အီရန် စစ်ပွဲမှတစ်ဆင့် အမေရိကန်၏ စစ်ရေးစွမ်းဆောင်ရည်ကို တရုတ် နိုင်ငံက လေ့လာနေ

Posted_Date

Image

အီရန် စစ်ပွဲမှတစ်ဆင့် အမေရိကန်၏ စစ်ရေးစွမ်းဆောင်ရည်ကို တရုတ် နိုင်ငံက လေ့လာနေ

Body

အီရန်စစ်ပွဲသည် သုံးလအတွင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ယင်းစစ်ပွဲသည် တရုတ်နိုင်ငံအတွက် အမေရိကန်၏ စစ်ရေးစွမ်းရည်များ တိုက်ပွဲအတွင်း မည်သို့လုပ်ဆောင်နိုင်သည်ကို လေ့လာနိုင်မည့်အခွင့်အလမ်းတစ်ရပ် ဖြစ်စေခဲ့သည်။ ထို့အပြင် မည်သည့်စစ်မြေပြင်တွင်မဆို ရလဒ်အပေါ် ရန်သူ့ဘက်ကလည်း ဩဇာသက်ရောက်မှု အကြီးအကျယ်ရှိနိုင်သည်ကို သတိပေးချက်တစ်ခုဖြစ်စေခဲ့သည်။

ပါရှန်ပင်လယ်ကွေ့အတွင်းနှင့် ပတ်ဝန်းကျင်ရှိ လွန်ခဲ့သော နှစ်လတာတိုက်ပွဲများသည် ပေကျင်း နှင့် ဝါရှင်တန်တို့ကြား ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများအတွက် မည်ကဲ့သို့သော အချက်အလက်များပေးအပ်နိုင်သည်ကို တရုတ်၊ ထိုင်ဝမ်နှင့် အခြားဒေသများမှ ကျွမ်းကျင်သူများက နှိုင်းယှဉ်သုံးသပ်ခဲ့ကြသည်။ ကျွမ်းကျင်သူများက တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အင်အားကို အထင်ကြီးလွန်ခြင်း၊ အတွေ့အကြုံအားနည်းခြင်းနှင့် ပဋိပက္ခ၏ နောက်ဆက်တွဲဆိုးကျိုးများကို အမြင်ကျဉ်းမြောင်းစွာ ရှုမြင်ခြင်းတို့အပေါ် သတိပေးခဲ့ကြသည်။

ခံစစ်ပိုင်းကို အလေးထားရန် လိုအပ်မှု 

တရုတ်လေတပ်မှ ဗိုလ်မှူးကြီးဟောင်း ဖူးချန်ရှောင် (Fu Qianshao) က ၎င်း၏ အဓိက တွေ့ရှိချက်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် ခံစစ်ပိုင်းကို မေ့ထား၍မရကြောင်း ပြောကြားခဲ့သည်။ အီရန် နိုင်ငံသည် Patriot သို့မဟုတ် THAAD ကဲ့သို့သော အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်ကွင်းနိုင်မည့်နည်းလမ်းများ ရှာဖွေတွေ့ရှိခဲ့သည်ကို ၎င်းက ထောက်ပြခဲ့သည်။

"နောင်ဖြစ်လာမယ့် စစ်ပွဲတွေမှာ ရှုံးနိမ့်မှုမရှိစေဖို့အတွက် ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းက အားနည်းချက်တွေကိုဖော်ထုတ်ဖို့ သိသိသာသာ ကြိုးပမ်းရပါလိမ့်မယ်" ဟု ဖူး က CNN သို့ ပြောကြားခဲ့သည်။

