အပူဒဏ်အန္တရာယ် သတိပြုကာကွယ်

Posted_Date

Image

အပူဒဏ်အန္တရာယ် သတိပြုကာကွယ်

Body

     အယ်လ်နီညို၏ အကျိုးဆက်အဖြစ် ကမ္ဘာကြီးတွင် ပူနွေးလျက်ရှိ သည်။  မြန်မာနိုင်ငံ၌လည်း  အင်အားအသင့်အတင့်ရှိသော  အယ်လ် နီညိုဖြစ်စဉ်ကြောင့်  ရာသီဥတုပူပြင်းလာသည်။  မတ်လဒုတိယပတ် ကုန်လွန်ပြီးသည့်နောက်တွင် နေ့အပူချိန်များ   မြင့်တက်လာသည်။ လာမည့်  ဧပြီလနှင့်မေလတို့တွင်  အပူချိန်သည် ဆက်လက်မြင့်တက် နေမည်ဖြစ်ရာ အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရန် လိုအပ်သည်။

အပူဒဏ်ကြောင့် သတိလစ်ခြင်း

      နေပူထဲမှ  အေးသောနေရာသို့  ရုတ်ခြည်း၀င်ရောက်ခြင်း၊  ရေခဲရေ သောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းတွင်းမှ ရုတ်တရက် ပူပြင်းသော နေရောင်အောက်ကို ထွက်ခြင်းကြောင့် ခန္ဓာကိုယ်၌ အပူ၊ အအေး ရုတ် တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်များ ခံစားရတတ်သည်။  ယင်းကို ဆေးသိပ္ပံနည်းအရ  Heat  Stroke (အပူဒဏ်ကြောင့် သတိလစ်ခြင်း)ဟုခေါ်၍ ဒေသအခေါ် အပူလျှပ်သည်ဟုဆိုကြသည်။

Heat Stroke ဖြစ်ပါက အပူ၊ အအေး ရုတ်ခြည်းပြောင်းလဲသွားသည့် အတွက် အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိသွေးကြောများ ကျယ်သွား ခြင်း၊ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိသွေးကြောများ ကျုံ့သွားခြင်း စသည့် သွေးစီးကြောင်းအကျဉ်း၊ အကျယ်ဒဏ်ကိုခံစားရကာ သတိလစ် ခြင်းကိုဖြစ်စေသည်။ ပြင်းထန်သောအခြေအနေတွင် သွေးကြောအကျဉ်း၊ အကျယ်ဒဏ်ကိုမခံစားနိုင်တော့ဘဲ သွေးကြောကြီးများ အက်ကွဲလာပြီး သွေးကြောငယ်လေးများ ပြတ်ထွက်သွားသည်အထိ ဖြစ်စေနိုင်သည်။ 

ထို့ပြင် အပူလျှပ်ခြင်းသည် မပေါ့ဆဘဲ ဂရုစိုက်သင့်သည့် ကျန်းမာရေး ဆိုင်ရာပြဿနာတစ်ခုဖြစ်ကာ တချို့သူများတွင် အပူလျှပ်ခြင်းဖြစ်ပေါ် သည့်အခါ ခန္ဓာကိုယ်အရေပြားသည်  မီးကဲ့သို့ပူချစ်ပြီး ချွေးလုံး၀မထွက် တော့ပေ။     ထိုအခြေအနေတွင်    အရေးပေါ်ကုသမှုခံယူရမည်ဖြစ်ပြီး  ကုသမှုခံယူရန် နှောင့်နှေးပါက  ဦးနှောက်၊  အဆုတ်၊ နှလုံး၊  အသည်း၊  ကျောက်ကပ်နှင့်  ကြွက်သားများကို ထိခိုက်ပျက်စီးစေကာ အသက်ဆုံးရှုံး သည်အထိ ဖြစ်စေနိုင်သည်။

အပူဒဏ်အန္တရာယ်ကာကွယ်ရေး

     နေ့အပူချိန်မြင့်တက်ခြင်းကြောင့် အပူလျှပ်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊   သတိလစ်ခြင်း၊    မိတ်ထွက်ခြင်းတို့ဖြစ်တတ် သည်။  ထို့ပြင်  အပူလွန်ကဲခြင်း၊   လေထုညစ်ညမ်းခြင်း၊    ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့်   ပန်းနာ၊  ရင်ကျပ်၊   လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အပြင် မျက်စိနာခြင်းနှင့် ၀မ်းပျက်၊ ၀မ်းလျှောခြင်းတို့လည်း ဖြစ်တတ် ပြီး အပူဒဏ်ကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဖြစ်စေ သည်။ 

