မျှစ် သို့မဟုတ် သဘာဝ၏ အာဟာရသိုက်
Posted_Date
Image
Body
မျှစ်တွင် ကယ်လိုရီနှင့် အဆီဓာတ် အလွန်နည်းပါးပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ မျှစ်တွင်ပါဝင်သော အမျှင်ဓာတ်သည် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည့်အပြင် သွေးပေါင်ချိန်ကို ထိန်းညှိခြင်းနှင့် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် သဘာဝကပေးအပ်သော အာဟာရဆိုင်ရာ ရတနာတစ်ပါးဖြစ်ပါသည်။
လတ်ဆတ်သောမျှစ် ၁၀၀ ဂရမ် တွင် ကယ်လိုရီ ၂၀ – ၂၇ ကီလိုကယ်လိုရီခန့်သာပါဝင်ပြီး ကယ်လိုရီ အလွန်နည်းပါးသဖြင့် ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် အထူးသင့်လျော်ပါသည်။ မျှစ်စို ၁၀၀ ဂရမ်တွင် ကစီဓာတ် ၅ဂရမ်ခန့်၊ အသားဓာတ် ၂ ဒသမ ၅ ဂရမ်ခန့်တွင် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများအတွက် အရေးပါသည့် အမိုင်နိုအက်စစ် ၁၇ မျိုးခန့်ပါဝင်ပြီး အဆီဓာတ်ပါဝင်မှုမှာ သုည ဒသမ ၃ ဂရမ်ခန့်သာ ပါဝင်၍ အဆီဓာတ် အလွန်နည်းပါးသည်ကို တွေ့ရပြီး အမျှင်ဓာတ်ပါဝင်မှုမှာလည်း ၂ ဒသမ ၅ ဂရမ်မှ ၃ ဒသမ ၅ ဂရမ် ခန့်ရှိသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါသည်။
မျှစ်တွင်ပါဝင်သည့်ဗီတာမင်များအနေဖြင့် ဗီတာမင်ဘီအုပ်စုသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို အထူးအားပေးပါသည်။ ဗီတာမင်အီးသည် ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးပြီး ကိုယ်ခံအားစနစ်အတွက် အထူးကောင်းမွန်သော ဗီတာမင်အေနှင့် ဗီတာမင်စီတို့ ပါဝင်ပါသည်။
မျှစ်တွင် သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပြီး မျှစ်စို ၁၀၀ ဂရမ်တွင် ပိုတက်စီယမ် ၅၀၀ မီလီဂရမ်ကျော် ပါဝင်သည့်အတွက် သွေးပေါင်ချိန်ကို ထိန်းညှိခြင်းနှင့် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါသည်။ မျှစ်တွင် ပါဝင်သော မဂ္ဂနိစ်နှင့် ကြေးနီသည် အရိုးအဆစ်ကျန်းမာရေးနှင့် သွေးနီဥ ဖြစ်ပေါ်မှုကိုကူညီပါသည်။ ဖော့စဖရပ်နှင့် မဂ္ဂနီစီယမ်သည် ကြွက်သားနှင့် အာရုံကြောလုပ်ငန်းများကို ထောက်ပံ့ပေးပါသည်။ ကိုယ်ခံအားနှင့် သွေးအားကောင်းစေသည့် သံဓာတ်နှင့် ဇင့်ဓာတ်များလည်း ပါဝင်ပြီး ခန္ဓာကိုယ်အတွင်း မကောင်းသော သွေးတွင်းအဆီဓာတ်စုပ်ယူမှုကို လျှော့ချပေးသည့် Phytosterols ပါဝင်ပါသည်။ ထို့ပြင်ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင် အာနိသင်များလည်း ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို ဘက်ပေါင်းစုံမှတိုးမြှင့်ပေးပါသည်။
မျှစ်ကိုဝယ်ယူရာတွင်လတ်ဆတ်နူးညံ့ပြီး အရောင်မပြောင်းသေးသည့် မျှစ်ကိုသာ ရွေးချယ်ဝယ်ယူသင့်ပါသည်။ မျှစ်ချဉ်ပြုလုပ်ရာတွင်လည်း သန့်ရှင်းသော နည်းလမ်းဖြင့် စနစ်တကျပြုလုပ်သင့် ပါသည်။ မျှစ်ကိုအချဉ်ဖောက်ထားသော မျှစ်ချဉ်တွင် အကျိုးပြုဗက်တီးရီးယား များ ပါဝင်သဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် အကျိုးပြုသော ဗက်တီးရီးယားများကိုရရှိစေပြီး အစာကြေညက်မှုကို အားပေးပါသည်။ ဟင်းချက်ရာတွင်လည်း မျှစ်ပါဝင်ပါက အသား၊ ငါးများ၏ အညှီနံ့ကိုပျောက်စေပြီး ခံတွင်းမြိန်စေပါသည်။
