ပဲပင်ပေါက်စားခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

Posted_Date

Image

ပဲပင်ပေါက်စားခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

Body

ပဲပင်ပေါက်သည် ကျန်းမာရေးအတွက် သင့်လျော်သည့်       ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ပဲပင်ပေါက်ကို Bean Sprouts ဟုခေါ်ပြီး သိပ္ပံအမည်မှာ Vigna Radiate  ဖြစ်သည်။   ပဲပင်ပေါက်ကိုကြော်စားခြင်း၊ အသုပ်များတွင်ထည့်စားခြင်း၊  သုပ်စားခြင်း၊ ဟင်းချိုချက်စားခြင်း၊  အချဉ်စိမ်စားခြင်း စသည်ဖြင့် အမျိုးမျိုး ပြုလုပ်စားသောက်နိုင်သည်။

ပဲပင်ပေါက်ကိုပဲပြားနှင့်ရော၍ ကြော်စားကြသကဲ့သို့  အသုပ်နှင့်  မုန့်ဟင်းခါးထဲတွင်လည်းထည့်စားကြသည်။ ပဲတီချဉ်သုပ်ကလည်း မြန်မာလူမျိုးများအကြိုက် ခံတွင်းမြိန်စေသည့်   ဟင်းလျာတစ်မျိုးဖြစ်သည်။ ပဲပင်ပေါက်တွင် အာဟာရဓာတ်ကြွယ်ဝပြီး  ခန္ဓာကိုယ်အတွက်  အကျိုးပြုအာဟာရများစွာ ပါဝင်သည်။ 

ပဲပင်ပေါက်တွင်ပါဝင်သောအာဟာရများ

ပဲပင်ပေါက်တွင်        ခန္ဓာကိုယ်တည်ဆောက်ရေးနှင့် ကြွက်သားများအတွက်အရေးကြီးသည့် ပရိုတင်း၊  အစာခြေစနစ်ကောင်းစေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသည့် ဖိုင်ဘာ၊ ကိုယ်ခံအားတိုးစေပြီး အရေပြားကျန်းမာရေးကောင်းစေသော ဗီတာမင်-C ၊ သွေးကြောကျန်းမာရေးနှင့်     သွေးခဲခြင်းကို ထိန်းညှိပေးသည့် ဗီတာမင်-K ၊  စွမ်းအင်ထုတ်လုပ်မှုနှင့် ဦးနှောက်လုပ်ဆောင်မှုအတွက်     အရေးကြီးသည့်     ဗီတာမင်-B အုပ်စုများ(B1, B2, B6)၊  ကိုယ်ဝန်ဆောင်များအတွက် အထူးအရေးကြီးသည့်   ဖောလိတ်၊  သွေးအားကောင်းစေသည့်    သံဓာတ်၊     နှလုံးနှင့်ကြွက်သားကျန်းမာရေးအတွက်လိုအပ်သည့် မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့ ပါဝင်သည်။

ပိုးမွှားကူးစက်မှုမှကာကွယ်ပေးသောပဲပင်ပေါက်

ပဲပင်ပေါက်တွင် ဗီတာမင်-C ကြွယ်ဝစွာပါဝင်မှုကြောင့် ခန္ဓာကိုယ်၏ရောဂါတိုက်ဖျက်နိုင်စွမ်းကို  မြှင့်တင်ပေးပြီး ဗက်တီးရီးယားနှင့်  ဗိုင်းရပ်စ်ပိုးများကူးစက်မှုမှ ကာကွယ်ပေးသည်။ 

ရောင်ရမ်းမှုကိုထိန်းညှိပေးသောပဲပင်ပေါက်

ပဲပင်ပေါက်တွင်     ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်မှုက   ဆဲလ်များပျက်စီးခြင်းကို လျော့ကျစေကာ ရောင်ရမ်းမှုကို ထိန်းညှိပေးသည်။ 

သွေးအားကောင်းစေသောပဲပင်ပေါက်

ပဲပင်ပေါက်တွင် သံဓာတ်နှင့် ဖောလိတ်ဓာတ်ကြောင့် သွေးနီဆဲလ်ထုတ်လုပ်မှုကို ကူညီပေးသည်။

