တာဝန်ကျေပွန် ရဲရင့်မွန်မြတ် ဂုဏ်ဒြပ်များဖြင့် အိမ်ပြန်ခဲ့ပြီ
Posted_Date
Image
Body
လူသားတိုင်း အိမ်ပြန်ခဲ့ဖူးကြမှာပါ။ မူကြိုကနေ အိမ်ကိုပြန်ခဲ့ဖူးတယ်။ ကျောင်းကနေအိမ်ကိုပြန်ခဲ့ဖူးတယ်။ တက္ကသိုလ်ကနေ အိမ်ကိုပြန်ခဲ့ဖူးတယ်။ အလုပ်ကနေ အိမ်ကိုပြန်ခဲ့ဖူးတယ်။ ခွဲခွာချိန်ကြာမြင့်လေလေ အိမ်အပြန်ခရီးဟာ ပိုပြီးပျော်ရွှင်စရာ ကောင်းလေလေပါပဲ။ တချို့များဆို မိသားစုများနဲ့ ပြန်ဆုံတွေ့တဲ့အခါ ပျော်ရွှင်လွန်းလို့ မျက်ရည်များတောင် ကျတတ်ကြပါသေးတယ်။ အခုဆိုလည်း ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)က ပြည်သူ့စစ်မှုထမ်း စစ်သည်တော်ဟောင်းတွေဟာ နှလုံးသားတို့စုစည်းရာ မိသားစုတွေဆီ ပျော်ရွှင်စွာပြန်နိုင်ခဲ့ကြပါပြီ။
မိသားစုတွေနဲ့ နှစ်နှစ်တိုင်တိုင် ဝေးကွာခဲ့လို့ သူတို့အိမ်အပြန်ခရီးတချို့မှာ ပျော်ရွှင်မှုက ဖြစ်တည်လာတဲ့ မျက်ရည်စများကိုတွေ့မြင်ရပါသေးတယ်။ ဒါကတော့ လူတွေမြင်တဲ့ မျက်ရည်စတွေပါ။ သူတို့ဘဝသူတို့ခရီးမှာ လူတွေမြင်တွေ့ခွင့်မရတဲ့မျက်ရည်စတွေရှိခဲ့မှာပါ။ ဒီမျက်ရည်စတွေကိုတော့ သူတို့တစ်တွေသာ သိနိုင်ပါတယ်လို့ ကနဦးဆိုလိုချင်ပါတယ်။ ပြည်သူ့စစ်မှုထမ်းများရဲ့ ဘဝခရီးအစကို ပြန်အောက်မေ့ကြရအောင်ပါ။
သူတို့ရဲ့ဘဝခရီးအစဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်အတည်ပြုခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ မရှေးမနှောင်း သန္ဓေတည်ခဲ့တာပါပဲ။ ဥပဒေနဲ့ အသားမကျသေးချိန်၊ နိုင်ငံတော်ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေအရပ်ရပ်ကို ဖြတ်သန်းနေရချိန်တွေကြားမှာ သူတို့ဘဝ အမြုတေဖြစ်ခဲ့ကြတာပါပဲ။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အား တောင့်တင်းမှုကို နည်းမျိုးစုံနဲ့နှောင့်ယှက်ဝါဒ ဖြန့်ခဲ့ကြတဲ့ ဒဏ်တွေကိုလည်း သူတို့ခံခဲ့ကြပါသေးတယ်။ မည်သို့ဆိုစေ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက် သူတို့နှလုံးသားတွေ ရဲရင့်နိုင်ခဲ့ကြပါတယ်။
သင်တန်းကာလပြီးဆုံးတဲ့အခါမှာလည်း သက်ဆိုင်ရာ ပညာအရည်အချင်းအလိုက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ သတ်မှတ်စံနှုန်းများနဲ့အညီ အဆင့်တံဆိပ်များတပ်ဆင်ကာ တာဝန်ပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။ တိုင်းစစ်ဌာနချုပ်အလိုက် စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်တွေကို ဦးလည်မသုန်ထမ်းဆောင်ခဲ့ကြပါတယ်။ ပြည်သူ့စစ်မှုထမ်းဆိုပေမယ့် သူတို့ရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့ တိုက်စွမ်းရည်တွေဟာ တိုက်ပွဲရဲ့အောင်မြင်မှုများနဲ့အတူ ပန်းသတင်းလေညင်းဆောင်သလို ထွက်ပေါ်လာခဲ့ပြန်တယ်။
