နှုတ်ယဉ်ကျေးမှုနှင့် ၂၁ ရာစု လူငယ်တို့၏ ကိုယ်ရည်ကိုယ်သွေး အိမ်တွင်းမှသည် လူမှုဝန်းကျင်ဆီသို့ စံပြထုဆစ်ခြင်း
Posted_Date
Image
Body
၂၁ ရာစု နည်းပညာနှင့် သတင်းအချက်အလက် ခေတ်ရေစီးကြောင်းအတွင်း မှီတင်းရှင်သန်နေကြသော ယနေ့ခေတ် ဆယ်ကျော်သက်လူငယ်လူရွယ်များအတွက် အသိပညာ၊ အတတ်ပညာထက်မြက်ရုံမျှဖြင့် စစ်မှန်သော ဘဝအောင်မြင်မှုကို မပိုင်ဆိုင်နိုင်တော့ပါ။ ဒစ်ဂျစ်တယ်ကွန်ရက်များဖြင့် တစ်ကမ္ဘာလုံးချိတ်ဆက်ထားသည့် ယနေ့ခေတ်တွင် မိမိ၏ပတ်ဝန်းကျင်နှင့် ထိရောက်ပြေပြစ်စွာ ဆက်သွယ်ပြောဆိုနိုင်မှုနှင့် နှိမ့်ချသိမ်မွေ့သော ကိုယ်အမူအရာတို့သည် ဘဝခရီးလမ်းကို ပွင့်လန်းစေမည့် အဖိုးမဖြတ်နိုင်သော သော့ချက်များ ဖြစ်လာပါသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် စာသင်ခန်းအတွင်း၌သာမက နေ့စဉ်အိမ်တွင်းလူမှုဘဝမှစ၍ ယဉ်ကျေးချိုသာသော နှုတ်ထွက်စကားနှင့် စံပြအမူအကျင့်များကို လေ့ကျင့်ပျိုးထောင်သွားကြရန် လိုအပ်လှသည်။
နှုတ်ချိုသျှိုတစ်ပါးနှင့် နှုတ်ယဉ်ကျေးမှု၏ တန်ဖိုး
မြန်မာ့ရိုးရာဆိုရိုးစကားတွင် “နှုတ်ချိုသျှိုတစ်ပါး” ဟု ဆိုရိုးရှိသည့်အတိုင်း ချိုသာယဉ်ကျေးသော စကားတစ်ခွန်းက လူတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံးဖော်ညွှန်းပြသနေပါသည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများနှင့် ခေါင်းဆောင်ကြီးများကိုကြည့်လျှင် စကားပြောဆိုရာ၌ အလွန်လိမ္မာပြီး နားထောင်ရသူအဖို့ လွန်စွာနာပျော်ဖွယ်ရှိအောင် ပြောဆိုနိုင်သည်ကို တွေ့ရပါမည်။ စကားပြောဆိုရာတွင် မာန်မာနကင်းစင်ခြင်း၊ အများအပေါ် စာနာထောက်ထားမှုကို အခြေခံ၍ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်ခြင်းသည် နားထောင်ရသူ၏ နှလုံးသားကို အေးချမ်းစေရုံမျှမက မိမိအပေါ်၌လည်း ယုံကြည်ကိုးစားမှုကို ဆွဲဆောင်စေပါသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းတူညီသူ အချင်းချင်းဖြစ်စေကာမူ တစ်ဦးကိုတစ်ဦး မလေးမစားပြောဆိုခြင်းကြောင့် ရန်ငြိုးဖွဲ့ခြင်း၊ မုန်းတီးခြင်းများ ဖြစ်ပေါ်တတ်ပြီး အပြန်အလှန်လေးစားသမှုရှိသော စကားလုံးများကြောင့်သာ ရေရှည်ချစ်ကြည်မှုကို တည်ဆောက်နိုင်ခြင်း ဖြစ်ပါသည်။ ၂၁ ရာစု ခေတ်သစ်လူမှုပတ်ဝန်းကျင်တွင် စကားလုံးရွေးချယ်မှု မှန်ကန်ခြင်းနှင့် စကားပြောဆိုပုံပြေပြစ်ညင်သာခြင်းသည် အောင်မြင်သော လူသားချင်းဆက်ဆံရေးကို တည်ဆောက်ရာ၌ အခြေခံအကျဆုံးနှင့် တန်ဖိုးအရှိဆုံးသော လူမှုရေးအရင်းအနှီးဖြစ်ပါသည်။
