ဘလက်ကော်ဖီသောက်ခြင်း၏ကျန်းမာရေးအကျိုးကျေးဇူးများ
Posted_Date
Image
Body
ကော်ဖီသည် နေ့စဉ် သောက်သုံးလေ့ရှိသော လူကြိုက်များသည့် သောက်စရာ တစ်ခုဖြစ်သည်။ ဘလက်ကော်ဖီသည် နှစ်သက်ရာ ကော်ဖီမှုန့်ကို ရိုးရိုးရေနှင့် ဖျော်စပ်ထားသော ရေကိုအခြေခံသည့် ဖျော်ရည်ဖြစ်သည်။ ဘလက်ကော်ဖီတွင် သကြား၊ နို့ သို့မဟုတ် နို့မှုန့်ကဲ့သို့သော အပိုပစ္စည်းများ မပါဝင်သောကြောင့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီမပါဝင်ဘဲ ဖျော်စပ်ထားသော ရိုးရိုးကော်ဖီဖြစ်သည်။ ဘလက်ကော်ဖီတွင်ပါဝင်သော ကဖင်းဓာတ်သည် ပိုမိုနိုးကြားတက်ကြွလန်းဆန်းစေသည့်အပြင် မောပန်းနွမ်းနယ်မှုကို လျော့နည်းစေပြီး စိတ်ခံစားချက်၊ သိမြင်နိုင်စွမ်းနှင့် အားကစားစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးနိုင်သဖြင့် ကော်ဖီကြိုက်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်စရာဖြစ်သည်။
ဘလက်ကော်ဖီတွင်ပါဝင်သော အာဟာရဓာတ်များ
ဘလက်ကော်ဖီတွင် ကဖင်းဓာတ်အပြင် ပိုတက် ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆိုဒီယမ်တို့ပါရှိသည်။ ထို့ပြင် ဗီတာမင် B2၊ B3 နှင့် B5၊ Manganese၊ Niacin နှင့် Riboflavin များပါ၀င်သည်။ ဘလက်ကော်ဖီသည် အစွမ်းထက်အင်တီအောက်စီးဒင့်များ ကြွယ်ဝသဖြင့် ရောင်ရမ်းမှုကို တိုက်ဖျက်ခြင်းနှင့် ဆဲလ်များပျက်စီး ခြင်းမှကာကွယ်ပေးနိုင်သဖြင့် ခန္ဓာကိုယ်၏ခုခံအား နှင့်ဇီဝဖြစ်စဉ်ကိုအားကောင်းစေပြီး အလုံးစုံကျန်းမာရေးကို အထောက်အကူပြုစေသည်။
စိတ်ခံစားချက်ကို မြှင့်တင်ပေးခြင်း
ဘလက်ကော်ဖီသည် အာရုံကြောစနစ်ကို နှိုးဆွ ပေးပြီး Norepinephrine နှင့် Dopamine ကဲ့သို့သော ပျော်ရွှင်စေသည့်ဓာတုပစ္စည်းများ ထွက်ရှိမှုကို တိုးမြင့်စေပြီး စိတ်အားတက်ကြွမှုနှင့် စိတ်ကျေနပ်မှု ကိုဖြစ်စေသည်။ ဘလက်ကော်ဖီတွင်ပါရှိသော ကဖင်းဓာတ်သည် ဦးနှောက်အတွင်းလှုံ့ဆော်မှုကိုတိုးမြင့်စေ၍ အာရုံစူးစိုက်မှု၊ တုံ့ပြန်မှုနှင့် မှတ်ဉာဏ် စွမ်းရည်ကို မြှင့်တင်ပေးသည်။
ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေခြင်း
အသက်ကြီးလာသည်နှင့်အမျှ သိမြင်မှုစွမ်းရည် များလျော့နည်းလာပြီး မှတ်ဉာဏ်ဆိုင်ရာရောဂါများ၊ အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ကဲ့သို့သော အာရုံကြောရောဂါများ ဖြစ်လာနိုင်သည်။ ကော်ဖီတွင်ပါရှိသော ကဖင်းဓာတ်နှင့် အင်တီအောက်စီးဒင့်များ က ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေး သဖြင့် ဉာဏ်ရည်ဉာဏ်သွေးကျဆင်းမှုနှင့် မှတ်ဉာဏ် ကျဆင်းမှုကို လျှော့ချပေးသည်။ ဘလက်ကော်ဖီကို ပုံမှန်သောက်ခြင်းသည် အာရုံကြောများကို တက်ကြွ စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးခြင်းဖြင့် မှတ်ဉာဏ်ပိုမိုကောင်းမွန်လာစေသည်။ ကော်ဖီ သည် အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်ဆန်ရောဂါ အပါအဝင် တချို့သော အာရုံကြောဆိုင်ရာချို့ယွင်းမှုများကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနတချို့က အကြံပြုထားသည်။
အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း