တောင်ခမ်းတိုက်ပွဲ၊ နောင်ချိုတိုက်ပွဲ စတဲ့တိုက်ပွဲတွေအပါအဝင် အခြားသော တိုက်ပွဲနယ်မြေတွေမှာ သူတို့ရဲရဲရင့်ရင့်စွမ်းဆောင်ခဲ့ကြတယ်။ ပြည်သူ့စစ်မှုထမ်းပင်ဖြစ်ပါစေ မည်သူမဆို စစ်သည်တော်ကောင်းတွေဖြစ်အောင် ကနဦး ကျင့်ကြံရတာပဲဖြစ်ပါတယ်။ စစ်သည်တော်ကောင်းတွေ အဖြစ် ယမ်းငွေ့ကြားမှာ ရဲရင့်ပျော်ရွှင်ခဲ့ကြတဲ့ သူတို့ပုံရိပ်များကို နိုင်ငံပိုင်သတင်းစာ၊ မီဒီယာတွေမှာသာမက လူမှု ကွန်ရက်အသွယ်သွယ်မှာလည်း တွေ့မြင်ခဲ့ရတယ်။ တစ်ခါတစ်ရံ သူတို့ကိုယ်ပိုင်လူမှုကွန်ရက်တွေမှာလည်း စာရေးသူတွေ့မြင်ခဲ့ဖူးပါတယ်။ ရဲရင့်ပျော်ရွှင်စွာစီးမျော ပါဝင်သွားနိုင်ခဲ့တဲ့ သူတို့ပုံရိပ်များဟာ နိုင်ငံတော်ရဲ့ ကာကွယ်ရေး အင်အားတောင့်တင်းမှု၊ နိုင်ငံသားတို့ရဲ့ ကာကွယ်ရေးစွမ်းအား ခိုင်မာလာမှုကို သက်သေညွှန်းဆိုခဲ့ခြင်းတစ်မျိုးပါပဲ။ တိုက်ပွဲထူးချွန်မှုတွေကြောင့် နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲများကလည်း ချီးကျူးဂုဏ်ပြုမှုတွေ၊ အဆင့်တိုးမြှင့်ပေးခြင်းတွေ၊ စွမ်းရည်ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ကြတယ်။ ဒီကမ္ပည်းမှတ်တိုင်များဟာ သူတို့ရဲ့သားစဉ်မြေးဆက်များအတွက် အခွင့်သာတိုင်း ထုတ်ပြလှစ်ဟစရာ သမိုင်းမှတ်တိုင်များအဖြစ် ရှိနေကြမှာပဲဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းများနဲ့ တပ်မတော်ကြားမှာ အပြန်အလှန်အကျိုးပြုတဲ့ အကြောင်းတရားလေးတွေကိုလည်း စာရေးသူတွေ့မြင်ခဲ့ရပါသေးတယ်။ ဒါတွေကတော့ သူတို့ပြင်ပနယ်ပယ်အသီးသီးမှာ တတ်မြောက်ကျွမ်းကျင်ခဲ့ကြတဲ့ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်များပဲဖြစ်ပါတယ်။ စာရေးသူတွေ့ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းအချို့မှာ အဲကွန်းလုပ်ငန်းမှာ ကျွမ်းကျင်သူတွေ၊ ပြည်ပဘာသာစကား သင်တန်းဖွင့်လှစ်သင်ကြားသူတွေ၊ စက်မှုပစ္စည်းများဆိုင်ရာ လုပ်ငန်းနယ်ပယ်ကသူတွေ၊ ယာဉ်မောင်းကျွမ်းကျင်သူတွေ စတဲ့ကဏ္ဍစုံအတတ်ပညာများ ကျွမ်းကျင်သူတွေကို တွေ့ခဲ့ရပါတယ်။