ရှင်မဟာရဋ္ဌသာရ၏ လက်သစ်တောင်တာ ဆုံးမစာကဗျာ
အပြောမတတ်လျှင် ရန်ဖြစ်တတ်ပြီး အပြောတတ်လျှင် အောင်မြင်မှုရရှိနိုင်ပုံကို မြန်မာ့စာပေသမိုင်းတွင် ထင်ရှားလှသော ရှင်မဟာရဋ္ဌသာရက “လက်သစ်တောင်တာဆုံးမစာ” ၌ အောက်ပါအတိုင်း လေးနက်စွာစပ်ဆိုလမ်းညွှန်ခဲ့ပါသည်-
“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။”
ဤကဗျာ၏ အဓိပ္ပာယ်မှာ လူသားအချင်းချင်းဆက်သွယ်ပြောဆိုကြသည့်အခါ တစ်ဦးနှင့်တစ်ဦးနားထဲ၌ ခါးသီးသော စကားလုံးမျိုးမဖြစ်စေဘဲ၊ အဖိုးတန်ရွှေနားတောင်းကို နားတွင် ဆင်မြန်းလိုက်သကဲ့သို့ နားဝင်ချိုပြီး လွန်စွာနှစ်သက်ဖွယ်ကောင်းသော စကားလုံးများကိုသာ ရွေးချယ်ပြောဆိုရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့ဆိုရိုးစကားများဖြစ်သော -
“နှုတ်ချို လျှိုတစ်ပါး”၊ “နှုတ်ကောင်းတော့ ပြည်စိုး” “ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလိုခံတွင်းလက်လေးသစ်”၊ “အသွားမတော် တစ်လှမ်း၊ အစားမတော်တစ်လုပ်၊ အပြောမတော် တစ်ခွန်း” ဟူသော စကားပုံများသည်လည်း စကားပြောဆိုမှု အတတ်ပညာ၏ အရေးပါပုံကို ရှေးယခင်ကတည်းက သတိပေးနှိုးဆော်ခဲ့ကြခြင်း ဖြစ်ပါသည်။
နေ့စဉ်ဘဝ ဆက်ဆံရေးတွင် ထည့်သွင်းအသုံးပြုရမည့် ဝေါဟာရစံနမူနာများ
၂၁ ရာစု စမတ်ကျသော ကျောင်းသားလူငယ်တစ်ဦးဖြစ်စေရန် စကားပြောဆိုရာ၌ မိမိ၏ ဝေါဟာရအသုံးအနှုန်းကို အထူးသတိပြု ပြုပြင်ရပါမည်။ လူငယ်များ နေ့စဉ်ဘဝတွင် မဖြစ်မနေထည့်သွင်းပြောဆိုသင့်သည့် ဝေါဟာရများနှင့် ရှောင်ကြဉ်ရမည့် ‘ဘန်းစကား’ စံနမူနာများကို အောက်ပါအတိုင်း လူကြီးမိဘများ၊ ဆရာသမားများက လမ်းညွှန်ထားပါသည်-
ယဉ်ကျေးသိမ်မွေ့သော အပြောအဆိုတွင် “ပါ” ကို ထည့်သွင်းခြင်း - လူကြီးမိဘများ၊ ဆရာသမားများ သို့မဟုတ် အခြားသူများနှင့် စကားပြောဆိုရာတွင် အဖြေစကားများ၌ “ပါ” ကို ထည့်သွင်းပြောဆိုခြင်းသည် ယဉ်ကျေးမှုနှင့် လေးစားမှုကို ဖော်ပြရာရောက်ပါသည်။ ဥပမာအားဖြင့် “သိတယ်၊ ရတယ်၊ ဟုတ်တယ်” ဟု တိုတောင်းစွာ ဖြေဆိုခြင်းထက် “သိပါတယ်၊ ရပါတယ်၊ ဟုတ်ပါတယ်” ဟု ပြောဆိုခြင်းက ပိုမိုနူးညံ့သိမ်မွေ့ပြီး နားဝင်ချိုသာစေပါသည်။ ထို့ကြောင့် နေ့စဉ်ပြောဆိုဆက်ဆံရာတွင် “ပါ” ကို သင့်လျော်စွာ အသုံးပြုခြင်းဖြင့် မိမိ၏ယဉ်ကျေးမှုနှင့် အကျင့်စာရိတ္တကောင်းမွန်မှုကို ဖော်ထုတ်နိုင်ပါသည်။
