ဆေးဖက်ဝင် ဥသျှစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Posted_Date

Image

ဆေးဖက်ဝင် ဥသျှစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Body

အင်္ဂလိပ်အမည်   Bael  Fruit Tree ဟုခေါ်သော ဥသျှစ်ပင်သည် ရှောက်မျိုး ရင်း (Rutaceae) ဖြစ်သည်။   မြန်မာနိုင်ငံ အနှံ့အပြား၌    ဥသျှစ်ပင်များကို တွေ့ရ တတ်ပြီး အပူပိုင်းဒေသ၌ အများဆုံးပေါက်သည်။

အပင်လတ်မျိုးဖြစ်ပြီး ပျမ်းမျှပေ ၃ဝ မှ ပေ ၄ဝ အထိမြင့်သည်။ အကိုင်းအခက်များ ရှုပ်ထွေးသန်မာသည်။ အခေါက်ကြမ်းပြီး ညိုဖျော့ဖျော့အရောင်ရှိသည်။ ဥသျှစ်သားသည် ဖြူရော်ရော်အဆင်းရှိ၍ မာသည်။ အပွေးများ  အစင်းလိုက်ရှိသည်။  ပျမ်းမျှတစ်လက်မခန့်ရှည်သော ဆူးချွန်များ အလှည့်ကျထွက်သည်။ 

ရွက်လွှဲထွက်၍ သုံးရွက်မြွှာပေါင်းဖြစ် သည်။ ရွက်မြွှာများ ဘဲဥပုံရှည်မျောမျော ဖြစ်၍  အရင်းအနည်းငယ်သွယ်ဝိုက် ပြီး   အဖျားချွန်သည်။   အလယ်အရွက် အကြီးဆုံးဖြစ်သည်။    ရွက်ပြားချောပြီး အနားပတ်လည် အဝိုက်ငယ်ကလေးများ ရှိသည်။ အနံ့သင်းသည်။ ကဆုန်၊ နယုန် လများတွင်  အပွင့်ပွင့်သည်။ အပွင့်ကြီး ပြီး   အဖြူရောင်ရှိကာ   ရနံ့မွှေးသည်။ မတ်လမှ   မေလအတွင်း   အသီးသီးလေ့ ရှိသည်။ ဥသျှစ်သီးသည်  စိမ်းဝါရောင်ရှိ၍  အချင်းအားဖြင့်    ၄  လက်မမှ ၆  လက်မအထိရှိသည်။   အခွံမှာချော မွတ်မာကျောသည်။ ဥသျှစ်သီးမှည့် အနှစ်သားမှ အစေ့၊ အမျှင်နှင့်အစေးတို့ကို ဖယ်၍    အသားသက်သက်ကိုသာ   စား လေ့ရှိသည်။ 

ဥသျှစ်သီးကို နည်းမျိုးစုံဖြင့် စားသုံးနိုင် သည်။

ဥသျှစ်သီးမှည့်ကိုခွဲပြီး  အထဲမှအနှစ်များကို  ဇွန်းဖြင့်ခြစ်ယူပါ။ ရေအေးအေး ထဲသို့ အနှစ်များကိုထည့်ပြီးဖျော်ပါ။ (အစေ့များအား   ဖယ်ထုတ်ပစ်ပါ၊ အစေ့ ပါလျှင်ခါးတတ်သည်) မိမိနှစ်သက်သလို ထန်းလျက် သို့မဟုတ် သကြားအနည်း ငယ်ထည့်ပြီး   ဖျော်ရည်အဖြစ်သောက် သုံးနိုင်သည်။

ဥသျှစ်သီးအစိမ်းကို အကွင်းလိုက် လှီးပြီးနေလှန်းထားပါ။  အဆိုပါအခြောက် ကွင်းကို   မီးအနည်းငယ်ပြပြီး ရေနွေးထဲ တွင်ခတ်သောက်ပါက     ရင်အေးစေပြီး အစာကြေညက်စေသည်။ 