မျှစ်ကို ရေဓာတ်ခန်းခြောက်အောင် ပြုလုပ်ထားသော မျှစ်ခြောက်များတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါသည်။ မျှစ်ခြောက်သည် ရေဓာတ်ထုတ်ထားသောကြောင့် အလေးချိန်တူ မျှစ်စိုနှင့် နှိုင်းယှဉ်လျှင် အမျှင်ဓာတ် ပါဝင်မှုနှုန်းပိုမိုမြင့်မားပြီး ဝမ်းမှန်စေရန် အလွန်ထိရောက်ပါသည်။ ရေခဲသေတ္တာမလိုဘဲ အချိန်အကြာကြီးအထားခံသဖြင့် သိုလှောင်ရလွယ်ကူပါသည်။ မျှစ်ကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် တွဲဖက်ချက်ပြုတ်ပါက မျှစ်၏လေပွစေသောအာနိသင်ကို လျော့ကျစေပြီး ကျန်းမာရေးနှင့် ပိုမိုညီညွတ်စေပါသည်။ မျှစ်ခြောက်ဖြစ်စေ၊ မျှစ်ချဉ်ဖြစ်စေ မချက်ပြုတ်ခင် ရေနွေးနှင့်စိမ်ထားခြင်း သို့မဟုတ် ပြုတ်ခြင်းပြုလုပ်ပါက မျှစ်တွင်ပါဝင်နိုင်သည့် ဓာတုဆေးအကြွင်းအကျန်များကို လျော့နည်းစေနိုင်ပြီး နူးညံ့၍ အရသာပိုမိုကောင်းမွန်သော မျှစ်ကိုရရှိမည်ဖြစ်ပါသည်။
မျှစ်တွင် သဘာဝအလျောက် ဆိုင်ယာနိုက်ဓာတ်ပါဝင်သဖြင့် စနစ်တကျ ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါသည်။ အထူးသဖြင့် အဆစ်အမျက်ကိုက်ခဲတတ်သူများ၊ ဂေါက်ရောဂါရှိသူများ၊ ယူရစ်အက်စစ်များသူများ၊ ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့် မျှစ်ကိုသတိပြု၍ စားသုံးသင့်ပါသည်။
မျှစ်ကိုအချဉ်ဖောက်ရာတွင် သန့်ရှင်းစွာ စနစ်တကျ အချဉ်မဖောက်ဘဲ မသန့်ရှင်းသောရေကို အသုံးပြုခြင်းများနှင့် ယင်နားခြင်းများသည် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်ပါသည်။ ဈေးကွက် ထဲရှိ အချို့သောမျှစ်ချဉ်များတွင် အရောင်ချွတ်ဆေး၊ တာရှည်ခံဆေးများ ပါဝင်တတ်သောကြောင့် သေချာဆေးကြောပြီးမှသာ ချက်ပြုတ်စားသုံးသင့်ပါသည်။
တိုင်းရင်းဆေးပညာအရ မျှစ်သည် အေး၊ ချို၊ ဖန် သည့် ဂုဏ်သတ္တိရှိသည်ဟု သတ်မှတ်ထားပါသည်။ ခန္ဓာကိုယ်အတွင်း အပူအောင်းခြင်းကို လျော့ကျစေပြီး အပူကြောင့်ဖြစ်သော ဝေဒနာများကို သက်သာစေပါသည်။ အချို့သော တိုင်းရင်းဆေးကျမ်းများတွင် မျှစ်ကို စနစ်တကျပြုပြင်စားသုံးပါက လေငန်းရောဂါနှင့် လေထိုးလေအောင့်ခြင်းကို သက်သာစေသည်ဟု ဖော်ပြကြပါသည်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုပြေစေနိုင်သော အစွမ်းရှိပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ ခန္ဓာကိုယ်တွင်း အညစ်အကြေးများကို စနစ်တကျ စွန့်ထုတ်နိုင်ရန် ကူညီပေးသဖြင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။ ရှေးမြန်မာ့ရိုးရာအယူအဆတွင်မျှစ်ကို အမျိုးသမီးများမီးယပ်သွေးပုံမှန်ဆင်း စေရန်နှင့် မီးယပ်ဝေဒနာများအတွက် ကောင်းမွန်သော ဓာတ်စာအဖြစ်ယုံကြည်၍ ဟင်းလျာအဖြစ်လိုအပ်သူများ အတွက် ချက်ပြုတ်ကျွေးမွေးလေ့ရှိပါသည်။ ခန္ဓာကိုယ်တွင် အနာစိမ်းများ ပေါက်ခြင်း၊ ပြည်တည်ခြင်းများဖြစ်ပါက မျှစ်ကိုစားသုံးပေးခြင်းဖြင့် အနာအမြန်ကျက်ခြင်း သို့မဟုတ် ပြည်ပေါက်စေခြင်းတို့ဖြစ်စေသည်ဟု ယုံကြည်ကြပါသည်။ အချို့သော ဒေသန္တရဆေးမြီးတိုများတွင် အဆုတ်အတွင်းရှိ ချွဲသလိပ်များကို ပျော်ဆင်းစေရန် မျှစ်ကိုပြုတ်၍ သောက်ခြင်း သို့မဟုတ် စားခြင်းပြုလုပ်ကြပါသည်။
သို့ဖြစ်၍ကျန်းမာရေးအတွက် အထူးကောင်းကျိုးပြုနိုင်ပြီး အာဟာရဓာတ်များပြည့်ဝစွာပါဝင်သည့် မျှစ် သို့မဟုတ်သဘာဝအာဟာရသိုက်၏ အကျိုးကျေးဇူးများကို မိဘပြည်သူများအနေဖြင့် ကျယ်ပြန့်စွာသိရှိ၍ စားသုံးနိုင်ကြစေရေး ရေးသားတင်ပြလိုက်ရပါသည်။ ။
MWD