“ခင်ဗျာ / ရှင့်” ဖြင့် ယဉ်ကျေးစွာ ပြောဆိုခြင်း- စကားပြောဆိုရာတွင် ဝါကျအဆုံး၌ “ခင်ဗျာ” သို့မဟုတ် “ရှင့်” ကို ထည့်သွင်းအသုံးပြုခြင်းသည် လေးစားမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုကို ပိုမိုပေါ်လွင်စေပါသည်။ ဥပမာအားဖြင့် “သိပါတယ်၊ ရပါတယ်” ဟုသာ ပြောဆိုခြင်းထက် “သိပါတယ်ခင်ဗျာ၊ ရပါတယ်ခင်ဗျာ” (သို့မဟုတ် “သိပါတယ်ရှင့်၊ ရပါတယ်ရှင့်”) ဟု ပြောဆိုခြင်းက ကြားနာရသူအား နွေးထွေးပျူငှာမှုကို ခံစားရစေပါသည်။ ထို့ကြောင့် နေ့စဉ်ဆက်ဆံရေးများတွင် “ခင်ဗျာ/ရှင့်” ကို သင့်လျော်စွာအသုံးပြုခြင်းဖြင့် မိမိ၏ အပြောအဆိုယဉ်ကျေးမှုကို ပိုမိုတင့်တယ်စေနိုင်ပါသည်။
ရှောင်ရှားသင့်သည့် ‘ဘန်းစကား’ အသုံးအနှုန်းများ - လူငယ်အချို့က ခေတ်စားသည့် စကားလုံးများနှင့် အရပ်သုံးအသုံးအနှုန်းများကို အလွန်အကျွံအသုံးပြုတတ်ကြသည်။ ဥပမာအားဖြင့် မိဘများကို မလေးမခန့်အမည်ပြောင်များဖြင့် ခေါ်ဝေါ်ခြင်း၊ ကောင်းမွန်သည့် အရာတစ်ခုကို “မိုက်တယ်”၊ “ဂေါ်တယ်” စသည့် စကားများဖြင့် ပြောဆိုခြင်း၊ မိတ်ဆွေများကို “bro”, “sis” ဟု ခေါ်ခြင်း၊ မိန်းကလေးများအား မလေးစားဖွယ်အသုံးအနှုန်းများဖြင့် ရည်ညွှန်းပြောဆိုခြင်းတို့က ယဉ်ကျေးမှုနှင့် ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းတွင် မိမိ၏ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် ရိုင်းစိုင်းသည့် ဘန်းစကားများနှင့် မသင့်လျော်သည့် အသုံးအနှုန်းများကို ရှောင်ကြဉ်သင့်ပါသည်။
ယဉ်ကျေးသိမ်မွေ့စွာ ခေါ်ဝေါ်ပြောဆိုခြင်း-လူတစ်ဦးကို ၎င်း၏ အဆင့်အတန်းထက် နှိမ့်ချခေါ်ခြင်းကို မည်သူမျှမကြိုက်ကြပါ။ လူတိုင်းသည် မိမိ၏ဂုဏ်သိက္ခာနှင့် အသက်အရွယ်အလိုက် လေးစားအသိအမှတ်ပြု ခံရခြင်းကို နှစ်သက်ကြပါသည်။ အသက်ကို လွန်ကဲ၍ အောက်ကျို့ခေါ်ခြင်းမျိုးကိုလည်း လူအများက မနှစ်သက်သဖြင့် သတိပြုရပါမည်။ တစ်စုံတစ်ဦးအား အောက်ကျသည့် အသုံးအနှုန်းများဖြင့် ခေါ်ဝေါ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဥပမာအားဖြင့် ကားမောင်းသူကို “ကားသမား”ဟု ခေါ်ခြင်းထက် “ကားဆရာ” ဟု ခေါ်ဝေါ်ခြင်းက ပိုမိုယဉ်ကျေးသိမ်မွေ့ပါသည်။ အသက်အရွယ်နှင့် ဂုဏ်သိက္ခာကို မလေးစားဘဲနှိမ့်ချသည့် အခေါ်အဝေါ်များ အသုံးပြုခြင်းသည် လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်သဖြင့် အထူးသတိပြုသင့်ပါသည်။