အခြားသော အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်သူတွေလည်း ပါဝင်နိုင်ပါသေးတယ်။အချို့သော တပ်ဖွဲ့တွေအနေနဲ့ သူတို့ကျွမ်းကျင်တဲ့ အတတ်ပညာတွေအလိုက် တပ်ဖွဲ့ရဲ့ပညာရပ်ပိုင်းဆိုင်ရာ ဌာနများမှာ တာဝန်ပေးအပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အချို့သော တပ်ဖွဲ့တွေမှာတော့ သူတို့ကျွမ်းကျင်ခဲ့ရာ အတတ်ပညာများကို ပြန်လည်အသုံးချနိုင်မှု မရှိသေးတာမျိုးကိုလည်း တွေ့ရပါတယ်။ ဥပမာ စာရေးသူတွေ့ခဲ့တဲ့ ပြည်ပဘာသာစကား သင်တန်းဖွင့်လှစ် သင်ကြားသူဆိုပါစို့။ သူ့ရဲ့အတန်းပညာ အရည်အချင်းကြောင့် တပ်ဖွဲ့ကိုရောက်လာတယ်။ တပ်ဖွဲ့ရဲ့ပညာရပ်များကို သင်ကြားပေးပြီး တာဝန်ပေးအပ်နိုင်ခဲ့တယ်။ သူတတ်မြောက်ထားတဲ့ ဘာသာစကားကျွမ်းကျင်မှုကို တပ်ဖွဲ့ကပြန်လည် အသုံးမချနိုင်ခဲ့ပါဘူး။
ဒီလို ပြည်သူ့စစ်မှုထမ်းကို ပိုင်ဆိုင်တဲ့ တပ်ဖွဲ့အနေနဲ့ဆိုရင် တပ်တွင်းက မိသားစုဝင်ကလေးများကို နွေရာသီမှာဖြစ်ဖြစ်၊ ကျန်အချိန်ပိုင်းတွေမှာပဲဖြစ်ဖြစ် သင်တန်းဖွင့်ပြီး တာဝန်ပေးအပ်နိုင်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ ကလေးငယ်များလည်း ဘာသာစကားတစ်မျိုး ကျွမ်းကျင်မှုရနိုင်သလို ဒီပြည်သူ့စစ်မှုထမ်းအတွက်လည်း ဘာသာစကားကို စစ်မှုထမ်းဆောင်နေချိန်မှာ ပိုမိုလေ့လာခွင့်ရနိုင်ပါတယ်။
နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ သဘောပေါ့။ ဒါကြောင့် တပ်ဖွဲ့အလိုက် ကိုယ့်ဆီကိုတာဝန်ကျ၍ရောက်ရှိလာတဲ့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ မူလအရည်အချင်းအမှန်ကို စိစစ် မေးမြန်းပြီး တပ်ဖွဲ့တွင်းမှာ အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ဖို့ အကြံပြုလိုပါတယ်။
လက်ရှိ နှစ်ပြည့်လို့ အိမ်ပြန်သွားသူတွေကို နှစ်နှစ်တာကာလအတွင်းမှာ သူတို့ဆီက တာဝန်ထမ်းဆောင်မှုတစ်ခုသာရလိုက်ပြီး တပ်ဖွဲ့အလိုက် သူတို့မူလအရည်အချင်းကို အသုံးချပြီး ကျန်တာမရလိုက်ဘူးဆိုပါစို့။ တပ်မတော်ကြီးကတော့ သူတို့ကိုလက်ဆောင်ကောင်းတွေ ပေးလိုက်နိုင်ပါတယ်။ ဒါတွေကတော့ တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်တဲ့ အမိန့်နာခံတတ်မှု၊ စည်းကမ်းကောင်းမွန်မှု၊ ရဲဘော်စိတ်၊ စစ်ပညာ၊ အဖွဲ့အစည်းစိတ်ဓာတ်၊ ရဲရင့်မှု စတဲ့တပ်မတော်သားဘဝရဲ့ လှပတဲ့အမြုတေများပါပဲ။ တာဝန်ထမ်းဆောင်နေတဲ့ သခိုက်မှာတော့ သူတို့နေအိမ် လွမ်းစိတ်တွေဖြစ်ခဲ့ကြမှာပါ။ နုနယ်တဲ့ ပြည်သူ့စစ်မှုထမ်းဘဝမို့ အရပ်ထဲက မိသားစုတစ်တွေကို အကြိမ်ကြိမ်လွမ်းခဲ့ကြမှာပါ။
နှစ်ပြည့်တဲ့ အိမ်ပြန်ချိန်ကို သူတို့အကြိမ်ကြိမ်တမ်းတခဲ့ကြမှာပါ။အမှတ်စဉ်(၁)တွေကတော့ နှစ်ပြည့်လို့ အိမ်ပြန်ခဲ့ကြပါပြီ။ အိမ်ပြန်ချိန်မှာလည်း ရပ်ထဲ၊ ရွာထဲက သောင်းသောင်းဖြဖြနဲ့ ကြိုဆိုကြတာကိုလည်း တွေ့မြင်ရပါတယ်။ သူတို့အိမ်ပြန်ချိန်ကို ကြိုဆိုကြပုံများက အမြဲတမ်းတပ်မတော်သားများရဲ့ ခွင့်ပြန်ချိန်မှာ ကိုယ်စားဝင်ခံစားမိစေလောက်တဲ့ စိတ်ကူးခံစားချက်တစ်ခုကိုပင် ဖြစ်ပေါ်နိုင်ပါသေးတယ်။ တာဝန်ထမ်းဆောင်ချိန်မှာ နေအိမ်လွမ်းစိတ်ဖြစ်ခဲ့ပေမယ့် ယခုအိမ်ပြန်ပြီး မူလပြည်သူတစ်ယောက်အနေနဲ့ ပြန်နေရဖို့ဆိုရင် သူတို့တပ်လွမ်းစိတ်မဖြစ်နိုင်ဘူးလား။ စဉ်းစားကြည့်စရာပါ။