ကဖင်းဓာတ်နှင့် Chlorogenic Acid ပါဝင်မှုသည်အင်ဆူလင်ခုခံမှုအဆင့်ကို လျှော့ချပေးနိုင်သဖြင့်အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီးပန်ကရိယရှိ အင်ဆူလင်ထုတ်သော ဘီတာဆဲလ်များ ၏ ရောင်ရမ်းမှုနှင့် ဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းထား နိုင်ခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ် နိုင်သဖြင့် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ လူပေါင်း ၁ ဒသမ ၁ သန်းကျော်ကို လေ့လာမှုအရ ကော်ဖီ သောက်သုံးမှုနှင့် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါ ဆက်စပ်မှုကို တွေ့ရှိခဲ့သည်။ ကော်ဖီလုံးဝမသောက်သူ များသည် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် နေ့စဉ် ကော်ဖီတစ်ခွက်ကို ပုံမှန်သောက်သုံးခြင်း သည် ရေရှည်တွင်အမျိုးအစား- ၂ သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေ ၆ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိခဲ့သည်။
စိတ်ဖိစီးမှုလျှော့ချပေးနိုင်ခြင်း
ဦးနှောက်အတွင်းရှိ အာရုံကြောစနစ်ကိုနှိုးဆွခြင်းဖြင့် Serotonin နှင့် Dopamine ပမာဏကိုတိုးမြင့် ပေးနိုင်သောကြောင့် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းပူဆွေးခြင်းနှင့် အထီးကျန်မှုကို သက်သာစေသည်။ ထို့ပြင် ကော်ဖီတွင်ပါရှိသော Chlorogenic Acid၊ Ferulic Acid နှင့် Caffeic Acid တို့သည် စိတ်ဓာတ် ကျနေသူများ၏ ဦးနှောက်တွင်း အာရုံကြောဆဲလ်များ ရောင်ရမ်းခြင်းကို လျှော့ချပေးသဖြင့် စိတ်ပူပန်မှုများ ကိုသက်သာစေသည်။
အသည်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း
ဘလက်ကော်ဖီကို ပုံမှန်သောက်ခြင်းသည် အသည်းအင်ဇိုင်းများ၏ပမာဏကို လျော့ကျစေနိုင်သည်။ ဘလက်ကော်ဖီတွင်ပါရှိသော Cafestol နှင့် Kahweol ဒြပ်ပေါင်းများသည် အသည်းကို အဆိပ် အတောက်များကြောင့် ပျက်စီးခြင်းမှကာကွယ်ပေးနိုင်သည်။ အသည်းရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးသည်။
ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်တားဆီးပေးနိုင်ခြင်း
ဘလက်ကော်ဖီ၏ အထင်ရှားဆုံး အကျိုးကျေးဇူးမှာ ကင်ဆာရောဂါတချို့ကို လျှော့ချပေးနိုင်သည့် အစွမ်းထက်အင်တီအောက်စီးဒင့်များ ကြွယ်ဝသဖြင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကိုလျှော့ချပေးပြီး အကျိတ်ကြီးထွားမှုကို တားဆီးပေးသည်။ လေ့လာမှု များအရ ဘလက်ကော်ဖီကို ပုံမှန်သောက်သုံးခြင်း ဖြင့် အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်၊အူမကြီးနှင့် စအိုကင်ဆာကဲ့သို့သော ကင်ဆာအမျိုးအစား တချို့ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။
အစာအိမ်ကို သန့်စင်စေခြင်း
ဘလက်ကော်ဖီသောက်ခြင်းသည် အစာအိမ်ထဲမှ အဆိပ်အတောက်များနှင့် အန္တရာယ်ရှိသော ဗက်တီးရီးယားများကို ဖယ်ရှားပေးခြင်းဖြင့် အစာအိမ်ကို သန့်စင်ပေးနိုင်သည်။ အစာခြေစနစ်ကို ကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။ ကော်ဖီသည် ဆီးရွှင်စေ၍ များများသောက်လေ ဆီးသွားသည့်အကြိမ်ရေများလေဖြစ်သည်။ မကြာခဏဆီးသွားခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များနှင့် အညစ်အကြေးများကို ဖယ်ရှားပေးသည်။
ကိုယ်အလေးချိန်လျှော့ချရန် အထောက်အကူပြုခြင်း
ဘလက်ကော်ဖီသည် ကယ်လိုရီမပါဝင်သော ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းထားနိုင်သည်။ ကဖင်းဓာတ်များစွာပါဝင် ပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးသောကြောင့် အဆီပိုများကို အလွယ်တကူလောင်ကျွမ်းစေနိုင်သည်။