ကိုယ်အမူအရာနှင့် စမတ်ကျသော လူငယ်
လူတစ်ဦး၏ စိတ်နေသဘောထားကို ၎င်း၏ နှုတ်ထွက်စကားများကသာမက ဖုံးကွယ်၍ မရသော ကိုယ်အမူအရာနှင့် မျက်နှာရိပ်မျက်နှာကဲတို့ကပါ သက်သေခံလျက်ရှိပါသည်။ စမတ်ကျပြီး ထက်မြက်သော ခေတ်သစ်လူငယ်တစ်ဦးသည် စကားပြောဆိုရာ၌ အောက်ပါအမူအကျင့်ကောင်းများကို ပေါင်းစပ်ကျင့်သုံးရပါမည်-
နွေးထွေးသောအကြည့်နှင့် ဂရုစိုက်မှု-တစ်ဖက်လူ စကားပြောဆိုနေချိန်တွင် မျက်လုံးချင်းဆုံ၍ သေချာစွာ နားထောင်ခြင်းက လေးစားမှုကို ပြသရာရောက်ပါသည်။
ပြေပြစ်ညင်သာသော ကိုယ်ဟန်အမူအရာ
- ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် လက်ဟန်ခြေဟန် ပြုလုပ်ရာတွင် ကြမ်းတမ်းခြင်းမရှိဘဲ ညင်သာမှုရှိခြင်း၊ နှိမ့်ချတတ်ခြင်းတို့သည် တည်ငြိမ်ရင့်ကျက်မှုကို ဖြစ်ပေါ်စေပါသည်။
နိုးကြားတက်ကြွသော ရုပ်ပိုင်းဆိုင်ရာပုံရိပ်
ထိုင်ခြင်း၊ ထခြင်းနှင့် လျှောက်လှမ်းခြင်းတို့တွင် စနစ်တကျရှိပြီး သပ်ရပ်သော အဝတ်အစားဆင်ယင်မှုတို့နှင့် ပေါင်းစပ်ကာ တက်ကြွနိုးကြားသောစွမ်းအင်ကို ပတ်ဝန်းကျင်သို့ ဖြန့်ဝေပေးနိုင်ရပါမည်။
အိမ်တွင်းပညာရေးနှင့် သူတစ်ပါးစကားကို နားထောင်ခြင်းအတတ်ပညာ
ကလေးငယ်များနှင့် ဆယ်ကျော်သက် လူငယ်များ၏ ကိုယ်ကျင့်တရားနှင့် အပြုအမူပိုင်းဆိုင်ရာ ပုံသွင်းမှုကို မိသားစုစားပွဲဝိုင်းနှင့် အိမ်တွင်းဝန်းကျင်မှ ရှေးဦးစွာ စတင်ရပါမည်။ မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များအား ငွေကြေးအမွေအနှစ်များ ပေးအပ်ခြင်းထက် စကားပြောဆိုပုံယဉ်ကျေးခြင်း၊ ကြီးသူကိုရိုသေ၍ ငယ်သူကို သနားခြင်းဟူသော ဘဝအမွေအနှစ်များကို ငယ်စဉ်ကတည်းက လက်တွေ့လေ့ကျင့် သင်ကြားပေးရပါမည်။
အိမ်တွင်း၌ မိဘနှင့်သားသမီးအကြား နွေးထွေးသော ဆက်ဆံရေးရှိခြင်း၊ အပြန်အလှန်ချိုသာစွာ ပြောဆိုခြင်းတို့ဖြင့် ကြီးပြင်းလာရသည့် လူငယ်များသည် မိမိကိုယ်ကိုယုံကြည်မှု မြင့်မားကြပြီး ပြင်ပလူ့အဖွဲ့အစည်းသို့ ရောက်ရှိသည့်အခါတွင်လည်း လူချစ်လူခင်ပေါများသော စံပြလူငယ်များ ဖြစ်လာကြပါသည်။
စကားပြောဆိုရာတွင်လည်း မိမိကိုယ်မိမိကြွားဝါခြင်း၊ အလွန်အကျွံ ချီးမွမ်းခန်းဖွင့်ခြင်း သို့မဟုတ် အစွန်းရောက်စကားလုံးမျိုးများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ရပါမည်။ ထို့အပြင်ကျိန်တွယ် ပြောဆိုသည့် စကားမျိုးကိုလည်း လုံးဝမပြောရပါ။ ယင်းသို့ ကျိန်တွယ်ပြောဆိုခြင်းသည် မိမိ၏ ဂုဏ်သိက္ခာကို နိမ့်ကျစေသည့်အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းကို ဖော်ပြရာရောက်ပါသည်။
