မြေဆီလွှာအာဟာရကြွယ်ဝဖို့ ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်စို့
Posted_Date
Image
Body
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် လယ်ယာမြေများအားလုံးသည် မြေဆီဩဇာထက်သန်ပြီး အာဟာရဓာတ်ကြွယ်ဝနေရမည်ဖြစ်သည်။ စိုက်ပျိုးမြေဆီလွှာသည် အပင်များရှင်သန် ကြီးထွားမှုအတွက် အဓိကမရှိမဖြစ်လိုအပ်သော ရေနှင့်အပင်အာဟာရဓာတ်များကို ပေးဆောင်သည့် သတ္တုဓာတ်၊ မြေဆွေးဓာတ်၊ ရေ၊ လေတို့ဖြင့်ဖွဲ့စည်းထားသော ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိ အပေါ်ယံ ဆုံးသောအလွှာပါးလေးဖြစ်သည်။ မြေဆီလွှာသည် ရေကိုထိန်းညှိပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့်သတ္တုတွင်းလုပ်ငန်းများမှ ထွက်ရှိလာသော အန္တရာယ်ရှိစေနိုင်သည့် ဓာတ်ကြွင်းများနှင့် လေထုညစ်ညမ်းမှုများကို လျှော့ချပေးနိုင်ခြင်းနှင့် စစ်ထုတ်ပေးနိုင်ခြင်း၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် အခြားအာဟာရဓာတ်များစွာကို မြေဆီလွှာထဲတွင်သိမ်းဆည်း ပေးနိုင်ခြင်းစသည့် အရေးပါသော လုပ်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသည်။ ထို့ကြောင့် သက်ရှိဂေဟစနစ်တွင် အပင်များ၊ လူသားများနှင့် တိရစ္ဆာန်များရေရှည် တည်တံ့နေစေရန်အတွက် မြေဆီလွှာ၏ အရည်အသွေးနှင့် အာဟာရကိုကောင်းမွန်စေရေး ထိန်းသိမ်းထားရန် အထူးလိုအပ်သည်။
ယနေ့ကမ္ဘာကြီးတွင် လျင်မြန်စွာ တိုးတက်လာသော လူဦးရေအတွက် စားရေရိက္ခာ လုံလောက်စွာရရှိနိုင်ရန် မြေဆီလွှာကိုအနားမပေးဘဲ စိုက်ပျိုးလာခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ အစရှိသော ဓာတုသွင်းအားစုများကို လိုအပ်သည်ထက်ပိုမို၍ အလွန်အကျွံသုံးစွဲမိခြင်းတို့ကြောင့် မြေဆီလွှာအရည်အသွေးနှင့် အာဟာရဓာတ်များ စွမ်းအားကျဆင်းလျက်ရှိသည်။ မြေဆီလွှာရေရှည်တည်တံ့ ကောင်းမွန်စေရန်နှင့်မြေဆီလွှာအဆင့်အတန်း ကျဆင်းလာခြင်းများကို အချိန်မနှောင်းမီ ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ အပင်အာဟာရဓာတ်ဆိုင်ရာ ဘက်စုံစီမံမှုနည်းစနစ်များကို လက်တွေ့ကျကျလိုက်နာ ကျင့်သုံးရန်အထူးပင် လိုအပ်လာသည်။
ဘက်စုံအပင်အာဟာရဓာတ်ဆိုင်ရာကြွယ်ဝရေး
သီးနှံအထွက်နှုန်းတိုးစေရန် တောင်သူအများစုသည် ဓာတ်မြေဩဇာများကိုသာ အားပြုထည့်သွင်း အသုံးပြုလေ့ရှိပြီး မြေဆီလွှာကျန်းမာရေးအတွက် မြေဆီလွှာကို ပြုပြင်ထိန်းသိမ်းမှုများ လွန်စွာအားနည်းနေပါသေးသည်။ ဓာတ်မြေဩဇာဆိုသည်မှာ အပင်အတွက် ၎င်းဓာတ်မြေဩဇာတွင် ပါဝင်သည့် အာဟာရဓာတ်ကိုသာပေးနိုင်စွမ်းရှိပြီး အသုံးပြုသည့်နှုန်းထား မှန်ကန်ခြင်းမရှိပါက ကောင်းကျိုးထက်ဆိုးကျိုး များစွာဖြစ်စေနိုင်သည့်အပြင် ရေရှည်တွင် မြေနှင့်ရေသယံဇာတများကို ထိခိုက်ပျက်စီးစေသည်။ ဘက်စုံအပင်အာဟာရဓာတ်ဆိုင်ရာ စီမံမှုဆိုသည်မှာ မြေဆီလွှာ၏အရည်အသွေးနှင့် အပင်အာဟာရဓာတ်ပံ့ပိုးမှုများကို အကောင်းမွန်ဆုံးထိန်းသိမ်းနိုင်ရန်အပင်အာဟာရအရင်းအမြစ်အမျိုးမျိုးကိုပေါင်းစပ်၍ မှန်ကန်ကောင်းမွန်စွာဆောင်ရွက်သော နည်းစနစ်များကိုဆိုလိုသည်။ အဓိကအားဖြင့် မြေဆီလွှာ၏အရည်အသွေးများဖြစ်သော