ဘာကြောင့်လဲ။ တပ်ထဲမှာ သူနဲ့အတူတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆိုးတူကောင်းဖက် ရဲဘော်ရဲဘက်တွေ ကျန်နေခဲ့ရတယ်။ ပြည်သူ့စစ်မှုထမ်းဆိုပေမယ့် အားလုံးကို တပ်မတော်သားပဲဆိုတဲ့ အမြင်တစ်ခုနဲ့ အထက်အရာရှိတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းတွေက ဆက်ဆံခဲ့ကြတာ မဟုတ်ပါလား။ နှစ်နှစ်ပြည့်ရင် အိမ်ပြန်ကြမယ့်သူတွေဆိုတဲ့ အတွေးနဲ့ သူတို့ကိုဆက်ဆံခဲ့ကြတာ မဟုတ်ပါဘူး။
ဒါ့အပြင် တပ်မိသားစုများကပါ ပျော်ကာတစ်လှည့်၊ ဝမ်းနည်းတစ်ဖုံ၊ ကျွေးမွေးတစ်လှည့်၊ ဝိုင်းလုပ်ဝိုင်းစားတစ်ဖုံ ရသစုံနဲ့နေခဲ့ကြတဲ့ ပုံရိပ်များကလည်း ရှိခဲ့ကြတာမဟုတ်ပါလား။ သူတို့နောက်ကို မသိမသာကပ်ငြိတွယ်သွားတာကတော့ ရဲဘော်စိတ်၊ မိသားစုစိတ်ပါပဲ။ ရဲဘော်စိတ်ဆိုတာ မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာတရားတွေနဲ့ ရစ်ပတ်ထုံးဖွဲ့ထားတာပါ။ သူတို့ နှလုံးသားကို ကပ်ငြိတွယ်သွားပုံကို သူတို့သတိမထားမိလောက်ပါဘူး။ တိုက်ဆိုင်မှုရှိခဲ့ရင်တော့ သေချာပါတယ်။ “တပ်လွမ်းစိတ်” ဆိုတာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ဖြစ်ပေါ်လာမှာပါပဲ။
ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်မှာ ဟောကြားထားတာရှိပါတယ်။ သေနာသနမ္ပိ ဥပနိဿယ ပစ္စယေနပစ္စယောတဲ့။ အိမ်၊ ကျောင်း၊ အိပ်ရာ၊ နေရာတို့သည်လည်း အားကြီး၍မှီရာသတ္တိဖြင့် ကျေးဇူးပြုတတ်၏တဲ့။ သူတို့ဟာ လောကီလူသားတွေဖြစ်တာမို့ အကျိုးအကြောင်း ဆက်စပ်ဖြစ်ပေါ်ရာ ပဋ္ဌာန်းဒေသနာတော်တွေကို လွန်ဆန်လို့ရမှာမဟုတ်ပါဘူး။ နှစ်နှစ်တာနေခဲ့ဖူးတဲ့ တပ်ကလေးတွေ၊ အတူတူတိုက်ပွဲဝင်ရင်းနေခဲ့ကြတဲ့ ရှေ့တန်းစခန်းလေးတွေကအစ သူငယ်ချင်းများနဲ့ သောက်ခဲ့ကြတဲ့ လက်ဖက်ရည်ခွက်လေးတွေအဆုံး သူတို့သတိရနေကြမှာပါ။ အဲ့ဒါ စာရေးသူပြောချင်တဲ့ “တပ်လွမ်းစိတ်”ပါပဲ။ စာဖတ်သူများအနေနဲ့လည်း မိမိရော အိမ်ကနေခဏတစ်ဖြုတ်ထွက်သွားပြီး တစ်နေရာတည်းခိုခဲ့တယ် ဆိုပါစို့။ အိမ်ပြန်ရောက်တဲ့အခါ “ ဪ ငါအခုအချိန်ဆို အဲ့ဒီနေရာမှာ ဘာလုပ်နေပြီ ပျော်ခဲ့ရတယ်၊ စိတ်ချမ်းသာခဲ့ရတယ်” ဆိုတဲ့စကားမျိုးပြောမိကြမှာပါ။ ဒါဟာ လောကီလူသားတိုင်း ဖြတ်တောက်ဖို့ခက်ခဲတဲ့ ဥပနိဿယပစ္စယောပါပဲ။ ယနေ့ အိမ်ပြန် ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်းအချို့လည်း ဒီခံစားချက်ကို မလွဲမသွေခံစားကြရမှာပါ။