အငြင်းပွားမှုများကို ရှောင်ကြဉ်ခြင်းနှင့် စာသင်ခန်းတွင်း ကျင့်ဝတ်
အတန်းဖော်သူငယ်ချင်းများနှင့် ဆက်ဆံရာတွင် အမြင်မတူကွဲပြားမှုများ ရှိနိုင်သော်လည်း အချင်းချင်းအငြင်းပွားခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမည်။ အငြင်းအခုံပြုခြင်းသည် မုန်းတီးမှုကိုသာတိုးပွားစေပြီး မည်သည့်အကျိုးကျေးဇူးမျှမရရှိနိုင်ပါ။ သူငယ်ချင်းများ အငြင်းပွားနေပါကလည်းကြားမှ ဖျန်ဖြေပေးခြင်း သို့မဟုတ် စကားလမ်းကြောင်းလွှဲပေးခြင်းဖြင့် ဝန်းကျင်ကို ငြိမ်းချမ်းအောင် ပြုလုပ်ပေးရပါမည်။
မိမိတို့၏ မိဘကျေးဇူးရှင်များကို ထိခိုက်စေမည့် စကားလုံးမျိုးများကို လုံးဝမပြောဘဲ လိမ္မာယဉ်ကျေးသော စကားဖြင့်သာ အချင်းချင်းရိုင်းပင်းကူညီကြရပါမည်။ စာသင်ခန်းအတွင်း ဆရာကသင်ကြားပြသနေချိန်တွင် ရိုသေစွာအာရုံစိုက်နားထောင်ခြင်း၊ မရှင်းလင်းသည်များကို မေးမြန်းရာ၌ စကားလုံးအသုံးအနှုန်းယဉ်ကျေးပြေပြစ်ခြင်း၊ အတန်းဖော်သူငယ်ချင်းများအကြား အနိုင်ကျင့်မှုကင်းဝေးပြီး ရိုင်းပင်းကူညီတတ်ခြင်းတို့သည် ကျောင်းသားကောင်းတို့ လိုက်နာရမည့်ကျင့်ဝတ်များ ဖြစ်ပါသည်။ ဤကဲ့သို့ အိမ်တွင်လည်း လိမ်မာ၊ ကျောင်းတွင်လည်းတော်သော ကျောင်းသားလူငယ်များ ရှိနေခြင်းသည် သင်ယူမှုဝန်းကျင်ကောင်းကို ပိုမိုအားကောင်းစေပါသည်။
မျိုးဆက်သစ်လူငယ်များအတွက် နှိုးဆော်ချက်ဆုမွန်ကောင်း
ကျွန်ုပ်တို့၏ ၂၁ ရာစု မျိုးဆက်သစ်လူငယ်များ အားလုံးအိမ်တွင်း၌လည်း မိဘစကားကို နားထောင်တတ်သော သားသမီးကောင်းများ၊ ကျောင်းသင်ခန်းစာများတွင်လည်း စည်းကမ်းစနစ်ကျနကာ ဆရာသမားကို ရိုသေ၍ သူငယ်ချင်းအချင်းချင်းချိုသာ ပြေပြစ်စွာ ဆက်ဆံတတ်သော၊ ကိုယ်အမူအရာနှုတ်အမူအရာ လိမ္မာယဉ်ကျေးသော ဘက်စုံထူးချွန်ထက်မြက်ပြီး ပျော်ရွှင်စရာကောင်းသော စံပြကျောင်းသားလူငယ်များအဖြစ် မြန်မာ့မြေပေါ်တွင် ခိုင်မာစွာရှင်သန်ကြီးထွားနိုင်ကြပါစေကြောင်းနှင့် နိုင်ငံတော်က အားထားရသည့် အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသတည်း။
မြန်မာ့မျိုးဆက်သစ် ကျောင်းသားလူငယ်များ နှုတ်အမူအရာကိုယ်အမူအရာ အစဉ်အမြဲ ထက်မြက်ပွင့်လန်းယဉ်ကျေးကြပါစေ။ ။
moi