ဥသျှစ်သီး၏ဆေးဖက်၀င်ပုံ

    မြန်မာဆေးကျမ်းများအလိုအရ ဥသျှစ်သီးမှည့်သည်ချိုသည်၊  ပူသည်၊ အနည်း ငယ်စပ်ရှိန်း၍ သလိပ်ကိုယုတ်လျော့စေသည်။  သွေးကိုပွားစေခြင်း၊ လေသလိပ်၊ သည်းခြေနာ၊ အစာမကြေနာနှင့်အပူကို နိုင်သည်။ ဝမ်းကိုရွှင်စေသည်။ အဖျားကို နှိမ်နင်းနိုင်သည်ဟု ဆိုသည်။ 

ဥသျှစ်သီးသည် မြန်မာ့ဆေးဖက်ဝင် အသီးအနှံများထဲတွင်   အပူငြိမ်းစေသည့် ဘုရင်ဟုတင်စားနိုင်သည်။ ဥသျှစ်သီးတွင် အေးမြသည့် ဂုဏ်သတ္တိရှိသောကြောင့် နေပူထဲမှပြန်လာသည့်အခါ  သို့မဟုတ် ခန္ဓာကိုယ်အပူကြီးနေသည့်အခါ သောက်သုံးပေးလျှင်  ချက်ချင်းလန်းဆန်းစေ သည်။ 

ဥသျှစ်သီးအမှည့်ကို ထန်းလျက် ရည်နှင့်စိမ်ပြီး   ဖျော်ရည်အဖြစ်သောက် နိုင်သည်။နံနက်စာမစားမီနှင့်ညစာမစားမီ ဥသျှစ်သီးဖျော်ရည် ပုံမှန်သောက်ပေးခြင်းက ကိုယ်တွင်း အပူငြိမ်း စေမည့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။

ခန္ဓာကိုယ်တွင်း အပူများသဖြင့် လျှာနှင့်ခံတွင်းတွင်အနာဖြစ်လျှင် ဥသျှစ်သီးကို ပျားရည်နှင့် ဖျော်သောက်ပါက ကိုယ်တွင်းအပူငြိမ်းစေနိုင်သည်။ 

ဥသျှစ်သီးတွင် ဗီတာမင်နှင့်သတ္တု ဓာတ်များစွာကြွယ်ဝသဖြင့်  ရောဂါ တော်တော်များများကို  သက်သာစေသည်။ 

ဥသျှစ်သီးမှည့်ကို ထန်းလျက်နှင့် ရောစားပါက သွေးဝမ်းသွားခြင်းကို သက်သာ ပျောက်ကင်း စေသည်။

ဥသျှစ်သီးအစိမ်း အတွင်းသားကို သကြားနှင့်ရောစားပါက ဝမ်းအလွန်သွား ခြင်းနှင့်အစာမကြေဝမ်းသွားခြင်းများ ပျောက်ကင်းစေသည်။ ထို့ပြင် ဥသျှစ်သီး စိမ်းကိုလည်း ဝမ်းဗိုက်ရောဂါများအတွက် ချက်ဆေးအဖြစ် ဖော်စပ်ကြသည်။

-ဥသျှစ်သီးမှည့်အနှစ်ကိုကြိတ်၍   ဆန်ဆေးရည်နှင့်သောက်သော်   ကိုယ်ဝန်ဆောင်များ အော့အန်ခြင်း ကို ပျောက်ကင်း စေသည်။

ဥသျှစ်သီးအကင်းနှင့်    ချင်းခြောက် ထောင်း၍ကျိုသောက်ပါက ဆီးလွန်ရောဂါ ပျောက်ကင်းစေသည်။

ဥသျှစ်သီးမှည့်ဖျော်ရည်နှင့်   နွားနို့ ရောသောက်ခြင်းဖြင့် သွားဖုံးမှသွေးယို ခြင်း၊ အဖုအပိမ့်ထခြင်း၊ နာကျင်ကိုက်ခဲ ခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။

ဥသျှစ်သီးကို   ပုံမှန်စားသုံးပေးပါက နှလုံးရောဂါအမျိုးမျိုးမှ ကြိုတင်ကာကွယ် နိုင်ပြီး  ရုတ်တရက်   နှလုံးရပ်၍ လေဖြတ် ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

ဥသျှစ်သီးသည် သွေးတွင်းသကြား ဓာတ်ကို    ၅၄ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်၍ ဆီးချို၊    သွေးချိုရောဂါများအတွက်   ဆေးဖက်၀င်သည်။    ထို့ပြင် ဥသျှစ်သီးက ပန်ကရိယကိုလှုံ့ဆော်ပေးပြီး   အင်ဆူလင်ကို လုံလောက်စွာထုတ်စေနိုင်သောကြောင့်  သွေးတွင်းသကြား ဓာတ်ကို အထိရောက်ဆုံး ထိန်းချုပ်နိုင် သည်။

ဥသျှစ်သီး၏ ဓာတ်တိုးဆန့်ကျင်အာနိ သင်များက အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက်အနာရှိသူများအတွက် အထူးသင့်လျော်သည်။ထို့ပြင် ကိုယ်တွင်း ကိုယ်ပရောင်ရမ်းနာများကို    လျော့ပါး သက်သာစေသည်။

ကိုယ်တွင်းကိုယ်ပ၌ ဗက်တီးရီးယားနှင့် မှိုပိုးတို့ကြောင့် ဖြစ်လာနိုင်သောရောဂါ များကို    အထိရောက်ဆုံးကာကွယ်ပေး သည်။

ဥသျှစ်သီးအရည်က ဝမ်းမှန်စေရုံ မျှမက ဝမ်းပျက်၊ ၀မ်းလျှော၊ ဝမ်းကိုက်ခြင်း တို့ကိုပါ သက်သာ စေနိုင်သည်။

ဝမ်းချုပ်ခြင်းကို သက်သာစေပြီး သဘာဝဝမ်းနုတ်ဆေးအဖြစ်    အသုံးပြု နိုင်သည်။ အူသိမ်၊ အူမများနှင့် အစာခြေ လမ်းကြောင်းကို  သန့်စင်ပေးနိုင်သည်။ ဗိုက်အောင့်၊   ဗိုက်နာရောဂါတို့ကိုလည်း သက်သာစေနိုင်သည်။ 

ဥသျှစ်သီးကိုငရုတ်ကောင်း၊  ဆား တို့နှင့်ရောစပ်ပြီးသောက်သုံးပါက အူတွင်း မှ  အဆိပ်အတောက်များကို အထိရောက် ဆုံး ဖယ်ရှားနိုင်သည်။

ဥသျှစ်သီးဖျော်ရည်ကို ကရဝေးရွက်၊ နနွင်းတို့နှင့်ဖျော်ပြီးတစ်နေ့နှစ်ကြိမ် သောက်ပါက အဖုအပိမ့်များကို သက်သာ စေသည်။

နို့တိုက်မိခင်များ ဥသျှစ်သီးကို  ချင်း နှင့် ဖျော်သောက်ပါက နို့ထွက်အားကောင်း စေသည်။

ဥသျှစ်သီးဖျော်ရည်တစ်ခွက် နေ့စဉ် ပုံမှန်သောက်သုံးပေးပါက ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါများမှ ကြိုတင်ကာကွယ်ရာရောက်သည်။

ဥသျှစ်သီးကို  ရေနွေး၊ ပျားရည်တို့ နှင့် ရောစပ်သောက်သုံးခြင်းက    သွေးအတွင်း အဆိပ် အတောက်များကို အထိ ရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး   သွေးသန့် စေသည်။

ဥသျှစ်သီးသည် ပန်းနာ၊ ရင်ကျပ်ရောဂါ  အပါအဝင် အအေးမိဖျားနာခြင်းနှင့်     အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက် ရောဂါတို့မှ ကာကွယ်ပေးနိုင်သည်။

ဥသျှစ်ရွက်၏ဆေးဖက်၀င်ပုံ

ကလေးများ ဝမ်းပျက်ခြင်းနှင့် ချွဲသလိပ်ရောဂါတို့အတွက်  ဥသျှစ်ရွက်ပြုတ်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ကျွေးပေးပါက သက်သာစေနိုင်သည်။