အသားအရေကောင်းစေသောပဲပင်ပေါက်

ပဲပင်ပေါက်တွင်ပါဝင်သော  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့်  အသားအရေ ကောင်းမွန်စေပြီး     အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေသည်။

ကိုယ်ခံအားကောင်းစေသောပဲပင်ပေါက်

ပဲပင်ပေါက်တွင် ဗီတာမင်-C ပါဝင်မှုကြောင့်  ကိုယ်ခံအားကောင်းစေနိုင်ပြီး ရောဂါပိုးများကူးစက်မှုမှ အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေသောကြောင့်     ခန္ဓာကိုယ်ကိုကျန်းမာစေပြီး  ဇီဝကမ္မလုပ်ငန်းစဉ်များကို    အကောင်းဆုံးလည်ပတ်စေနိုင်ပြီး   ဗီတာမင်-A ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို  အကောင်းဆုံးထောက်ပံ့ပေးနိုင်သည်။

နှလုံးရောဂါဖြစ်ပွားမှုကိုလျော့ပါးစေသော ပဲပင်ပေါက်

ပဲပင်ပေါက်တွင်     ပိုတက်ဆီယမ်နှင့် ဖိုင်ဘာကြောင့် သွေးပေါင်ချိန်ထိန်းညှိပြီး နှလုံးရောဂါဖြစ်ပွားမှုကို      လျော့ပါးစေသည်။

ဇီဝကမ္မဖြစ်စဉ်များကိုကောင်းမွန်စေနိုင်သောပဲပင်ပေါက်

ပဲပင်ပေါက်တွင်   ဇီဝကမ္မဖြစ်စဉ်ကို   အကောင်းဆုံးလည်ပတ်စေနိုင်ရန် ထောက်ပံ့ပေးနိုင်သည့် တခြားစားစရာများမှ ရရှိရန် ခက်ခဲသည့်  အင်ဇိုင်းတစ်မျိုးပါဝင်သည်။ ထို့ပြင် ပဲပင်ပေါက်တွင် ကြွက်သားတည်ဆောက်မှု၊  ဆဲလ်များဖြစ်ပေါ်မှု၊    ဆဲလ်ပြန်လည်ပြုပြင်မှု၊     ကိုယ်တွင်းအင်္ဂါများ  ကျန်းမာအောင်     ထောက်ပံ့ပေးမှုနှင့် ကြွက်သားများ   ကျန်းမာသန်စွမ်းအောင် လုပ်ဆောင်ပေးသည့်    ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်သည်။ အရိုးနှင့်ကြွက်သားများသန်မာပြီး ကိုယ်တွင်းအင်္ဂါများ ကျန်းမာစေရန် စားသုံးပေးသင့်သည်။ 

အစာခြေစနစ်ကိုကျန်းမာစေနိုင်သောပဲပင်ပေါက်

ပဲပင်ပေါက်တွင်    တခြားအစားအစာများ၌ ရှားပါးသောအင်ဇိုင်းများ ပါဝင်သည့်အတွက် အစာခြေစနစ်ကို   ကျန်းမာစေနိုင်ပြီး  အစာကြေစေနိုင်သကဲ့သို့ အူနံရံများကို အာဟာရဓာတ်များ အကောင်းဆုံးစုပ်ယူနိုင်အောင် ထောက်ပံ့ပေးနိုင်သည့်အပြင်   အစာကြေလွယ်စေသည်။ ပဲပင်ပေါက်တွင်       အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းချုပ်ခြင်းမှကင်းဝေးအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်သည်။ 

ကိုယ်အလေးချိန်ကျစေနိုင်သော ပဲပင်ပေါက်

ပဲပင်ပေါက်တွင်      ကယ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ်အတွက်အကျိုးပြုသည့် ဗီတာမင်နှင့်     သတ္တုဓာတ်    ကြွယ်ဝစွာပါဝင်သည်။  အမျှင်ဓာတ်ပါဝင်မှုကြောင့် အဆာခံနိုင်စေပြီး       ကိုယ်အလေးချိန်လျှော့ချချင်သူများ   နေ့စဉ်စားပေးသင့်သည်။   ကယ်လိုရီနည်းပြီး အမျှင်ဓာတ်ပါဝင်မှုက အစာစားချင်စိတ်ကို ထိန်းညှိပေးသောကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် သင့်လျော်သည်။ 

