်မှာမူ ရှေ့က ပြောခဲ့ဖူးသလို ပျံ့နှံ့သည်လည်းရှိသလို ဗဟိုချက်တွင် စုသွားသည်လည်းရှိသည်ကို အံ့ဩစရာ တွေ့ရသည်။ နည်းပညာတစ်ခု၏ ပါဝါပြန်လည်ဖြန့်ဝေမှုကို လေ့လာခြင်းမှာ အလွန်ကျယ်ပြန့် ပါသည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ခြေယမ်းလက်ယမ်းနည်းဖြင့် ကိုယ်မြင်သလောက်သာ ဆွေးနွေးသွားမည်ဖြစ်၍ ပိုမြင်နိုင်ကြသူများ သည်းခံကြပါ။ ဤဆောင်းပါးတွင် ပြောလိုသည်မှာ အေအိုင်သည် နည်းပညာတစ်ခု၊ ကိရိယာတစ်ခုသာမဟုတ်တော့ဘဲ ပါဝါပြန်လည်ဖြန့်ဝေသည့် စနစ်တစ်ခု ဖြစ်လာနေပြီဆိုသည့်အချက်ပင်။
လူအများစုအနေဖြင့် အေအိုင်ကို စကားအပြန်အလှန်ပြောနိုင်သော၊ အလုပ်အတွက်ဖြစ်ဖြစ်၊ ကျောင်းအတွက်ဖြစ်ဖြစ် အကြံဉာဏ်ရသော၊ ကိုယ်လိုချင်သည့်ပုံများ၊ ဗီဒီယိုများဖန်တီးစေနိုင်သော ကိရိယာတစ်ခုအဖြစ်သာ မြင်နေရသေးသည်။ သို့သော် ထိုအတိုင်းအတာမှာပင် ပါဝါပြန်လည် ဖြန့်ဝေမှုကို မြင်နေရသည်။ ယခင်က ကိုယ်မလုပ်နိုင်သောအရာများကို လုပ်နိုင်နေသည့် ခံစားချက်ကောင်းတစ်ခု ရရှိနေသည်မဟုတ်ပါလား။ ယင်းသည်ပင်လျှင် အေအိုင်ကပေးလာသည့် ပါဝါဖြစ်သည်။ ထိုပါဝါသည် အင်တာနက်အသုံးပြုနိုင်သော လူတိုင်းဆီသို့ ပျံ့နှံ့ရောက်ရှိသည်။ သုံးခြင်း၊ မသုံးခြင်းက ပုဂ္ဂလိကရွေးချယ်မှုသာ။
ကျွန်တော်ကိုယ်တိုင်လည်း အေအိုင်ထံမှ အကျိုးကျေးဇူးနည်းနည်းပါးပါး လက်တွေ့ရရှိထား၍ ထိုသို့ ပြောနိုင်ခြင်းဖြစ်သည်။ အေအိုင်မတိုင်ခင် နည်း ပညာများအရဆိုလျှင် ကျွန်တော့်လို ဘာမှမဟုတ်သူ တစ်ယောက်အနေဖြင့် စမတ်ဖုန်းတွင်သုံးနိုင်သည့် အက်ပ်တစ်ခုဖန်တီးဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်။ သို့သော် အေအိုင်နှင့် အပြန်အလှန်မေးမြန်းစုံစမ်းကြည့်ပြီးနောက် အက်စ်ကျူအယ်လ်၊ အေပီအိုင်တို့သုံးထားသော အက်ပ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ စီးပွားဖြစ်မဟုတ်၍ ပလေးစတိုးသို့ မတင်သည့်တိုင် မိတ်ဆွေသူငယ်ချင်းများနှင့်မျှဝေပြီး ပျော်ပျော်ရွှင်ရွှင်သုံးနိုင်သည့် အက်ပ်တစ်ခု ဖြစ်လာသည်။ ထိုအခါတွင်မှ အေအိုင်ကပေးလာသည့်ပါဝါကို သတိပြုမိလိုက်ခြင်းဖြစ်သည်။
ကျွန်တော့်လို လူတစ်ယောက်ပင် အက်ပ်တစ်ခုရေးနိုင်သည်ဆိုလျှင် ပရိုဂရမ်မာတစ်ယောက်ဆိုလျှင် စီးပွားဖြစ်အက်ပ်တစ်ခုကို ကောင်းကောင်းစတင်နိုင်စရာရှိသည်။ ကောင်းသည့်အချက်ဖြစ်သည်။ ကျွန်တော့်သမီး ခုနစ်တန်းတက်မည့်ကျောင်းသူက ပန်းချီဆွဲရသည်ကို ဝါသနာပါသည်။ သူသိလိုသည့်အချက်များကို အေအိုင်ကိုမေးပြီး ကွန်ပျူတာပေါ်တွင်ရော စာရွက်များပေါ်တွင်ပါ သူဖန်တီးလိုသည်တို့ကို ပိုပြီးကောင်းကောင်းဖန်တီးလာနိုင်သည်ကို အံ့ဩစရာတွေ့ရသည်။ ကောင်းသည့်အချက်ဖြစ်သည်။ ဓာတ်ပုံ၊ ဗီဒီယိုတို့နှင့်ဆိုင်သည့် အေအိုင်များလည်းရှိရာ ဝါသနာပါသူတို့အဖို့ မီဒီယာစတူဒီယိုတစ်ခု တည်ဆောက်ဖို့ ဖြစ်နိုင်လောက်သည်။ ကောင်းသည့်အချက်ဖြစ်သည်။ သို့သော် မကောင်းသည့်အပိုင်းဆိုလျှင်ရော။