PLA သည် မကြာသေးမီနှစ်များအတွင်း ထိုးစစ်ဆင်နိုင်စွမ်းကို လျင်မြန်စွာ မြှင့်တင်ခဲ့ပြီး ကြားဖြတ်ဟန့်တားမှုများကို ရှောင်ကွင်းနိုင်သည့် Hypersonic Glide Vehicles တပ်ဆင်ထားသော ဒုံးကျည်များကို တိုးမြှင့်ခဲ့သည်။ ဗြိတိန်အခြေစိုက် RUSI အဖွဲ့၏ အဆိုအရ တရုတ်လေတပ်သည် ပဉ္စမမျိုးဆက် လေယာဉ်များကို အရှိန်အဟုန်ဖြင့် တိုးမြှင့်တည်ဆောက်နေပြီး အမေရိကန် F-35 နှင့် တူညီသော J-20 တိုက်လေယာဉ် အစင်းရေ ၁,၀၀၀ ခန့်အထိ ပိုင်ဆိုင်လာတော့မည်ဖြစ်သည်။

ခေတ်မီလက်နက်နှင့် သမားရိုးကျလက်နက် ပေါင်းစပ်မှု 

သို့သော် ခံစစ်ပိုင်းမှာမူ အီရန်နိုင်ငံသည် အမေရိကန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရှေးကျသောနည်းပညာများ (ဥပမာ- တန်ဖိုးနည်း Shahed ဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည်များ) ဖြင့် ထိုးဖောက်နိုင်ခဲ့သည်ကို လေ့လာသူများက သတိပြုမိခဲ့ကြသည်။

တစ်ဖက်တွင်လည်း အမေရိကန်သည် F-35 နှင့် B-2 ကဲ့သို့ ခေတ်မီဆန်းသစ်သော လက်နက်များသာမက B-1 ၊ B-52 နှင့် F-15 တို့မှ ကြဲချသော တန်ဖိုးနည်းလမ်းညွှန်ဗုံးများကိုပါ ပေါင်းစပ်အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ဒုံးကျည်ပစ်စင်များမှအစ ရေတပ်သင်္ဘောများနှင့် တံတားများအထိ အရာအားလုံးကို ဖျက်ဆီးခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား အခြေအနေ 

အမေရိကန်-တရုတ် ပဋိပက္ခတွင် ထိုင်ဝမ်သည် အဓိက ပေါက်ကွဲနိုင်ခြေရှိသည့် နေရာဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းမည်ဟု ကတိပြုထားပြီး ရှီကျင့်ဖျင်က စစ်အင်အားသုံးရန်လည်း ချန်လှပ်ထားခြင်း မရှိပေ။ ထိုင်ဝမ်ရှိ လေ့လာသူများက တရုတ်နိုင်ငံသည် အမေရိကန်၏ ခေတ်မီနည်းပညာမြင့် လက်နက်များကိုလည်း ယှဉ်နိုင်သကဲ့သို့ အီရန်ကဲ့သို့ တန်ဖိုးနည်းပြီး အရေအတွက် များပြားသော ဒရုန်းစစ်ပွဲကိုလည်း ဆင်နွှဲနိုင်သည့် စစ်တပ်မျိုး တည်ဆောက်ထားကြောင်း အသိအမှတ်ပြုထားကြသည်။

ထိုင်ဝမ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနဌာနမှ ကျဲ့ကျုန်း (Chieh Chung) က "တာဝေးပစ်ဒုံးကျည်တွေနဲ့ ဒရုန်းအုပ်စုလိုက် တိုက်ခိုက်မှုတွေက ထိုင်ဝမ်အပေါ် တရုတ်ရဲ့ စစ်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်မှာ အသေအချာပါပဲ" ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ ကြိုတင်ပြင်ဆင်မှု 

တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း ဒရုန်းထုတ်လုပ်သူဖြစ်ပြီး War on the Rocks ၏ ၂၀၂၅ အစီရင်ခံစာအရ တစ်နှစ်လျှင် လက်နက်တပ်ဆင်ထားသော ဒရုန်း အစင်းရေ ၁ ဘီလီယံအထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ထိုင်ဝမ်၏ လက်ရှိ ဒရုန်းကာကွယ်ရေးစနစ်များသည် ထိရောက်မှုမရှိသေးကြောင်းနှင့် အခြေခံအဆောက်အအုံများအတွက် လုံခြုံရေးအရစိုးရိမ်ရကြောင်း အစိုးရအစီရင်ခံစာ တစ်ခုက ဆိုသည်။ သို့သော် ထိုင်ဝမ်သည် ငြိမ်ခံနေသည်မဟုတ်ဘဲ ဒရုန်းကာကွယ်ရေးစနစ်များ တိုးမြှင့်ရန် လုပ်ဆောင်လျက်ရှိသည်။ ထိုင်ဝမ်၏ ထိပ်တန်းဒရုန်းထုတ်လုပ်ရေးလုပ်ငန်း Thunder Tiger မှ မန်နေဂျင်းဒါရိုက်တာ ဂျင်းဆူ (Gene Su) က "ရန်သူကို တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ နေ့ညမပြတ် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

အမေရိကန်၏ သင်ခန်းစာယူမှုနှင့် ဒရုန်းစစ်ပွဲ၏ ကုန်ကျစရိတ် 

အမေရိကန်သည်လည်း သင်ခန်းစာများရရှိနေပြီး ပစိဖိတ်ဒေသပဋိပက္ခများတွင် မိမိကိုယ်ကိုယ် တိုက်ခိုက်သူထက် ခုခံကာကွယ်သူအဖြစ် ရှိနေနိုင်ကြောင်း သုံးသပ်ထားကြသည်။ အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး ဆင်မြူရယ် ပါပါရို (Samuel Paparo) က ဧပြီလတွင် ပြုလုပ်ခဲ့သည့် လွှတ်တော်ကြားနာပွဲတစ်ခု၌ ဒရုန်းများသည် ထိုးစစ်ဆင်သည့်ဘက်အတွက် စစ်ပွဲကုန်ကျစရိတ် ကို ပိုမိုကြီးမားစေကြောင်း ပြောကြားခဲ့သည်။

အကယ်၍ ထိုင်ဝမ်အရေး တိုက်ပွဲဖြစ်ပွားပါက အမေရိကန် သို့မဟုတ် ထိုင်ဝမ်ကျွန်းသည် ဒရုန်းများကို အသုံးပြု၍ PLA စစ်သား ထောင်ပေါင်းများစွာကို တင်ဆောင်လာသည့် တရုတ်သင်္ဘောများ သို့မဟုတ် လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်နိုင်သည်။ ထိုသင်္ဘော သို့မဟုတ် လေယာဉ်တစ်စင်းစီ၏ တန်ဖိုးသည် ၎င်းတို့ကိုဖျက်ဆီးနိုင်သည့် ဒရုန်းများထက် အဆပေါင်းများစွာ ပိုမိုတန်ဖိုးကြီးမားသည်။ ယင်းသည် အဟန့်အတားဖြစ်စေသည့် အချက်တစ်ချက်ဖြစ်ပြီး အီရန်စစ်ပွဲတွင်လည်း မြင်တွေ့ခဲ့ရသည်။ အမေရိကန်ရေတပ်သည် အီရန်၏ အချိုးမညီသောစစ်ဆင်ရေး (Asymmetric warfare) ကို သတိထားသည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပါရှန်ပင်လယ်ကွေ့အတွင်းသို့ သင်္ဘောများကို စေလွှတ်ခြင်းကို ကန့်သတ်ထားခဲ့သည်။

ဗိုလ်ချုပ်ကြီး ပါပါရိုက ထိုင်ဝမ်ရေလက်ကြားကို ဝေဟင်၊ ရေပြင်နှင့် ရေအောက် ဒရုန်း ထောင်ပေါင်းများစွာဖြင့် ပိတ်ဆို့ထားရန် အဆိုပြုထားသည်ကို ပေကျင်းက သေချာပေါက် သတိပြုမိပေမည်ဟု ဆိုသည်။