သွေးအားနည်းခြင်းကို သက်သာစေနိုင်သောပဲပင်ပေါက်

ပဲပင်ပေါက်တွင်ပါဝင်သည့် သံဓာတ်နှင့်ကော့ပါးဓာတ်များက ခန္ဓာကိုယ်ထဲတွင် သွေးနီဥဆဲလ်များဖြစ်ပေါ်စေပြီး ကိုယ်တွင်းသွေး လည်ပတ်မှုကို ကောင်းစေနိုင်သည်။

ခန္ဓာကိုယ်တွင်   သံဓာတ်အားနည်းလာ သည့်အခါ သွေးအားနည်းရောဂါကို ခံစားရနိုင်သောကြောင့်  သံဓာတ်ကြွယ်ဝသည့် အစားအစာများကို        စားသုံးရန်လိုအပ်သည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်း၊      အစာခြေစနစ် ပြဿနာများ ခံစားရခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ အမောမခံနိုင်ခြင်းများ မဖြစ်စေရန် ပဲပင်ပေါက်ကို စားသုံးသင့်သည်။ 

အမြင်အာရုံကောင်းစေနိုင်သောပဲပင်ပေါက်

ပဲပင်ပေါက်တွင် ဗီတာမင်-A ကြွယ်ဝသောကြောင့်    မျက်စိအာရုံစူးစိုက်မှုကို မြှင့်တင်ပေးပြီး အသက်အရွယ်ကြောင့်ဖြစ်သည့် အမြင်အာရုံချို့ယွင်းမှုကို ကာကွယ်ပေးပြီး အမြင်အာရုံပြဿနာများကို အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်။ မျက်စိအတွင်းတိမ်ဖြစ်ခြင်းကို  ကာကွယ်ပေးနိုင်သောကြောင့် မျက်လုံးများ ကျန်းမာစေရန် ပဲပင်ပေါက်ကို စားသုံးသင့်သည်။

သတိပြုရမည့်အချက်များ

ပဲပင်ပေါက်သည်   စိုထိုင်းဆမြင့်မားသော ပတ်ဝန်းကျင်တွင် အပင်ဖောက်ရသဖြင့်  ဗက်တီးရီးယားပိုးများ ပေါက်ပွားနိုင်သောကြောင့် အစိမ်းစားပါက ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်းစသော ဆိုးကျိုးများဖြစ်စေနိုင်သဖြင့် ရေစင်အောင်ဆေးကြောပြီးမှ ချက်ပြုတ်စားသင့်သည်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးခြင်းကြောင့် ဗက်တီးရီးယားများနှင့် ဓာတုပစ္စည်းများ (ဥပမာ-Sodium Hydrosulphide)   ကို  ဖယ်ရှားပြီးဖြစ်စေသည်။ ပဲပင်ပေါက်က  လူတိုင်းစားသုံးသင့်သည်ဆိုသော်လည်း    အသက်ငါးနှစ်အောက်         ကလေးများ၊ အသက် ၇၀ နှစ်နှင့်အထက်လူကြီးများ၊ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ခံအားနည်းသူများ အနေဖြင့်  အလွန်အကျွံမစားသင့်ပေ။    ပဲပင်ပေါက်၏အရောင်သည်   အဝါရောင်နှင့် အမည်းရောင်ပြောင်းလာခြင်း၊ လက်ဖြင့်ကိုင်ကြည့်၍ ချွဲကျိကျိဖြစ်နေလျှင် မစားသင့်ပေ။

အချုပ်အားဖြင့်ဆိုသော်  ပဲပင်ပေါက်သည်    အာဟာရဓာတ်ကြွယ်ဝသကဲ့သို့ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့်  ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သည်။  ပဲပင်ပေါက်ကို ပုံမှန်စားသုံးခြင်းဖြင့်  ကျန်းမာရေးအကျိုးကျေးဇူးများ    ရရှိနိုင်သော်လည်း  သန့်ရှင်းသော ပဲပင်ဖောက်နည်းနှင့် ချက်ပြုတ်နည်းများကို အသုံးပြုရန်  အရေးကြီးကြောင်း  ရေးသားလိုက်ရပါသည်။

MWD