ထို့ကြောင့် ကျန်းမာရေး၀န်ကြီးဌာနမှ  အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ဖော်ပြပါ အချက်အလက်များကိုလိုက်နာကြရန်  တိုက်တွန်းနှိုးဆော်ထားသည်။

-          ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံး ရောဂါ၊   သွေးတိုးရောဂါအခံရှိသူများအနေဖြင့်   နေ့လယ်ခင်း အချိန်တွင် အရိပ်ရပြီး လေ၀င်လေထွက်ကောင်းသောနေရာများ၌ နားနေပါ။

-          ပူပြင်းသည့်နေရောင်အောက်၌  ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။   

-          ပူပြင်းသည့်နေရောင်အောက်တွင် မဖြစ်မနေသွားလာရန်၊ အလုပ် လုပ်ရန် လိုအပ်ပါက အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ် များဆောင်းပါ။   အရိပ်ရသည့်နေရာများ၌  ခေတ္တအနားယူခြင်း ကိုလည်း မကြာခဏပြုလုပ်ပါ။

-          အလင်းပြန်သောအဖြူရောင်  သို့မဟုတ်   အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ၀တ်ဆင်ပါ။

-          နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် ၁၀  နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊  ရေချိုးဆိပ် များ၌ အ၀တ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။

-          အရက်သေစာသောက်သုံးခြင်းကြောင့်   အပူဒဏ်အန္တရာယ်ကိုပိုမိုခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

-          ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေ ရန်  ရေနှင့်ဓာတ်ဆားရည်ကို  လုံလောက်အောင်သောက်သုံးပါ။

-          မိတ်နှင့်ယားနာဖုများထွက်ပါက ရေအေး၀တ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ပါ။

အပူဒဏ်အန္တရာယ်ခံစားရသောလူနာအား  အရိပ်ရပြီး လေ၀င်လေထွက်ကောင်းသောနေရာ၌ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆား ရည်များသောက်သုံးစေခြင်း၊  လူနာ၏ခန္ဓာကိုယ်အပူချိန်အမြန် ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံ နှစ်ဖက်တို့ကို  ရေအေးဖတ်တိုက်ပေးခြင်းစသည်တို့အား  ဦးစွာ ဆောင်ရွက်၍  နီးစပ်ရာဆေးရုံ၊  ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူပါ။

အပူကြောင့် Heat Stroke မဖြစ်စေရန် နေပြင်းချိန်တွင် အပြင်မထွက် ပါနှင့်။ မဖြစ်မနေထွက်မည်ဆိုပါက  အဆောင်း၊ အကာ၊ ထီး၊  ဦးထုပ်၊ နေကာမျက်မှန်၊ ရေဘူးယူသွားပါ။ စောင့်ဆိုင်းရသောအလုပ်ဖြစ်လျှင် သစ်ပင်ရိပ်၊ အမိုးအကာအောက်မှစောင့်ပါ။ ရိုးရိုးရေသောက်ပါ။  ရေခဲရေ မသောက်ပါနှင့်။ အဲကွန်းကားစီးပြီး နေပူရှိန်ပြင်းသောနေရာ၌ ဆင်းရ မည်ဆိုပါက မဆင်းမီ ရေကြိုတင်သောက်ထားပါ။ 

အပူဒဏ်ကိုရင်ဆိုင်ရာတွင် လူတို့၏ဇီ၀ကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန်  ရေက မရှိမဖြစ်လိုအပ်သည်။  အပူဒဏ်ကြောင့် တစ်နာရီကြာချွေးထွက်ခြင်းအတွက်     သန့်ရှင်းသော သောက်သုံးရေ တစ်လီတာခန့် သောက်သင့်သည်။

အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူချိန်ကျစေရန် ရေများများသောက် ခြင်း၊ ခန္ဓာကိုယ်တွင်းအပူငြိမ်း၍ အေးမြစေသောအစားအစာများဖြစ် ကြသည့် နွားနို့၊ အုန်းစိမ်းရည်၊ ကြံရည်၊ ထန်းရည်ချို၊ ဖရဲသီး၊ တလည်းသီး၊  သံပရာသီး၊  သခွားသီး၊ သခွားမွှေးသီး၊  ဘူးသီး၊ ပူဒီနာရွက်၊ မုန်လာဥဖြူ စသည်တို့ကို စားပေးသင့်သည်။ 