ရန်သူကလည်း သင်ခန်းစာယူနေသည် 

အီရန်စစ်ပွဲမှ သင်ခန်းစာယူနေကြသည့် စစ်တပ်အားလုံး သတိပြုရမည့်အချက်မှာ မိမိ၏ ရန်သူသည်လည်း သင်ခန်းစာယူနေသည်ဟူသောအချက် ဖြစ်သည်။ ၎င်းတို့သည် သင်မမျှော်လင့်ထားသည့် နည်းလမ်းများဖြင့် ထိုသင်ခန်းစာများကို အသုံးချနိုင်သည်။ ဝါရှင်တန်မှ စစ်ခေါင်းဆောင်များသည် အီရန် က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်နိုင်သည့်အခြေအနေအတွက် အဘယ်ကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသနည်းဆိုသည်ကို အီရန်စစ်ပွဲ သုံးလအတွင်းရောက်သည်အထိ လေ့လာသူများက နားမလည်နိုင်ဖြစ်နေကြသည်။

"ဗျူဟာမြောက် အောင်နိုင်မှုတွေဟာ နိုင်ငံရေးအရ ရလဒ်ထွက်ပေါ်လာခြင်းနဲ့ အမြဲမတူညီပါဘူး" ဟု Foundation for Defense of Democracies (FDD) မှ အကြီးတန်းသုတေသနအရာရှိ ခရိတ် စင်ဂယ်လ်တန် (Craig Singleton) က CNN သို့ ပြောကြားခဲ့သည်။

"စစ်ရေးအရ ဖိအားပေးမှုတွေက ခိုင်မာတဲ့ နိုင်ငံရေးအရ ပြေလည်မှုဆီကို တိုက်ရိုက် မရောက်ရှိ နိုင်ပါဘူး၊ တရုတ်နိုင်ငံအတွက် အဓိကသင်ခန်းစာကတော့ စစ်မြေပြင်က အောင်မြင်မှုတွေဟာ သင်လိုချင်တဲ့ နောက်ဆုံးပန်းတိုင်ကို အလိုအလျောက် ရောက်မသွားစေနိုင်ဘူးဆိုတာပါပဲ" ဟု ဆိုသည်။

တိုက်ပွဲဝင် အတွေ့အကြုံ ကွာခြားချက် 

တရုတ်စစ်တပ်တွင် မရှိသေးသည့် အရာတစ်ခုမှာ တိုက်ပွဲဝင်အတွေ့အကြုံ ဖြစ်သည်။ PLA သည် ၁၉၇၉ ခုနှစ် ဗီယက်နမ်နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲနောက်ပိုင်း မည်သည့်စစ်ပွဲကိုမျှ ရင်မဆိုင်ခဲ့ရသေးပေ။ အခြားတစ်ဖက်တွင် အမေရိကန်တပ်ဖွဲ့များသည် အီရတ်၊ အာဖဂန်နစ္စတန်၊ ကိုဆိုဗို နှင့် ပနားမား စသည့် နေရာများတွင် ကျယ်ပြန့်သော စစ်ဆင်ရေးအတွေ့အကြုံများစွာ ရှိထားသည်။

တရုတ်စစ်ရေးလေ့လာသူ ဆွန်ကျုံးဖိန် (Song Zongping) က "ဒါဟာ တကယ့်စစ်ပွဲ ဘယ်လို ပုံစံရှိလဲဆိုတာပါပဲ" ဟု အီရန် ပဋိပက္ခကို ရည်ညွှန်းပြောဆိုခဲ့သည်။