ဥသျှစ်ရွက်ကိုကြိတ်၍ မျက်စိ၌ ကွင်း ပေးပါက မျက်စိနာရောဂါပျောက်ကင်း နိုင်သည်။

ဥသျှစ်ရွက်ညှစ်ရည်ကို နံနက်၊ည သောက်ပေးပါက ဖျားနာခြင်း၊ မျက်ရည် ပူယိုခြင်း၊  ချောင်းဆိုးခြင်းများ    သက်သာ ပျောက်ကင်းစေနိုင်သည်။

အနာ၊ အဖုအပိမ့်များအတွက် ဥသျှစ် ရွက်လတ်လတ်ဆတ်ဆတ်ကိုကြိတ်၍ အုံပေးပါက  နုလျှင်ပိန်ပြီး၊  ရင့်လျှင်ပြည် ပေါက်သည်။

ကလေးများ   သန်ထလျှင်ဥသျှစ် ရွက်ညှစ်ရည်ကို အသက်အရွယ်အလိုက် ချင့်ချိန်၍ တိုက်ပေးခြင်းဖြင့်  ပျောက်ကင်း စေနိုင်သည်။

ဥသျှစ်ရွက်ညှစ်ရည်ကို သောက်ခြင်း၊ လိမ်းခြင်းဖြင့် ဖောရောင်ခြင်းကို ပျောက် ကင်းစေနိုင်သည်။ တစ်နေ့နှစ်ကြိမ် သုံးကြိမ်သောက်ပါက လေချဉ်တက်ခြင်း၊  လည်ချောင်းပူခြင်းများ ပျောက်ကင်းစေ နိုင်သည်။

ဥသျှစ်ရွက်နုကို ကြိတ်၍ရသော အရည်ကို နေ့စဉ်သောက်ပေးပါက ဆီးချို ရောဂါကိုပျောက်ကင်း စေသည်။

ဥသျှစ်ရွက်နုကို သုပ်စားလျှင် နားမှ သွေးထွက်သောရောဂါသက်သာပျောက် ကင်းစေနိုင်သည်။

အမြစ်၏ဆေးဖက်၀င်ပုံ

နားအူ၊ နားကိုက်ခြင်းတို့အတွက် ဥသျှစ်ပင်အမြစ်ကို   အသုံးပြုလေ့ရှိကြသည်။ တခြားသော နားပြဿနာအမျိုးမျိုး တို့အတွက်ကိုလည်း  ဥသျှစ်ပင်အမြစ်ကို အသုံးပြုနိုင်သည်။

ဥသျှစ်ပင်၏ အမြစ်နှင့်အခေါက် ကိုလည်း အဖျားဖြတ်ဆေးအဖြစ် အသုံး ပြုနိုင်သည်။ 

ဥသျှစ်သီးက ကျန်းမာရေးအတွက်  အလွန်ကောင်းမွန်သော်လည်း ကိုယ်ဝန် ဆောင်များနှင့်  နို့တိုက် မိခင်များ အလွန် အကျွံစားသုံးခြင်းမှ  ရှောင်ကြဉ်သင့်သည်။ ဆီးချိုရောဂါရှိသူများအနေဖြင့်  သကြား အများအပြားထည့်ပြီး    ဖျော်စပ်ခြင်းကို သတိပြုသင့်သည်။

အချုပ်အားဖြင့်ဆိုသော် ဥသျှစ်သီး ဖျော်ရည်သောက်ခြင်း၊ ဥသျှစ်ရွက် ဟင်းချက်စားခြင်းဖြင့် အပူငုပ်ခြင်းကို  ပျောက်ကင်းစေသကဲ့သို့ ဥသျှစ်သီးဖျော် ရည်အေးအေးချိုချိုလေး သောက်သုံးခြင်း က စိတ်ကျေနပ်မှု အပြည့်အဝရရှိစေသည်။ သို့ပါ၍  ကိုယ်တွင်းကိုယ်ပအပူငြိမ်းအေး စေရန်အတွက် ဓာတ်စာတစ်မျိုးဖြစ်သည့် ဥသျှစ်သီးမှည့်နှင့်  ဥသျှစ်ရွက်တို့ကို  စား သုံးသင့်ကြောင်း အကြံပြုရေးသားလိုက် ရပါသည်။     ။

MWD