အရှေ့အာရှဒေသတစ်ခုလုံးရဲ့ စစ်ရေးချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်တဲ့ တောင်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ

Posted_Date

Image

အရှေ့အာရှဒေသတစ်ခုလုံးရဲ့ စစ်ရေးချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်တဲ့ တောင်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ

Body

အရှေ့အာရှဒေသမှာ စစ်ရေးပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာချိန် တောင်ကိုရီးယားက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းက ဒေသတွင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ အထူးအာရုံစိုက်ခံနေရပါတယ်။ စစ်ရေးလေ့လာသူတွေအမြင်အရ ဒီစီမံကိန်းကိုသာ ၂၀၃၀ ပြည့်နှစ်အလယ်ပိုင်းလောက်မှာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ ရေအောက်စစ်ဆင်ရေးစွမ်းရည်ကွန်ရက်ကို ပိုမိုခိုင်မာလာစေပြီး တရုတ်နဲ့ မြောက်ကိုရီးယားလို ပြိုင်ဘက်နိုင်ငံတွေအပေါ် တားဆီးထိန်းချုပ်နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်ပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံရဲ့ပထမဆုံးသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (SSN)တည်ဆောက်ရေးစီမံချက်ကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ မူအားဖြင့်သဘောတူညီချက်ပေးပြီးနောက်ပိုင်း ပထမဆုံးအသေးစိတ် ဖော်ပြချက်ဖြစ်လာခဲ့တာပါ။

စီမံချက်အရဆိုရင် တောင်ကိုရီးယားဟာ ၂၀၃၀ ပြည့်နှစ်အလယ်ပိုင်းမှာ ပထမဆုံးရေငုပ်သင်္ဘောကို ရေချနိုင်ဖို့ရည်ရွယ်ထားပြီး ၂၀၃၀ ပြည့်နှစ်အလွန်မှာ တောင်ကိုရီးယားရေတပ်ထံ လွှဲပြောင်းပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီရေငုပ်သင်္ဘောတွေကို အနည်းဆုံး နှစ် ၃၀ ခန့် အသုံးပြုနိုင်အောင် ဒီဇိုင်းရေးဆွဲထားပြီး နျူကလီးယားလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ အဆင့်မြင့်သန့်စင်ယူရေနီယံအစား အဆင့်နိမ့်သန့်စင်ယူရေနီယံကို အသုံးပြုမယ်လို့ ဆိုပါတယ်။

အစောပိုင်းမှာ အမေရိကန်ဘက်က ခွင့်ပြုချက်အရ ဒီရေငုပ်သင်္ဘောတွေကို အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားမြို့ရှိ ဟန်ဟွာအိုးရှင်းသင်္ဘောကျင်းမှာ တည်ဆောက်ရမယ်လို့ သတ်မှတ်ထားပေမယ့် ယခုထုတ်ပြန်တဲ့ စီမံချက်ထဲမှာတော့ တောင်ကိုရီးယားနိုင်ငံပိုင် နည်းပညာနဲ့ ပြည်တွင်းမှာပဲ တည်ဆောက်မယ်လို့ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားက သူတို့ရဲ့ နျူကလီးယားစွမ်းအင်နဲ့ သင်္ဘောတည်ဆောက်ရေးနည်းပညာဟာ ကမ္ဘာ့အဆင့်မီတယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအဆိုအရ SSN တွေဟာ လက်ရှိသုံးနေတဲ့ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့နှိုင်းယှဉ်ရင် ရေအောက်မှာ ကြာရှည်စွာနေနိုင်ခြင်း၊ မြန်ဆန်စွာရွေ့လျားနိုင်ခြင်းနဲ့ စစ်ဆင်ရေးလုပ်နိုင်စွမ်းပိုမိုကောင်းမွန်ခြင်းတို့ရှိပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောအခြေပြုပစ်လွှတ်နိုင်တဲ့ နျူကလီးယားနဲ့ဒုံးကျည်ခြိမ်းခြောက်မှုတွေကိုတုံ့ပြန်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်မယ်လို့ဆိုထားပါတယ်။ တည်ဆောက်မယ့် ရေငုပ်သင်္ဘောအရေအတွက် မဖော်ပြထားပေမယ့် တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်အဖွဲ့ရဲ့ အစည်းအဝေးမှတ်တမ်းတွေကို ကိုးကားထားတဲ့ သတင်းတွေအရ တန်ချိန် ၈၀၀၀ ခန့်ရှိ SSN လေးစင်းအထိ တည်ဆောက်ဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

SSN တွေက နျူကလီးယားဓာတ်ပေါင်းဖိုကနေ စွမ်းအင်ရယူပေမယ့် နျူကလီးယားလက်နက်တွေ တပ်ဆင်ထားရမယ်လို့ မဆိုလိုပါဘူး။ သမားရိုးကျ ဒီဇယ်-လျှပ်စစ်စနစ်သုံး ရေငုပ်သင်္ဘောတွေဟာ လောင်စာဖြည့်တင်းဖို့ ရေမျက်နှာပြင်ပေါ် မကြာခဏ တက်ရပေမယ့် နျူကလီးယားဓာတ်ပေါင်းဖို အသုံးပြုတဲ့ ရေငုပ်သင်္ဘောတွေကတော့ ရေအောက်မှာ လအတန်ကြာ စစ်ဆင်ရေး လုပ်ဆောင်နိုင်ပါတယ်။ အကွာအဝေးကန့်သတ်ချက် မရှိသလောက်ဖြစ်ပြီး မြန်နှုန်းမြင့်လှုပ်ရှားနိုင်တာကြောင့် ကမ္ဘာ့အင်အားကြီး ရေတပ်တွေမှာ အရေးကြီးမဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

တောင်ကိုရီးယားရဲ့ ဒီစီမံကိန်းထွက်ပေါ်လာတဲ့ နောက်ခံအကြောင်းရင်းတွေထဲမှာ ကိုရီးယားကျွန်းဆွယ်ပေါ်တင်းမာမှုတွေ မြင့်တက်လာနေတာလည်း ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအွန်က သူတို့နိုင်ငံအနေနဲ့ SSN

တည်ဆောက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နည်းပညာပိုင်းအရ မဖြစ်နိုင်သေးဘူးဆိုတဲ့ သံသယရှိပေမယ့် ပြီးခဲ့တဲ့နှစ်မတ်လနဲ့ ဒီဇင်ဘာလတွေမှာ ကင်ဂျုံအွန်ကိုယ်တိုင် တန်ချိန် ၈၇၀၀ ရှိတဲ့ နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာဒုံးကျည်တင် ရေငုပ်သင်္ဘော တည်ဆောက်နေတယ်လို့ယူဆရတဲ့ သင်္ဘောကျင်းကို သွားရောက်ကြည့်ရှုခဲ့တာကြောင့် သူတို့ရဲ့စီမံကိန်းဟာ တိုးတက်နေတယ်လို့ သုံးသပ်လာကြပါတယ်။

တရုတ်နိုင်ငံကလည်း ရေငုပ်သင်္ဘောစွမ်းရည်တိုးမြှင့်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်နေပါတယ်။

လန်ဒန်မြို့အခြေစိုက် International Institute for Strategic Studies ရဲ့ ဖေဖော်ဝါရီလအစီရင်ခံစာအရ တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း SSN ထုတ်လုပ်မှုကို အလွန်လျင်မြန်စွာတိုးမြှင့်ရာမှာ အမေရိကန်ထက်ပိုမိုများပြားတဲ့ ရေငုပ်သင်္ဘောတွေ ရေချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကာလအတွင်း တရုတ်က ရေငုပ်သင်္ဘော ၁၀ စင်း၊ စုစုပေါင်းတန်ချိန် ၇၉၀၀၀ ခန့်ရေချခဲ့ပြီး အမေရိကန်ကတော့ ၇ စင်း၊ တန်ချိန် ၅၅၀၀၀ ခန့်သာရေချနိုင်ခဲ့ပါတယ်။

King’s College London မှ ကာကွယ်ရေးဆိုင်ရာသုတေသီဘန့်နီမက်က တောင်ကိုရီးယားရဲ့ SSN စီမံကိန်းဟာ ကိုရီးယားကျွန်းဆွယ် ပတ်ဝန်းကျင် ရေအောက်စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲစေမယ်လို့ ပြောပါတယ်။ သူ့အဆိုအရ အဲဒီရေငုပ်သင်္ဘောတွေကြောင့် တောင်ကိုရီးယားရေတပ်ဟာ ရေအောက်မှာ ပိုမိုကြာရှည်စွာလှုပ်ရှားနိုင်မယ်၊ ပိုမိုလွတ်လပ်စွာ စစ်ဆင်ရေးလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားဘက်အနေနဲ့ တောင်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောလှုပ်ရှားမှုတွေကို ခန့်မှန်းရပိုမိုခက်ခဲလာမှာဖြစ်ပြီး မြောက်ကိုရီးယားရေတပ်နဲ့ ဒုံးကျည်တင်ရေငုပ်သင်္ဘောတွေကို ခြေရာခံစောင့်ကြည့်နိုင်စွမ်းလည်း တိုးတက်လာမယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် Yokosuka Council on Asia-Pacific Studies မှ သုတေသနပညာရှင်ဖြစ်တဲ့ဘင်ဂျမင်ဘလန်ဒင်ကတော့ SSN တွေဟာ ရန်သူကို တားဖို့ နောက်ဆုံးအားကိုးရတဲ့ လက်နက်တစ်မျိုးဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ မြောက်ကိုရီးယား၊ ရုရှား ဒါမှမဟုတ် တရုတ်လိုနိုင်ငံတွေကို တောင်ကိုရီးယားက အမေရိကန်အကူအညီမပါဘဲတောင် ပြင်းထန်တဲ့ထိခိုက်မှုဖြစ်စေနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ ပြသလိုက်တာနဲ့တူတယ်လို့ သူက ပြောပါတယ်။

သူ့အမြင်အရ ဒီရေငုပ်သင်္ဘောတွေဟာ အဓိကအားဖြင့် မြောက်ကိုရီးယားကို ရည်ရွယ်တာဖြစ်ပေမယ့် ရုရှားနဲ့တရုတ်ကိုလည်း သတိပေးတဲ့ သဘောရှိတယ်လို့ဆိုပါတယ်။ အကယ်၍ အဲဒီနိုင်ငံတွေက မြောက်ကိုရီးယားကိုကူညီပြီး တောင်ကိုရီးယားကို တိုက်ခိုက်လာမယ်ဆိုရင် တိုက်ရိုက်စစ်ပွဲမှာပါဝင်လာတယ်လို့ တောင်ကိုရီးယားက သဘောထားနိုင်ကြောင်း သူကသတိပေးပါတယ်။ ဘလန်ဒင်ရဲ့ခန့်မှန်းချက်အရဆိုရင် လာမယ့်ဆယ်နှစ်အတွင်း ဂျပန်နိုင်ငံသည်လည်း ကိုယ်ပိုင် SSN တွေကို တည်ဆောက်နိုင်ခြေရှိနေပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံးဟာ နျူကလီးယားဓာတ်ပေါင်းဖို နည်းပညာနဲ့ အရည်အသွေးမြင့် ရေငုပ်သင်္ဘောတည်ဆောက်နိုင်စွမ်းရှိနေကြတယ်လို့ သူကဆိုပါတယ်။

စင်ကာပူနိုင်ငံရှိ S. Rajaratnam School of International Studies မှ ကောလင်းကို့ကတော့ တောင်ကိုရီးယားရဲ့ SSN တွေဟာ အဓိကအားဖြင့် ကိုရီးယားကျွန်းဆွယ်အနီးရေပြင်တွေမှာပဲ လှုပ်ရှားမယ်လို့ယူဆရပေမယ့် ပထမကျွန်းတန်းကာကွယ်ရေးလိုင်း အတွင်းဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေမှာ ပါဝင်လာနိုင်ခြေရှိတာကိုတော့ လုံးဝပယ်ချလို့မရဘူးလို့ ပြောပါတယ်။ ပထမကျွန်းတန်း ကာကွယ်ရေးလိုင်းဆိုတာက အမေရိကန်ရဲ့ ကာကွယ်ရေးမဟာဗျူဟာမှ အရေးကြီးတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ဂျပန်ကနေ ဖိလစ်ပိုင်အထိဆက်သွယ်ထားတဲ့ ကျွန်းစုတန်းကိုဆိုလိုတာဖြစ်ပြီး အဲဒီထဲမှာထိုင်ဝမ်ကျွန်းလည်းပါဝင်ပါတယ်။ တရုတ်က ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ပိုင်နက်လို့သတ်မှတ်ထားပြီး လိုအပ်ရင်အင်အားသုံးပေါင်းစည်းမယ်လို့ အကြိမ်ကြိမ်ပြောထားပါတယ်။

ကောလင်းကို့ရဲ့အမြင်အရ တောင်ကိုရီးယားမှာ SSN တွေရရှိလာတာနဲ့အမျှ တရုတ်နဲ့ မြောက်ကိုရီးယားတို့အနေနဲ့လည်း သူတို့ရေတပ်အင်အားကိုပိုမိုတိုးချဲ့ဖို့ အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချလာနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ကိုယ်ပိုင် SSNတည်ဆောက်ရေးကြိုးပမ်းမှုကိုလည်း ပိုမိုတွန်းအားပေးနိုင်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအီဇူမိကလည်း ဂျပန်အနေနဲ့ SSN ပိုင်ဆိုင်ရေးကို စဉ်းစားသွားမယ်လို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ဖြစ်လာနိုင်တဲ့ SSN စီမံကိန်းတွေအပြင် သြစတြေးလျနိုင်ငံရဲ့ AUKUS အစီအစဉ်အောက်က ရေငုပ်သင်္ဘောစီမံကိန်းတို့ ပေါင်းစပ်လိုက်မယ်ဆိုရင် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်ကွန်ရက်ဟာ ဒေသတွင်းမှာ ပိုမိုခိုင်မာလာနိုင်ပါတယ်။ ကောလင်းကို့က ဒီလိုမျိုး SSN ကွန်ရက်တစ်ခုပေါ်ပေါက်လာမယ်ဆိုရင် တရုတ်နဲ့ မြောက်ကို

ရီးယားလို ဘုံပြိုင်ဘက်တွေကို တားဆီးရာမှာ အလွန်အရေးကြီးတဲ့ အားသာချက်တစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါပေမဲ့ အဲဒီလိုဖြစ်လာတာက ဒေသတွင်းရေတပ် လက်နက်ပြိုင်ဆိုင်မှုကိုလည်း ပိုမိုအရှိန်မြင့်လာစေနိုင်ပါတယ်။ ဒီပြိုင်ဆိုင်မှုဟာ ရေငုပ်သင်္ဘောအချင်းချင်း ပြိုင်ဆိုင်မှုတင်မဟုတ်ဘဲ ရေတပ်တစ်ခုလုံး ခေတ်မီတိုးတက်ရေး ပြိုင်ဆိုင်မှု အသွင်ဆောင်လာနိုင်တယ်လို့ သူကသတိပေးထားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် တောင်ကိုရီးယားနိုင်ငံရဲ့ SSN စီမံကိန်းဟာ ကိုရီးယားကျွန်းဆွယ် လုံခြုံရေးအတွက်သာမက အရှေ့အာရှဒေသတစ်ခုလုံးရဲ့ စစ်ရေးချိန်ခွင်လျှာ၊ မဟာမိတ်ဖွဲ့စည်းပုံနဲ့ ရေတပ်အင်အား ပြိုင်ဆိုင်မှုတွေအပေါ် ရေရှည်သက်ရောက်မှုရှိလာမယ့် အပြောင်းအလဲကြီးတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။     ။

Ref: SCMP

MWD