အထူးသတိပြုရမည့်အချက်မှာ Heat Stroke ခံစားနေရချိန်၌ ဂတ်စ် ပါသည့်အချိုရည်များ၊ အားဖြည့်အချိုရည်များ၊ အဖျော်ယမကာများနှင့် ရေခဲရေသောက်သုံးခြင်းကို အထူးရှောင်ကြဉ်ရမည်။ ထို့ပြင် စိတ်ရောဂါ အတွက် သောက်သုံးသောဆေးဝါးများ၊  ဆီးဆေးများနှင့် သွေးကျဲဆေး များကိုလည်း အလွန်ပူပြင်းသောရာသီဥတုတွင် သတိထားသောက်သင့် သည်။

အပူဒဏ်ကာကွယ်သည့်အနေဖြင့် အထက်ဖော်ပြပါအတိုင်း ကျန်းမာစွာနေထိုင် စားသောက်ရမည့်အပြင် ရေချိုးနည်းမှန်ကန်ဖို့လည်း အထူးအရေးကြီးသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို တဖြည်းဖြည်းအေးစေ ခြင်းမျိုးဖြင့်  ရေချိုးပါ။ ရေချိုးနည်းမှန်ကန်မှသာ Heat  Stroke ကို ကာကွယ်နိုင်မည်ဖြစ်သည်။ အပူဒဏ်ခံနိုင်အောင်  ရေချိုးနည်းအဆင့်ဆင့် ကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။ 

-          အရိပ်ထဲတွင် ရေချိုးပါ။ 

-          ရေမချိုးမီ သောက်ရေတစ်ဖန်ခွက်အပြည့်သောက်ပါ။

-       ခြေထောက်အောက်ပိုင်း၊ လက်ဖျား၊ လက်မောင်း စသည့်သုံးနေရာ မှ အာရုံကြောများကို အသိပေးနှိုးဆော်သည့်အနေဖြင့် ရေဆွတ် ကာပက်ဖျန်းပေးပါ။ ပြီးမှမျက်နှာသစ်ပါ။

-          တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်းတို့ကို ရေနှင့်ပက် ပေးပါ။

အထက်ပါနည်းအဆင့်ဆင့်အတိုင်း ရေချိုးပါ။

အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပေါ်နေသောသူတွင်   အောက် ဖော်ပြပါရောဂါလက္ခဏာများ တွေ့ကြုံခံစားရနိုင်သည်။

-          အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက် ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း။

-          ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ဖြစ်သည်။

အထက်ပါ အပူဒဏ်လက္ခဏာများ ခံစားနေရသောလူနာအား တွေ့ရှိ ပါက-

-          လူနာအားအရိပ်ရသောနေရာသို့ ပို့ဆောင်ပါ။ 

-          အေးမြသောနေရာ  သို့မဟုတ်  ပန်ကာရှိသောနေရာ  သို့မဟုတ် လေအေးပေးစက် ရှိသောအခန်းထဲသို့ ရွှေ့ပြောင်းပါ။

-          လူနာ၏ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထား ဖြင့်ထားပါ။

-          လူနာ၏မလိုအပ်သည့်အ၀တ်အစားများအား ချွတ်ပေးပါ။

-          လူနာကောင်းစွာသတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ် ဆားရည်တိုက်ပေးပါ။

-          လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးပါ။

-          လူနာ၏လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေး အေး သို့မဟုတ် ရေခဲစိမ်ထားသော အ၀တ်များဖြင့် ရေဖတ်အုပ် ပေးပါ။

-          ပန်ကာရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ သို့မဟုတ် ယပ် ခတ်ပေးပါ။

-          အရေးပေါ်ရှေးဦးပြုစုခြင်းများဆောင်ရွက်ပြီးလျှင် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ဆောင်၍ ကုသမှု ခံယူပါ။

အချုပ်အားဖြင့်ဆိုသော် မိမိတို့နေထိုင်ရာရပ်ရွာဒေသများ၌လည်းအပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူလှိုင်းဖြတ်သန်းခြင်း တို့ကို  တွေ့ကြုံနေရတတ်ပေရာ  မိုးလေ၀သ သတင်းအချက်အလက် များကိုစောင့်ကြည့်သတိပြုကာ ကျန်းမာရေး၀န်ကြီးဌာန၏ နွေရာသီ တွင် အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို သတိမူရန်လိုအပ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

MWD