လေဝင်လေထွက်ကောင်းမွန်မှု၊ ဖွဲ့စည်းတည်ဆောက်မှု၊ အပင်အာဟာရဓာတ်အမျိုးမျိုးနှင့် ရေထိန်းသိမ်းနိုင်မှုများကို မြှင့်တင်ပေးနိုင်သည့်အပြင် လေထုထဲသို့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်သည်။ ဘက်စုံအာဟာရဓာတ်ကြွယ်ဝစေရန် ဆောင်ရွက်ရာတွင် (၁) လိုအပ်သည့်ပမာဏကိုသာ သုံးစွဲခြင်း၊ (၂) ပြန်၍အသုံးပြုခြင်းနှင့်(၃) ပြန်လည်ပြုပြင်၍အသုံးပြုခြင်းဟူသော နည်းလမ်းသုံးသွယ်ဖြင့် ချဉ်းကပ်ဆောင်ရွက်နိုင်သည်။
လိုအပ်သည့်ပမာဏအားသုံးစွဲခြင်း ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးဦးစီးဌာနမှ အတည်ပြုထောက်ခံသော ပမာဏကိုသာ ထည့်သွင်းပြီး လွန်ကဲစွာသုံးစွဲခြင်းကို လျှော့ချသွားသင့်သည်။
ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းဖြင့် မြေဆီလွှာ၏ဖွဲ့စည်းပုံနှင့် မြေဆီလွှာအာဟာရဓာတ် ပမာဏမညီမျှမှုကိုဖြစ်ပေါ်စေရုံသာမက မြေဆီလွှာ၏ထုတ်လုပ်နိုင်မှု စွမ်းအားနှင့် အရည်အသွေးကိုပါ ထိခိုက်စေနိုင်သည်။ အကျိုးဆက်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် အကျိုးအမြတ်များ ကျဆင်းသွားကာ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုပါ ထိခိုက်စေနိုင်သည်။
ထို့ကြောင့် ဓာတ်မြေဩဇာအသုံးပြုရာတွင် လိုအပ်သည့်အတိုင်းအဆကိုသာ ထည့်သွင်း၍ လွန်ကဲသည့်ပမာဏကိုလျှော့ချနိုင်ရန် မြေဆွေးများ၊ သီးနှံအကြွင်းအကျန်များ၊ သဘာဝမြေဆွေးများ၊ ကောင်းမွန်စွာဆွေးမြည့်နေသောနွားချေး၊ ကြက်ချေးကဲ့သို့သော တိရစ္ဆာန်အညစ်အကြေးများနှင့် ဇီဝမြေဩဇာများကို တွဲဖက်အသုံးပြုခြင်းဖြင့် မြေဆီလွှာ၏ကျန်းမာရေးကိုမြှင့်တင်နိုင်ပြီး သီးနှံအထွက်နှုန်းကို ပိုမိုတိုးတက်စေနိုင်သည်။
ထို့ပြင် အခြားသောစိုက်ပျိုးရေးစနစ်များ ဖြစ်သောသီးလှည့်စိုက်ပျိုးခြင်းနှင့် ပိုက်ဆန်လျှော်၊ ညံပင်ကဲ့သို့သော သစ်စိမ်းမြေဩဇာများပြုလုပ်သုံးစွဲခြင်း၊ မြေဖုံးပင်များစိုက်ပျိုးခြင်း အစရှိသော အလေ့အကျင့်ကောင်းများကိုလည်း လိုက်နာကျင့်သုံးရန် လိုအပ်သည်။ အပင်မှအမှန်တကယ် လိုအပ်သော အာဟာရဓာတ်များကို ညီမျှစွာထည့်သွင်းနိုင်ရန်အတွက် မြေဆီလွှာဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကိုသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလက်တွဲ၍ဆောင်ရွက်သင့်သည်။
ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၊ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစမ်းသပ်နိုင်သဖြင့် တောင်သူများအနေဖြင့် မြေနမူနာများနှင့် အပင်နမူနာများရယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများကို အလေ့အကျင့်ကောင်းတစ်ခုအဖြစ် မဖြစ်မနေဆောင်ရွက်ကြစေလိုသည်။
မှားယွင်းသည့်စိုက်ပျိုးရေး နည်းစနစ်များဖြစ်သော ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ မြေယာပြုပြင်ရန်ရိုးပြတ်များမီးရှို့ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုမှုများလာပြီး ကောက်ရိုးများ အလွယ်တကူမီးရှို့ခြင်း၊အပင်အကြွင်းအကျန်များမီးရှို့ခြင်း အစရှိသောလုပ်ဆောင်ချက်များကြောင့် ထွက်ရှိလာသည့်မီးခိုးမြူငွေ့များကိုလည်းလျှော့ချရန် အထူးလိုအပ်လျက်ရှိသည်။
အဆိုပါမီးခိုးမြူငွေ့များသည် အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် လူသားတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်ပျက်စီးစေရုံသာမက သက်ရှိတိရစ္ဆာန်များနှင့် အပင်များအပေါ်တွင်လည်း အလွန်အန္တရာယ်ဖြစ်စေနိုင်သည်။
မီးရှို့ခြင်းကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိခိုက်စေနိုင်ရုံသာမက မီးရှို့ထားသောစိုက်ခင်းမှ ထွက်ရှိလာသော လယ်ယာထွက်ကုန်များကို အခြားနိုင်ငံများက ဝယ်ယူမည်မဟုတ်သည့်အတွက် သီးနှံဈေးကွက်ဝယ်လိုအားများ ကျဆင်းသွားစေနိုင်သည်။
သီးနှံစိုက်ပျိုးရာတွင် မီးရှို့မှုလျှော့ချရေး လုပ်ငန်းစဉ်များကိုပါ တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေလိုသည်။
ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်သွားစေမည့်နည်းလမ်းဖြစ်သော နှစ်ရှည်သီးနှံများပြောင်းလဲ စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း၊ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးခြင်းနှင့်တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးရေးနည်းစနစ်များသို့ ပြောင်းလဲကျင့်သုံးရန်လိုအပ်သည်။
လယ်ယာစိုက်ပျိုးရေးမှထွက်ရှိသော အပင်အကြွင်းအကျန်များကို သဘာဝမြေဆွေးပြုလုပ်ခြင်း၊ ရိုးပြတ်များအား ထယ်မှောက်၍ဆွေးမြည့်စေခြင်း၊ နောက်သီးနှံများ၏အပင်ခြေတွင် အပင်အကြွင်းအကျန်များကို မြေဖုံးပေးခြင်းနှင့် ထွန်ယက်မှုကိုတတ်နိုင်သမျှလျော့နည်းစေခြင်း အစရှိသည့်လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်သည်။
ထိုကဲ့သို့ပြုမူဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက်လည်း များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။
ပြန်၍အသုံးပြုခြင်း
ဒုတိယနည်းလမ်းဖြစ်သော ပြန်၍အသုံးပြုခြင်းတွင် စိုက်ပျိုးမွေးမြူရေးမှထွက်ရှိလာသော တိရစ္ဆာန်အညစ်အကြေးစွန့်ပစ်ပစ္စည်းများ၊ ပဲရိုး၊ ပဲမှော်၊ ကောက်ရိုး အစရှိသောသီးနှံအကြွင်းအကျန်များကို စိုက်ခင်းအတွင်းပြန်လည် ထည့်သွင်းအသုံးပြုခြင်း၊ ကောက်ရိုးများကိုအသုံးပြု၍ မှိုစိုက်ပျိုးခြင်း၊ တီမွေးမြူခြင်း စသည်တို့အပြင် မြေဖုံးပစ္စည်းများအဖြစ် အသုံးပြုခြင်း စသည့်နည်းလမ်းများလည်းပါဝင်သည်။
လယ်ယာထွက်ပစ္စည်းများအပြင် စိုက်ခင်းများအတွင်းသို့ ရေသွင်းရာမှ စီးဆင်းလာသည့် ပိုလျှံရေများ၊ရေထုတ်မြောင်းများအတွင်းရှိ ပိုလျှံရေများကိုပြန်လည်အသုံးပြုခြင်းဖြင့် ရေကိုအကျိုးရှိထိရောက်စွာ အသုံးပြုလာနိုင်မည်ဖြစ်သည်။ ထို့ပြင် အညာဒေသကဲ့သို့သော ပူပြင်းခြောက်သွေ့၍ ရေရှားပါးသောအရပ်များ၌ ရေစုကန်၊ ရေစုကျင်းများတူးဖော်၍ မိုးရေကိုစနစ်တကျစုဆောင်းခြင်းဖြင့် မြေဆီလွှာတိုက်စားခြင်းများကိုလျောကျစေပြီး ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ရုံသာမက အဆိုပါရေများကို ဖြည့်စွက်ရေအဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် သီးနှံများအထွက်တိုးလာနိုင်သည်။
တောင်သူများအနေဖြင့် ဖော်ပြပါနည်းလမ်းများကိုလုပ်ဆောင်ပါက မိမိတို့၏စိုက်ပျိုးမြေတွင် မြေဆီဩဇာကြွယ်ဝကောင်းမွန်စေပြီး အကျိုးပြုအဏုဇီဝသက်ရှိများ၏ ရှင်သန်ပေါက်ပွားမှုကို မြှင့်တင်ပေးနိုင်သည်။ သီးနှံအကြွင်းအကျန်များကို ကောက်ရိုးမှိုများစိုက်ပျိုးခြင်း၊ တီကျစ်မြေဩဇာများ ထုတ်လုပ်ခြင်းအားဖြင့်လည်း တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိနိုင်သည်။
ပြန်လည်ပြုပြင်၍အသုံးပြုခြင်း
တတိယနည်းလမ်းအနေဖြင့် သီးနှံအကြွင်းအကျန်များကို ပုံစံပြောင်းပြုပြင်ပြီး ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ စပါးခွံ၊ ကောက်ရိုးအစရှိသည်တို့ကို အသုံးပြု၍ ဇီဝမီးသွေး၊ ဇီဝအုတ်ခဲများ၊ အီးအမ်ဘိုကာရှီမြေဆွေး၊ သဘာဝမြေဩဇာများအဖြစ် ပြန်လည်ပြုလုပ်အသုံးပြုခြင်းဖြင့် မြေဆီလွှာဆုံးရှုံးမှုကို သက်သာစေသည့်အပြင် အပိုဝင်ငွေရရှိနိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
ထို့ပြင် အိမ်မွေးတိရစ္ဆာန် စွန့်ပစ်အညစ်အကြေးများကို ဇီဝဓာတ်ငွေ့များထုတ်လုပ်သုံးစွဲခြင်း ပြုလုပ်ပြီး ဘေးထွက်ပစ္စည်းများကို စိုက်ခင်းများသို့ပြန်လည်ထည့်သွင်းခြင်းများဖြင့် မြေဆီလွှာ၏ အရည်အသွေးကိုတိုးတက်စေရုံသာမက လျှပ်စစ်မီးရရှိခြင်းဖြင့် ကျေးလက်ဒေသကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။
ရေရှည်တည်တံ့စေခြင်း
လက်ရှိကာလဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံအများ စက်သုံးဆီပြဿနာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ စက်သုံးဆီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံအလိုက်နည်းလမ်း အမျိုးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အရှေ့အလယ်ပိုင်းဒေသတွင် ပြဿနာစတင်ဖြစ်စဉ်ကတည်းကပင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရန်အတွက် စက်သုံးဆီကို နေ့စဉ်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
စိုက်ပျိုးရေးအတွက်သွင်းအားစုများဖြစ်သည့် ရေနှင့်ဓာတ်မြေဩဇာများ လိုအပ်သကဲ့သို့ပင် လယ်ထွန်စက်နှင့်ရေတင်စက် အစရှိသည်တို့မှာလည်း စက်သုံးဆီနှင့်ဆက်စပ်လျက်ရှိသည်။အလားတူ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနိုင်သဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲနိုင်ရေးနည်းလမ်း အသွယ်သွယ်တို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။
စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့် လက်ရှိကာလတွင်သာမက ရေရှည်တွင် မိမိတို့၏အနာဂတ်မျိုးဆက်များ စားရေရိက္ခာဖူလုံရေးအတွက်ပါ မျှော်မှန်းပြီး မြေဆီလွှာကျန်းမာရေးနှင့်ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။
အချုပ်ဆိုရသော် လျှော့ချခြင်း၊ ပြန်၍အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်၍အသုံးပြုခြင်းဟူသော နည်းလမ်းသုံးသွယ်ကိုအခြေခံသော မြေဆီလွှာအာဟာရဓာတ်ကြွယ်ဝရေး နည်းစနစ်များကို အသုံးပြုလုပ်ဆောင်ခြင်းဖြင့် စိုက်ပျိုးသမျှ အောင်မြင်စွာ ထုတ်လုပ်ရောင်းချနိုင်ပြီး“မြေကြီးမှရွှေသီးစေရန် လုပ်ဆောင်ကြပါစို့”ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
MWD