စိတ်ဆိုတာ အာရုံကြိုးတန်းပေါ်မှာ လျှောက်လှမ်းငြိတွယ်တတ်တဲ့ သဘာဝကိုသိသူအဖို့ “တပ်လွမ်းစိတ်”ဆိုတာ သူတို့အတွက် တစ်ချိန်တော့ဖြစ်တည်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းမိတဲ့သဘောပါပဲ။
ဒီလိုလွမ်းမိလို့ မိမိတာဝန်ထမ်းဆောင်ခဲ့ရာ တပ်ကို အလွမ်းပြေပြန်ကြမယ်ဆိုလည်း တပ်နဲ့ တပ်မိသားစုတွေက အမြဲနွေးထွေးစွာ ကြိုဆိုနေကြဦးမှာပါ။
အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ဆက်လက် ထမ်းဆောင်မယ်ဆိုလည်း တပ်မတော်ကြီးက တံခါးဖွင့်ကြိုဆိုနေမှာပဲဖြစ်ပါတယ်။ ယခုဆိုရင် ရှေ့လူတွေ အိမ်ပြန်နိုင်ကြလို့ မကြာခင် နှစ်ပြည့်မယ့်သူများကလည်း တာစူနေကြပါပြီ။ တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့စစ်မှုထမ်းများကလည်း မိမိပန်းတိုင်ကို မျှော်တွေးရင်း စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ကြိုးပမ်းထမ်းရွက်နေလျက်ရှိပါတယ်။
သင်တန်းတက်ရောက်နေကြသူများကလည်း ခရီးအစကို ကြိုးစားအားထုတ်မှုများနဲ့ စတင်လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ ဒီနေရာမှာ တွေ့မြင်ရတဲ့ ရလဒ်ကတော့ နိုင်ငံတော်ရဲ့ကာကွယ်ရေးအင်အားခိုင်မာတောင့်တင်းခြင်းဆိုတဲ့အချက်ပါပဲ။
စာရေးသူအနေနဲ့ ဆောင်းပါးတွေမှာရေးဖြစ်တယ်။ ပြည်သူ့စစ်မှုထမ်းအချို့ကိုလည်း ပြောဖြစ်တယ်။ “တို့နိုင်ငံကို တို့လူမျိုးမှမကာကွယ်ရင် ဘယ်သူတွေက လာကာကွယ်ကြမှာလဲ၊ တို့နိုင်ငံကို တို့တပ်မတော်မှ မကာကွယ်ရင် ဘယ်တပ်မတော်က လာကာကွယ်ပေးမှာလဲ၊ ဒါဟာ ငါတို့မိသားစု အိမ်တွင်းရေးမဟုတ်ဘူးလား”ဆိုတာကို သူတို့နဲ့တွေ့တိုင်း ပြောဖြစ်ခဲ့ပါတယ်။ ဒီလိုပါပဲ။ တာဝန်ထမ်းဆောင်ပြီး အိမ်ပြန်ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်း စစ်သည်တော်တွေ၊ တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့စစ်မှုထမ်း စစ်သည်တော်တွေကိုလည်း ဒီဆောင်းပါးကတစ်ဆင့် ဒီစကားကိုဆက်အမှာပါးချင်ပါတယ်။
မည်သို့ပင်ဆိုပါစေ။ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)တွေ သူတို့အိမ်ပြန်ခဲ့ကြပါပြီ။ တာဝန်တွေ ထမ်းဆောင်ရင်း နှစ်နှစ်တာ လွမ်းခဲ့ရတဲ့ သူတို့အိမ်လေးတွေကို သူတို့ပြန်ရောက်ခဲ့ပါပြီ။ တာဝန်ကျေပွန် ရဲရင့်မွန်မြတ် ဂုဏ်ဒြပ်များဖြင့် ပြန်ချင်စိတ်ကြောင့် ပြန်ခွင့်ရခဲ့သော်ငြား မသိမသာကပ်ငြိတွယ်ခဲ့ သံယောဇဉ်ကြောင့် အမှတ်ရရင်း တမ်းတစိတ်နဲ့ လွမ်းစိတ်ဝေဦးမည်မှာလည်း ဖြစ်မြဲဓမ္မတာပင် မဟုတ်ပါလား။
MWD