အကယ်၍ နောင် ၁၀ စုနှစ်အတွင်း တရုတ်နှင့် အမေရိကန်တို့ ပဋိပက္ခဖြစ်ပွားပါက ဝါရှင်တန်တွင် ယခုပါရှန်ပင်လယ်ကွေ့ပဋိပက္ခ၌ တိုက်ရိုက်ပါဝင်ခဲ့သူ သို့မဟုတ် စစ်ဆင်ရေးရေးဆွဲခဲ့သူ အများအပြား ရှိနေမည်ဖြစ်သည်။ ၎င်းတို့သည် ရဲဘော်ရဲဘက်များကို ဆုံးရှုံးခဲ့ဖူးသကဲ့သို့ အောင်မြင်မှုများကိုလည်း ရယူနိုင်ခဲ့ပြီး တိကျသောစစ်ဆင်ရေးများကို မြင့်မားသော အဆင့်အတန်းတစ်ခုဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

စင်ကာပူနိုင်ငံ S. Rajaratnam School of International Studies မှ အကြီးတန်း သုတေသန အရာရှိ ဒရူး သော်မ်ဆင် (Drew Thompson) က ကိုရီးယားစစ်ပွဲကို သာဓကတစ်ခုအဖြစ် ထောက်ပြခဲ့သည်။ ထိုစဉ်က တရုတ်တွင် ဆိုဗီယက်ထုတ် MiG-15 ကဲ့သို့ ပိုမိုကောင်းမွန်သော တိုက်လေယာဉ်များရှိခဲ့သော်လည်း အမေရိကန်လေယာဉ်မှူးများသည် အရည်အသွေးနိမ့်သော F-86 များဖြင့်ပင် ပိုမို စွမ်းဆောင် နိုင်ခဲ့သည်။ အကြောင်းမှာ ၎င်းတို့တွင် ဒုတိယကမ္ဘာစစ်မှ အတွေ့အကြုံများရှိနေသောကြောင့်ဖြစ်သည်။ "သာမန်လေယာဉ်ကို မောင်းနှင်တဲ့ ထူးချွန်တဲ့လေယာဉ်မှူးဟာ အဆင့်မြင့်လေယာဉ်ကို မောင်းနှင်တဲ့ သာမန်လေယာဉ်မှူးကို အမြဲတမ်း အနိုင်ယူနိုင်ပါတယ်" ဟု သော်မ်ဆင် က ဆိုသည်။

ဒေသတွင်း ပဋိပက္ခမှသည် နိုင်ငံတကာအဆင့်အထိ 

အီရန်မှ နောက်ထပ်ရရှိသော သင်ခန်းစာတစ်ခုမှာ အင်အားကြီးနိုင်ငံနှင့် အင်အားနည်းသော နိုင်ငံတို့ကြား ဖြစ်ပွားသည့်စစ်ပွဲများသည် ညတွင်းချင်း အဆုံးသတ်သွားမည့် သပ်ရပ်သောစစ်ဆင်ရေးမျိုး အမြဲမဖြစ်နိုင်ကြောင်းပင် ဖြစ်သည်။

အီရန်က ရေလမ်းကြောင်း ပိတ်ဆို့မှုကို အသုံးချကာ ကမ္ဘာ့ကုန်စည်စီးဆင်းမှု ကွင်းဆက်အပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိခြင်းသည် ဒေသတွင်း ပဋိပက္ခတစ်ခုက မည်မျှမြန်ဆန်စွာ နိုင်ငံတကာအဆင့်သို့ ကူးစက်သွားနိုင်ကြောင်း ပြသနေသည်။ ပေကျင်းအတွက်မူ ယင်းသည် ထိုင်ဝမ်အရေး ဖြစ်ပေါ်လာပါက ကမ္ဘာ့ကုန်သွယ်ရေး၊ စွမ်းအင်စီးဆင်းမှုနှင့် ပြင်ပအင်အားစုများအပေါ် စိတ်ကူးကြည့်ရန်ခက်ခဲသော နည်းလမ်းများဖြင့် ချက်ချင်းသက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း သတိပေးချက်ပင်ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး