အစိုးရရဲ့လုပ်ဆောင်ချက်နဲ့ ကံတရားရဲ့ဖေးမမှု လိုအပ်နေတဲ့ အမေရိကန် လယ်သမားများ
Posted_Date
Image
Body
လယ်သမားကြီး စကော့အာဘက်တစ်ယောက် အနောက်တက္ကဆက်ပြည်နယ်ရှိ ခြောက်သွေ့ပြီးအက်ကွဲနေတဲ့ စိုက်ခင်းထဲမှာ ဆောင့်ကြောင့်ထိုင်ရင်း ညှိုးနွမ်းပုညှက်နေတဲ့ဂျုံပင်တွေကို ငေးကြည့်နေရှာပါတယ်။ သူ့လက်တစ်ဖက်လုံး မြုပ်သွားနိုင်လောက်အောင် ဟာလာဟင်းလင်းဖြစ်နေတဲ့ မြေကြီးအက်ကွဲကြောင်းကြီးထဲလက်နှိုက်ကြည့်ရင်း သူဟာစိတ်ပျက်လက်ပျက်ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ ဆောင်းဦးရာသီတုန်းက အာဘက်ဟာဂျုံတွေစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးက တစ်စက်မှမရွာလာတော့ ဂျုံပင်တွေက မြေကြီးပေါ်ကနေတောင် ကောင်းကောင်း ထလာကြခြင်းမရှိပါဘူး။ ဒီအချိန်မှာ သူမျှော်လင့်နေတဲ့ တစ်ခုတည်းသော အရာကတော့ အာမခံကုမ္ပဏီက တာဝန်ရှိသူတွေ လာစစ်ဆေးပြီး ဒီစိုက်ခင်းကို “လုံးဝပျက်စီးသွားပြီ” လို့ သတ်မှတ်ပေးဖို့ပါပဲ။ ဒါမှသာလာမယ့်လမှာ ရိတ်သိမ်းဖို့အတွက် ဈေးကြီးပေးဝယ်ရမယ့် စက်သုံးဆီဖိုးတွေကို ထပ်ပြီး အကုန်အကျမခံတော့ဘဲ လက်ရှောင်နိုင်မှာမို့လို့ပါ။
အမေရိကန်-အစ္စရေးပူးပေါင်းပြီး အီရန်နဲ့စစ်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း စက်သုံးဆီနဲ့ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာဈေးနှုန်းတွေ မိုးထိအောင် ထိုးတက်သွားတာဟာ တက္ကဆက်၊ ကန်ဆပ်၊ အိုကလာဟိုးမား၊ တောင်ဒါကိုတာနဲ့ နီဘရာစကာစတဲ့ အမေရိကန် လွင်ပြင်ဒေသ ပြည်နယ်တွေက လယ်သမားတွေရဲ့ ဆိုးရွားနေတဲ့ အခြေအနေကို ပိုပြီးတော့ ချောက်ထဲတွန်းချလိုက်သလို ဖြစ်စေခဲ့ပါတယ်။
တကယ်တော့ စစ်ပွဲမဖြစ်ပွားခင်ကတည်းက လယ်သမားတွေဟာ တစ်ကျော့ပြန် ပြန်လည်ဆိုးရွားလာတဲ့ မိုးခေါင်ရေရှားမှုဒဏ်၊ စိုက်ပျိုးရေးသွင်းအားစုစရိတ်ကြီးမားမှုဒဏ်တွေအပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ အလူးအလဲခံစားနေရတာပါ။ အဲဒီကုန်သွယ်ရေး မူဝါဒတွေကြောင့် ပြည်ပပို့ကုန်ဈေးကွက်တွေ ပိတ်ဆို့ကုန်ပြီး သီးနှံဈေးနှုန်းတွေဟာလည်း ထိုးကျသွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ဟော်မုရေလက်ကြား ပိတ်ဆို့ခံလိုက်ရစဉ်ကစလို့ စိုက်ပျိုးရေးသုံးဒီဇယ်ဆီဈေးနှုန်းဟာ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တယ်လို့ ကန်တက်ကီ တောင်သူလယ်သမားအသင်းက ဒီလထဲမှာပြုလုပ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် စိုက်ပျိုးရေးကော်မတီ ကြားနာပွဲအတွက် ပြင်ဆင်ထားတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပင်လယ်ကွေ့ဒေသကနေထုတ်လုပ်တဲ့ ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းကလည်း၅၅ ရာခိုင်နှုန်းအထိတက်သွားပြီး တခြားနိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာတွေဟာလည်း ၃၃ ရာခိုင်နှုန်းအထိ ဈေးတက်သွားတယ်လို့ အဆိုပါ လယ်သမားအဖွဲ့က ဆိုပါတယ်။ အခြေအနေတွေက ဒီလောက်အထိဆိုးဝါးနေပြီး ကုန်ကျစရိတ်တွေမြင့်တက်နေပေမယ့် မိုးခေါင်ရေရှားမှုကြောင့် လယ်သမားတွေဟာ သီးနှံအထွက်နှုန်းနည်းမယ့် အလားအလာနဲ့ ရင်ဆိုင်နေရတာပါ။