သာမန်လိမ်လည်သူတစ်ယောက်သည် တစ်ချိန်က လူအများနှင့်ပေါင်းပြီးမှ လုပ်နိုင်မည့် လိမ်လည်မှုမျိုးကို အေအိုင်သုံးပြီး တစ်ယောက်တည်း လုပ်လာနိုင်စရာမရှိဘူးလား။ ရှိနိုင်ပါသည်။ သတင်းများကို ကြည့်ခြင်းအားဖြင့် အေအိုင်ကို ဘယ်လိုသုံးသလဲ အတိအကျမသိရသည့်တိုင် အေအိုင် ကိုသုံးပြီး လိမ်လည်မှုများက အမှန်တကယ်ရှိနေပြီဖြစ်သည်။ ထိုအတိုင်း ဆက်ပြီးနှိုင်းယှဉ်ကြည့်လျှင် သဘာဝအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က သူ့လှုံ့ဆော်မှုများကို အေအိုင်သုံးပြီး လူများများ အသိဉာဏ်ပွင့်လာအောင်လုပ်နိုင်သလို အကြမ်းဖက်သမားတစ်ယောက်ကလည်း အေအိုင်သုံးပြီး အကြမ်းဖက်လုပ်ငန်းများလုပ်ဖို့ ပိုပြီးသွေးဆောင်လာနိုင်သည် မဟုတ်ပါလား။ ယင်းမှာ အေအိုင်၏ တစ်ဦးတစ်ယောက်ချင်းစီသို့ ပါဝါပြန်လည်ဖြန့်ဝေမှု၏ နှစ်ဖက်သွားဓားသဘာဝကို ပြနေခြင်းဖြစ်သည်။
တစ်ဦးတစ်ယောက်ချင်းအဆင့်တွင် ပါဝါပျံ့နှံ့မှုကိုမြင်ရသည့်တိုင် ကော်ပိုရေးရှင်းကြီးများအဆင့်တွင် ပါဝါဗဟိုချက်ပြုသွားသည်ကို မြင်ရသည်မှာလည်း အံ့ဩစရာဖြစ်သည်။ ဘာကြောင့်လဲဆိုလျှင် အခြေခံအဆောက်အအုံ ကြီးကြီးမားမားလိုသောကြောင့်ဟု အကြမ်းဖျင်းဆိုနိုင်သည်။ နည်းနည်းချဲ့ ပြောလျှင် အချက်အလက်၊ တွက်ချက်မှု၊ သုတေသီများ၊ စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကြောင့်ဖြစ်သည်။
အေအိုင်တိုးတက်မှုသည် အတွက်အချက်ပေါ်တွင် အခြေခံသည်။ သို့သော် အဆင့်မြင့်အေအိုင် ချစ်ပ်များကို လူတိုင်းထုတ်နိုင်သည်မဟုတ်။ လက်ရှိ အနေအထားတွင် အေအိုင်ဂျီပီယူဈေးကွက်ကို အင်န်ဗီးဒီးယားက ချုပ်ထားသည်။ အေအိုင် မိုဒယ်ကြီးတစ်ခုလည်ပတ်ရန် အဆင့်မြင့်အေအိုင် ဂျီပီယူ သောင်းနှင့်ချီပြီး လိုအပ်သည်။ ဂျီပီတီ-၄ အဆင့် အေအိုင်တစ်ခုအတွက်ဆိုလျှင်ပင် ဒေါ်လာဘီလီယံနှင့်ချီ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြသည်များရှိသည်။ ပေးနိုင်သည်ထားဦး၊ အင်န်ဗီးဒီးယားက ရောင်းဦးမှဖြစ်သည်။
