တပ်မတော်၏ ပညာရေးကဏ္ဍသစ်

Posted_Date

Image

တပ်မတော်၏ ပညာရေးကဏ္ဍသစ်

Body

      မြန်မာ့လွတ်လပ်ရေး သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် ၂၀၂၆ ခုနှစ် ဧပြီလ ၉  ရက်တွင် (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။   (၇၉) နှစ် မြောက် နှစ်ပတ်လည် ဂုဏ်ထူးဆောင်အထိမ်းအမှတ်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်နှင့် တပ်မတော်အတွက် အလွန်အရေးကြီးသော ပညာရေးကဏ္ဍသစ် တစ်ခုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သမိုင်းဝင်မဟာဗျူဟာမြောက် စီမံကိန်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ 

သမိုင်းမှတ်တိုင်များမှသည် ခေတ်သစ်ပညာရေးဆီသို့

     (၁၉၄၇-၂၀၂၆) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့၏ သမိုင်းခရီးစဉ်ကို   ပြန်ပြောင်းမိန့်ကြားရာတွင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှသည်  ယနေ့မျက်မှောက် ကာလတိုင်အောင် နိုင်ငံတော်၏ခရီးလမ်း အသွယ်သွယ်ကို အခြားလက်ရုံးတပ်ဖွဲ့များနည်းတူ အောက်ပါအတိုင်း  ပါဝင်ဖြတ်ကျော်ခဲ့ကြောင်း ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

      •    ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁ ရက် - လွတ်လပ်ရေးမရမီကပင် ပညာရေးဌာနစု အဖြစ် စတင် သန္ဓေတည်ခဲ့သည်။

      •    ၁၉၅၆ ခုနှစ် ဩဂုတ်လ ၃၁ ရက် - ခေတ်စနစ်အရ ပညာရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

   •   ၁၉၉၀ ပြည့်နှစ် ဧပြီလ ၁ ရက် - ယနေ့လက်ရှိအမည်ဖြစ်သော ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး အဖြစ် အဆင့်ဆင့် တိုးတက်ပြောင်းလဲခဲ့သည်။

ဤညွှန်ကြားရေးမှူးရုံး၏ သမိုင်းကြောင်းသည် တပ်မတော်၏ ပြုပြင်ပြောင်းလဲမှု သမိုင်းပင်ဖြစ်ကြောင်း၊ ဤသမိုင်းခရီးစဉ် တစ်လျှောက် ခေတ်ကာလအလိုက်အမည်နာမများ  ပြောင်းလဲခဲ့သော်လည်း မူလရည်မှန်းချက် တာဝန်များဖြစ်သည့် ပြည်သူ့ဆက်ဆံရေး၊  စိတ်ဓာတ်စစ်ဆင်ရေး၊ စည်းရုံးရေးနှင့် ပညာပေးရေးဟူသော မူလရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့သည်မှာ အခြားလက်ရုံးတပ်ဖွဲ့များနည်းတူ    ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း   ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူ့ဆက်ဆံရေးနှင့် ခေတ်သစ်ပညာရေး 

    စိန်ခေါ်မှုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်း၏မိန့်ခွန်းတွင် ပြည်သူ့ဆက်ဆံရေး (Public Relations) ၏ အနှစ်သာရကို  အဖွဲ့အစည်းတစ်ခုနှင့်လူထုအကြား အပြန်အလှန် အကျိုးရှိစေမည့် ဆက်သွယ်ရေး    မဟာဗျူဟာအဖြစ် အနက်ဖွင့်ဆိုခဲ့သည်။ 

    ယနေ့ကမ္ဘာ့ဖြစ်စဉ်များအရ  နိုင်ငံတစ်နိုင်ငံ၏ ပညာရေးစနစ်ခိုင်မာမှုရှိ၊ မရှိသည် ထိုနိုင်ငံ၏အနာဂတ်ကို ဆုံးဖြတ်နေသည့် စိန်ခေါ်မှုကြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် ပညာပြည့်ဝသည့် လူသားအရင်းအမြစ်များ လိုအပ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်လည်း ပညာပြည့်ဝသည့်  တပ်မတော်သား အရင်းအမြစ်များ များစွာရှိရန်လိုအပ်ကြောင်း   အလေးပေး ညွှန်ကြားခဲ့သည်။