အာဘက်ဟာ ဒီလထဲမှာစိုက်ပျိုးမယ့် သီးနှံတွေအတွက် ဓာတ်မြေဩဇာတွေကို ကြိုတင်ဝယ်ယူခြင်း မရှိပါဘူး။ ဈေးနှုန်းတွေက အဆမတန် တက်နေတာရယ်၊ ရာသီဥတုကလည်း ဆိုးဆိုးရွားရွား မိုးခေါင်နေတဲ့အတွက် သီးနှံအထွက်နှုန်း သိသိသာသာလျော့ကျနိုင်ခြေရှိတာရယ်ကြောင့် ဓာတ်မြေဩဇာကို လုံးဝ
သုံးတော့မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။ “စက်သုံးဆီဈေးကလည်းတက်၊ မိုးကလည်းခေါင်၊ မြေဩဇာဈေးကလည်း ခေါင်ခိုက်နေတာပဲ” လို့ အာဘက်က သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တစ်ခုချင်းစီ ရေတွက်ရင်းညည်းတွားလိုက်ပါတယ်။ “ကျွန်တော့်မှာအခက်အခဲသုံးခုစလုံးကို ဒိန်းခနဲရင်ဆိုင်နေရပြီဗျ။ကျွန်တော်ဒီပွဲမှာ အရှုံးနဲ့ထွက်ရပြီလားဗျာ။”
တက္ကဆက်ပြည်နယ်ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာဂျုံစိုက်ပျိုးမှု တတိယအများဆုံး၊ နှံစားပြောင်းစိုက်ပျိုးမှုမှာ ဒုတိယနဲ့ ဝါစိုက်ပျိုးထုတ်လုပ်မှုမှာတော့ ပထမအဆင့် ရှိတဲ့ ပြည်နယ်ကြီးတစ်ခုပါ။ အာဘက် စိုက်ပျိုးတဲ့ တူလီယာမြို့အနီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ခြောက်သွေ့ပြီးညိုမှိုင်းနေတဲ့ လယ်ကွင်းပြင်တွေပေါ်မှာ လေပြင်းတွေ တိုက်ခတ်နေပါတယ်။ အဲဒီမြေကွက်လပ်တွေထဲမှာ ပြီးခဲ့တဲ့ရိတ်သိမ်းရာသီက ကျန်ရစ်ခဲ့တဲ့ ဖုန်မှုန့်တွေပေကျံနေတဲ့ဝါဂွမ်းဖတ်တွေနဲ့ ခြောက်သွေ့ကြွပ်ဆတ်နေတဲ့ နှံစားပြောင်း ရိုးပြတ်တွေပဲ ဟိုတစ်စဒီတစ်စတွေ့ရပါတော့တယ်။
အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်လယ်သမားတွေဟာ ဂျုံသီးနှံထွက်ရှိမှုကို ၁၉၅၇ ခုနှစ်နောက်ပိုင်း အနည်းဆုံးပမာဏအထိ သမိုင်းတင်လောက်အောင် နည်းပါးစွာထွက်ရှိမယ်ဆိုပြီး ခန့်မှန်းထားတယ်လို့ဆိုပါတယ်။ အမေရိကန်အစိုးရက နောက်ဆုံးထုတ်ပြန်ထားတဲ့ မိုးခေါင်မှုစောင့်ကြည့်ရေး (U.S. Drought Monitor) အစီရင်ခံစာအရ အမေရိကန်ပြည်မ ၆၀ ရာခိုင်နှုန်းကျော်၊ လူဦးရေ ၁၅၃ သန်းခန့် နေထိုင်တဲ့ဧရိယာက လက်ရှိမှာမိုးခေါင်ရေရှားမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာဖြစ်တယ်လို့တွေ့ရပါတယ်။ ဒါဟာ ၂၀၂၆ ခုနှစ် အစပိုင်းမှာ မိုးခေါင်ရေရှားမှုဒဏ်ကိုခံစား
နေရတာက တစ်နိုင်ငံလုံးရဲ့ ၄၃ ရာခိုင်နှုန်းသာရှိခဲ့ရာကနေမြင့်တက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်က ၃၃ ရာခိုင်နှုန်းပဲရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် အခြေအနေ တော်တော်လေးဆိုးရွားလာတာ ထင်ရှားပါတယ်။
အိုကလာဟိုးမားပြည်နယ်မှာဆိုရင် အထိနာဆုံး ဒေသတွေက ဂျုံစိုက်ခင်းတွေအတွက် အခုအချိန်မှာ မိုးရွာချလိုက်ရင်တောင် နောက်ကျသွားပြီလို့ အိုကလာဟိုးမားပြည်နယ်တက္ကသိုလ်မှ စိုက်ပျိုးရေးပညာရှင် အမန်ဒါဒီအိုလီဗီယာဆေးဗားက ဧပြီလနှောင်း ပိုင်းကတည်းက သတိပေးခဲ့ပါတယ်။ တောင်ဒါကိုတာပြည်နယ်မှာလည်း လယ်သမားတွေက ဓာတ်မြေဩဇာဈေးနှုန်း အဆမတန်ကြီးမြင့်တာနဲ့ ရာသီဥတုဆိုးရွားတာတွေကြောင့် ဆောင်းဦးရာသီက စိုက်ပျိုးခဲ့တဲ့ ဂျုံခင်းတွေအတွက် မြေဩဇာကျွေးမယ့် အစီအစဉ်တွေကို ပြန်လည်သုံးသပ် တွက်ချက်နေရပြီလို့တောင်ဒါကိုတာပြည်နယ်တက္ကသိုလ်ရဲ့ စိုက်ပျိုးရေးပညာရှင် ကလဲရန့်ဝင်းတာက ပြောပါတယ်။ အခုလိုမျိုး ဓာတ်မြေဩဇာကုန်ကျစရိတ်တွေ မြင့်တက်နေတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ဈေးနှုန်းသက်သာတဲ့ ဓာတ်မြေဩဇာတွေကို ပြည်တွင်းမှာပိုမိုထုတ်လုပ်နိုင်ဖို့အတွက် အလေးအနက် အာရုံစိုက်ဆောင်ရွက်နေတယ်လို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အိုကလာဟိုးမားပြည်နယ် တူဆာခရိုင်မှာ ဂျုံ၊ နှံစားပြောင်းနဲ့ ပဲပုပ်တွေစိုက်ပျိုးတဲ့ တွမ်မီဆာလစ်ဘာရီလို လယ်သမားတွေအတွက်တော့ သွင်းအားစုစရိတ်တွေ မြင့်တက်လာတာဟာ ထရမ့်အစိုးရလက်ထက်က အခွန်စည်းကြပ်မှု နောက်ဆက်တွဲဒဏ်ကို ကုစားဖို့ ပေးခဲ့တဲ့ ဒေါ်လာ ၁၂ ဘီလီယံကူညီထောက်ပံ့မှု အစီအစဉ်ကရရှိတဲ့ အကျိုးအမြတ်တွေကို လုံးဝဆုံးရှုံးသွားစေခဲ့ပါတယ်။ “ကျွန်တော်တို့က ၂၀၂၆ ခုနှစ်အတွက်သွင်းအားစုစရိတ်တွေကိုပေးနေရပေမယ့် ရောင်းရတဲ့ ဈေးတွေကတော့ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေတုန်းက ဈေးနှုန်းတွေအတိုင်း ပြန်ရနေသလိုပဲ” လို့ သူက ရင်ဖွင့်ပါတယ်။ စိုက်ပျိုးရေးဝန်ကြီး ဘရွတ်ရိုးလင်းကတော့ အမေရိကန်လယ်သမားတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ စစ်မဖြစ်ခင် ဆောင်းဦးရာသီကတည်းက သွင်းအားစုတွေကို ကြိုတင်ဝယ်ယူ စုဆောင်းထားနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို ကြိုတင်ဝယ်ယူနိုင်တဲ့နှုန်းဟာ ဒေသတစ်ခုနဲ့တစ်ခု မတူဘဲ ကွာခြားချက်အလွန်ကြီးမားပါတယ်။ မစ်ဝက်ဒေသမှာရှိတဲ့ လယ်သမားအများစုဟာ ၂၀၂၆ ခုနှစ်အတွက် ဓာတ်မြေဩဇာတွေကို ကြိုတင်အော်ဒါမှာယူနိုင်ခဲ့ကြပေမယ့် အရှေ့မြောက်ပိုင်း ဒါမှမဟုတ် တောင်ပိုင်း