စွမ်းအင်ကိုတိုးမြင့်စေ၍ဆာလောင်မှုကို လျှော့ချ ပေးနိုင်သည်။ သုတေသနပြုချက်များအရ ကဖင်းဓာတ်သည် သောက်ပြီးငါးမိနစ်အကြာတွင် ခန္ဓာကိုယ်၏ အဆီလောင်ကျွမ်းမှုနှုန်းကို ၁၀ ရာခိုင်နှုန်းတိုးစေသည်။ ထို့ကြောင့် ဘလက်ကော်ဖီကိုသောက်လျှင် အဆီများကို ချက်ချင်းလောင်ကျွမ်းစေပြီးမလိုလားအပ်သောအဆီအဖြစ် သိမ်းဆည်းထားခြင်း မရှိသောကြောင့် ခန္ဓာကိုယ်အဝလွန်ခြင်းမှ ကာကွယ် နိုင်သည်။
အားကစားစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ခြင်း
ဗဟိုအာရုံကြောစနစ်ကိုလှုံ့ဆော်ပေးသည့် Caffe-ine ဓာတ်ပါရှိသောကြောင့် ပိုမိုနိုးကြားတက်ကြွလန်းဆန်းစေပြီး ပင်ပန်းနွမ်းနယ်မှုကိုလျှော့ချနိုင် သည်။ Dopamine အပါအဝင် စွမ်းအင်ကိုထိန်းညှိပေးသည့် ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများထုတ်လွှင့်မှုကို တိုးမြင့်စေပြီး စွမ်းအင်ပမာဏကို မြှင့်တင်ပေးသည်။ ထို့ကြောင့် လေ့ကျင့်ခန်းမစခင် ဘလက်ကော်ဖီ တစ်ခွက်သောက်ခြင်းသည် ခွန်အားနှင့်ခံနိုင်ရည်ကို တိုးမြှင့်စေပြီး လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။ ခန္ဓာကိုယ်တွင် စွမ်းအင်ကို ချက်ချင်းမြှင့်တင်ပေးပြီး လေ့ကျင့်ခန်းများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ကြွက်သားနာခြင်းကိုလျှော့ချပေးပြီး လှုပ်ရှားမှုများပိုမိုပြုလုပ်သည့်အခါ ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေသည်။
အကြံပြုချက်
ဘလက်ကော်ဖီတွင် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိသော်လည်း အလွန်အကျွံသောက်သုံးပါက ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည်။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး နှလုံးတုန်ခြင်းနှင့် စိတ်ပူပန်မှုကိုပိုမိုဆိုးရွားစေနိုင်သည်။ ဘေးထွက် ဆိုးကျိုးများကိုရှောင်ရှား၍ ကောင်းကျိုးများကို ခံစားနိုင်ရန် ဘလက်ကော်ဖီကို မျှတစွာသောက်သုံးရန် အရေးကြီးသည်။ အမေရိကန်လူမျိုးများ၏ အစား အသောက်လမ်းညွှန်ချက်များအရ တစ်နေ့လျှင် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သို့မဟုတ် ပျမ်းမျှအားဖြင့် ကဖင်း ၄၀၀ မီလီဂရမ်ထက်ပို၍မသောက်သင့်ပေ။ ကဖင်းဓာတ်သည် အချင်းမှတစ်ဆင့် သန္ဓေသားသို့ဖြတ်သန်းသွားပြီး သန္ဓေသား ကိုယ်အလေးချိန်နည်းခြင်းနှင့် ကိုယ်ဝန်ဆုံးရှုံးခြင်းတို့ဖြစ်ပွားနိုင်သောကြောင့် ကိုယ်ဝန်ရှိသူများတွင် နေ့စဉ် ကဖင်းဓာတ် ၂၀၀ မီလီဂရမ်ထက် လျှော့သောက်ရန် သို့မဟုတ် ရှောင်ကြဉ်ရန် အကြံပြုထားသည်။ ဆယ်ကျော်သက်များသည် တစ်နေ့လျှင် ကော်ဖီတစ်ခွက် သို့မဟုတ် ကဖင်းဓာတ် ၁၀၀ မီလီဂရမ်ထက် ပို၍မသောက်သင့် ဟု အကြံပြုထားသည်။
အချုပ်အားဖြင့်ဆိုရသော် နံနက်ခင်းတွင် ဘလက် ကော်ဖီသောက်ခြင်းသည် လန်းဆန်းတက်ကြွစေပြီး အိပ်ရေးပျက်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဘလက်ကော်ဖီသည် ကယ်လိုရီနှင့် ကိုလက်စထရော ကင်းစင်သော အကောင်းဆုံး ဖျော်ရည်တစ်မျိုးဖြစ်သည်။ မျှတစွာ သောက်သုံးပါက စိတ်ခံစားချက်နှင့် သိမြင်မှုမှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များကို တိုးတက်ကောင်းမွန်စေပြီး ရောဂါအမျိုးမျိုး၏အန္တရာယ်ကို လျှော့ချပေးနိုင်သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးရှိသည့် အစားအသောက်တစ်ခုဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
MWD