အေအိုင်တစ်ခုကို လေ့ကျင့်ဖို့ အချက်အလက်များစွာလိုသည်။ ထို့ကြောင့် အချက်အလက်ဗဟိုဌာနကြီးများ ပိုင်ဆိုင်ထားသော မိုက်ခရိုဆော့ဖ်၊ အမေဇုန်၊ ဂူဂဲလ်တို့က ထိုအပိုင်းကို ချုပ်ထားသည်။ ဟိုက်ပါအဆင့် ကလောက်ဒ်ကုမ္ပဏီကြီးများဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ အေအိုင်အက်ပ်တစ်ခု တည်ဆောက်လိုသည်ဆိုပါစို့။ ကိုယ့်ဘာသာကိုယ် အချက်အလက်အနည်းငယ်ဖြင့် စတင်လည်ပတ်ဖို့မှာ ဖြစ်နိုင်သော်လည်း အလှမ်းဝေးသည်။ ရှိပြီးသား အဇူးဝါး၊ အေဒဗလျူအက်စ်၊ ဂူဂဲလ်ကလောက်ဒ်တို့အပေါ်တွင် မောင်းသည်က မြန်ဆန်သက်သာပြီး လက်ရှိအနေအထားအရ အဓိပ္ပာယ်ရှိသည့် အလုပ်လည်းဖြစ်သည်။
စွမ်းအင်ပိုင်းသည်လည်း အရေးကြီးသည်။ အချက်အလက်ဗဟိုဌာနကြီးများ တည်ဆောက်ဖို့ ကြီးမားသည့် စွမ်းအင်အရင်းအမြစ်များ လိုအပ်သည်။ ဥပမာ ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီမီတာသည် အချက်အလက်များအတွက် စွမ်းအင်ပေးဖို့ နျူကလီးယားဓာတ်ပေါင်းဖို အငယ်စားများကို သုံးရန် စီစဉ်ထားပြီဖြစ်သည်။ ဒေါ်လာ ၁၄ ဘီလီယံတန်သည်ဟု ကြားရသည့် ထိုသဘောတူညီချက်အရ ဝပ်အား ဘီလီယံနှင့်ချီ၍ ထုတ်ပေးမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် အစပိုင်းတွင် လျှပ်စစ်စတင်ထုတ်ပေး နိုင်မည်ဟု သိရသည်။ ယင်းမှာ သန်းနှင့်ချီသော နေအိမ်များကိုပေးနိုင်သည့် လျှပ်စစ်အရင်းအမြစ် မျိုး ဖြစ်သည်။ မကြာသေးခင်ကလည်း နည်းပညာသူကြွယ်ကြီး အီလွန်မက်စ်က စွမ်းအင်မလုံလောက်တော့သဖြင့် အချက်အလက်ဗဟိုဌာနများကို ကမ္ဘာပတ်လမ်းပေါ်သို့တင်ပြီး နေရောင်ခြည်စွမ်းအင်ဖြင့် လည်ပတ်မည်ဟုပြောသည်ကို ကြားလိုက်ရဖူးသည်။
ယခုအနေအထားအထိကြည့်လျှင် တီထွင်ဆန်းသစ်မှုအပိုင်း၌ ဗဟိုချက်မရှိတော့။ အေအိုင်သုံးပြီး လူတိုင်းတီထွင်ဆန်းသစ်နိုင်သည်။ ကိုယ့်စိတ်ကူးကောင်းလျှင် ကောင်းသလို အကျိုးအမြတ် ခံစားရမည်။ သို့သော် အခြေခံအဆောက်အအုံများမှာ ဗဟိုချက်များ၌စုသွားသည်။ ဆိုလိုသည်မှာ တစ်နိုင်တစ်ပိုင် အလုပ်လေးများလုပ်လျှင်ဖြစ်စေ တစ်အုပ်တစ်မ အလုပ်ကြီးများလုပ်လျှင်ဖြစ်စေ ကိုယ့်စိတ်ကူးများကို အရင်ကထက်ပိုပြီး အကောင်အထည် ဖော်နိုင်အောင် အေအိုင်က ပံ့ပိုးပေးသည်။ သို့သော် ကော်ပိုရိတ်ကြီးများ ခင်းပေးထားသည့် ပလက်ဖောင်းပေါ်မှ သွားရမည်။
ထို့ကြောင့် ထိပ်ဆုံးအပိုင်းတွင် ကွာခြားသွား၏။ နောက်ဆုံးပေါ် စွမ်းအားအကောင်းဆုံး အေအိုင်မိုဒယ်ကြီးများကို တည်ဆောက်နိုင်သည်မှာ အိုးပင်းအေအိုင်၊ အန်သရိုးပစ်၊ ဂူဂဲလ်ဒိမိုင်းဒ်၊ မီတာတို့လို လက်တစ်ဆုပ်စာအဖွဲ့ကြီးများသာ ကျန်ရစ်သည်။ ထိုအကြောင်းတရားတို့ကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို နောက်တစ်ပတ်တွင် ဆက်လက်ဆွေးနွေးသွားပါဦးမည်။
MDN