ဒေသက လယ်သမားတွေကတော့ အဲဒီလို မလုပ်နိုင်ခဲ့ကြပါဘူး။ အကြောင်းရင်းက တောင်ပိုင်းဒေသမှာလယ်သမားအများစုအနေနဲ့ ဓာတ်မြေဩဇာတွေကို သိုလှောင်ထားဖို့ ကောင်းမွန်တဲ့သိုလှောင်ရုံတွေ မရှိကြခြင်းပါပဲ။ အနောက်တက္ကဆက်ပြည်နယ် အိုတန်မြို့မှာလယ်စိုက်တဲ့ ကိုဒီကာဆန်ကတော့ သူဟာ ဓာတ်မြေဩဇာတွေကို ကြိုတင်ဝယ်မထားရသေးသလို သူပိုင်ဆိုင်တဲ့ ဝါစိုက်ခင်း ဧက ၂၄၀၀ အတွက်လည်း ဓာတ်မြေဩဇာကို လုံးဝဝယ်တော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် သူ့ရဲ့ ဆောင်းသီးနှံဂျုံ ထွက်နှုန်းဟာ မူလက တစ်ဧကကိုတင်း ၈၀ လောက် ထွက်မယ်လို့မျှော်မှန်းထားပေမယ့် အခုတော့ တစ်ဧကကို ၁၈ တင်းမှတင်း ၂၀ လောက်ပဲထွက်တော့မယ့် အခြေအနေမှာသာရှိနေပါတယ်။ “ကျွန်တော့်အနေနဲ့ သီးနှံတောင် ကောင်းကောင်းထွက်ပါ့မလားမသေချာတဲ့ အခြေအနေမျိုးမှာ ငွေကြေးအရ ဘယ်လိုလုပ်စွန့်စားပြီးတော့ ဒီလောက်ဈေးကြီးတဲ့ ဓာတ်မြေဩဇာတွေကို သွားမှာရဲမှာလဲ
ဗျာ” လို့ ကာဆန်က မေးခွန်းထုတ်ပါတယ်။
တက္ကဆက်ပြည်နယ် ပီတာစဘတ်မြို့မှာ ဝါဂွမ်း၊ပြောင်းဖူးနဲ့ နှံစားပြောင်းစိုက်ပျိုးတဲ့ တွမ်ဂရက်ဂိုရီ ကလည်း ဓာတ်မြေဩဇာကို ကြိုတင်ဝယ်မထားခဲ့တဲ့ လယ်သမားတစ်ဦးပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဓာတ်မြေဩဇာတစ်တန်ကို ၄၀၂ ဒေါ်လာပဲ ရှိခဲ့ရာကနေ ဧပြီလရောက်တဲ့အခါ ၅၅၈ ဒေါ်လာအထိ ဈေးနှုန်းတွေ တက်လာတာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့လည်း လယ်ယာစိုက်ပျိုးရေးဟာ သူ့ရဲ့ တစ်ခုတည်းသော သက်မွေးဝမ်းကျောင်းအလုပ် ဖြစ်သလို မိသားစုရိုးရာအလုပ်လည်း ဖြစ်တာကြောင့် နွေဦးကာလမှာစိုက်ပျိုးမှုတွေကို ဘယ်လိုနည်းနဲ့မဆို ဆက်လုပ်ဖို့ ဂရက်ဂိုရီတစ်ယောက် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ သူကတော့ ဓာတ်မြေဩဇာကို တတ်နိုင်သမျှအနည်းဆုံး ချွေတာသုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သွင်းအားစုစရိတ်တွေတက်လာတာကို သီးနှံအထွက်နှုန်း ပိုကောင်းအောင်လုပ်ပြီး ကာမိအောင် သူ ကြိုးစားခဲ့ဖူးတယ်လို့ ဂရက်ဂိုရီက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဗျူဟာနဲ့ မျှော်လင့်ချက်တွေက ပထမတော့ မိုးခေါင်လို့ အခုကျတော့ ဓာတ်မြေဩဇာဈေးတွေတက်လို့ ဆိုပြီး တဖြည်းဖြည်းနဲ့ ပျောက်ပျက်သွားခဲ့ရပါပြီ။ ဒီလိုအခြေအနေမျိုးမှာ အကျပ်အတည်းကာလကို ဖြတ်ကျော်နိုင်ဖို့အတွက် သူဟာ ဘာသာရေးယုံကြည်ချက်၊ မိသားစုနဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းတို့အပေါ်မှာပဲ အားကိုးပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းထားရတယ်လို့ ဂရက်ဂိုရီကဆိုပါတယ်။ အခုလိုအခြေအနေမျိုးဟာ အမေရိကန်လယ်သမားအများစု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်နေပြီး ဒီအခက်အခဲကိုကျော်လွှားနိုင်ဖို့ဆိုတာ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်များစွာ လိုအပ်သလို ကံတရားရဲ့ဖေးမမှုလည်း လိုအပ်နေတာဖြစ်ပါတယ်။
MWD