    သုံးလုံးကျေမှသည်  တပ်မတော်ကလေးကျောင်းများအထိ

     သမိုင်းကို ပြန်ကြည့်ပါက ၁၉၅၄ ခုနှစ် တပ်မှူးများ ညီလာခံမှ စတင်အသက်ဝင်ခဲ့သည့် တပ်မတော်သားတိုင်း အရေး၊ အဖတ်၊ အတွက်  သုံးလုံးကျေပညာရပ်ကို တတ်မြောက်ရမည်ဆိုသည့်  မူဝါဒကို ပြည်သူ့ဆက်ဆံရေးနှင့်   စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့က ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထို့ပြင် ၁၉၅၂ ခုနှစ်မှစ၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာတပ်မတော်ကလေးကျောင်း များကို စတင်ဖွင့်လှစ်ခဲ့သည်။ ယနေ့အခါတွင် ထိုကျောင်းများကို  တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင်  အဆင့်မြင့်အခြေခံပညာကျောင်းများအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး     နိုင်ငံတော်၏ ပညာရည်မြင့်မားရေးကို အားဖြည့်ကူညီပေးလျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် - မဟာဗျူဟာမြောက် ပညာရေးကဏ္ဍသစ်

     လာမည့်  ၂၀၂၆-၂၀၂၇  ပညာသင်နှစ်တွင် တပ်မတော်သားများနှင့် မိသားစုဝင်များအတွက်  ပညာရေးကဏ္ဍသစ်တစ်ရပ်အဖြစ်   ရန်ကုန်နှင့် နေပြည်တော်တို့တွင်  တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများကို စတင်ဖွင့်လှစ်သွား မည့်အစီအစဉ်ကို ကြေညာခဲ့သည်။

ရန်ကုန်နှင့် နေပြည်တော်တို့တွင် စတင်ဖွင့်လှစ်မည့် ဤကျောင်းများသည် -

        •           စစ်မှုထမ်းဆောင်ဆဲ၊ အငြိမ်းစားနှင့် ကျဆုံးသွားသော စစ်သည်တော်တို့၏ သားသမီးများကို     စဉ်ဆက်မပြတ်တာဝန်ယူစောင့်ရှောက်ရန် ရည်ရွယ်သည်။

        •           အခြေခံပညာအထက်တန်းအဆင့်မှစ၍ ထူးချွန်သူများကို   တပ်မတော်ဆိုင်ရာ တက္ကသိုလ်များနှင့်   သိပ္ပံကျောင်းများ၊ တပ်မတော်ဆေးဘက်ဆိုင်ရာ သင်တန်းများ၊ ကွန်ပျူတာ ဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းများအထိ  တက်ရောက်နိုင်ရန်   တပ်မတော်က   အစအဆုံး ကူညီဖြည့်ဆည်းပေးမည်ဖြစ်သည်။

    ယခုဖွင့်လှစ်မည့် သင်တန်းကျောင်းများသည် နိုင်ငံတော်ကာကွယ်ရေးအတွက်   အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်မျိုးဆက်သစ် ကောင်းများကို စဉ်ဆက်မပြတ်  ထွန်းကားလာစေမည့် ပညာရေးဗိမာန် များ ဖြစ်လာမည်ဖြစ်သည်။

အသိပညာဖြင့် တည်ဆောက်မည့်အနာဂတ်

     နိုင်ငံတော်တည်ရှိနေသရွေ့ တပ်မတော်သည် တည်ရှိနေရမည်ဖြစ်ရာ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် တပ်မတော်သား အရင်းအမြစ်ကောင်းများ  စဉ်ဆက်မပြတ်ထွန်းကားရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ တပ်မတော်သည် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်သွားရမည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ၊ အသိပညာနှင့် ပြည့်စုံသော တပ်မတော်သားများနှင့်   လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ခြင်းသည်   နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထာဝရ ကာကွယ်စောင့်ရှောက်ရန် အခိုင်မာဆုံးသော အာမခံချက်ပင်ဖြစ်သည်။ ဤစီမံကိန်းသည် တပ်မတော်မိသားစုများအတွက်သာမက  နိုင်ငံတော်၏ လူသားအရင်းအမြစ် ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အားဖြည့်ပေးခြင်းလည်းဖြစ်သည်။

ပြည်သူ့ဆက်ဆံရေးဆိုသည်မှာ အဖွဲ့အစည်းနှင့်လူထုအကြား အပြန်အလှန် အကျိုးရှိသည့် ဆက်သွယ်ရေး မဟာဗျူဟာဖြစ်သည့်အတိုင်း ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍  အရည်အသွေးမြင့်ဉာဏ်ရည်၊ ကိုယ်ကျင့်တရားနှင့် ပညာရေးကို ဖော်ဆောင်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ခြင်းပင်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။      ။

MWD