အမေရိကန်ရဲ့ မဟာမိတ်တွေရင်ဆိုင်နေရတဲ့ ခေတ်သစ်စိန်ခေါ်မှုတစ်ခု

Posted_Date

Image

အမေရိကန်ရဲ့ မဟာမိတ်တွေရင်ဆိုင်နေရတဲ့ ခေတ်သစ်စိန်ခေါ်မှုတစ်ခု

Body

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက “စီးပွားရေးလုံခြုံရေး ဆိုတဲ့စကားလုံးကို နိုင်ငံတကာနိုင်ငံရေးနဲ့ စီးပွားရေးသတင်းတွေမှာ မကြာခဏကြားလာရပါတယ်။ အရင်တုန်းက ဒီအသုံးအနှုန်းကို စီးပွားရေးပညာရှင်တွေ၊ မူဝါဒရေးဆွဲသူတွေရဲ့ ဆွေးနွေးပွဲတွေမှာသာ အများဆုံးတွေ့ရပေမယ့် အခု အမေရိကန်၊တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေကအစ နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်ရာမှာ အဓိကအသုံးပြုလာတဲ့ စကားလုံးတစ်ခု ဖြစ်လာနေပါတယ်။ စီးပွားရေးလုံခြုံရေးဆိုတာ အခြေခံအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို စီးပွားရေးနည်းလမ်းတွေနဲ့ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ကုန်ကြမ်းများရရှိရေး၊ ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်ရေး၊ နည်းပညာကာကွယ်ရေးနဲ့ ကုန်သွယ်ရေးအကျိုးစီးပွားတွေကို ပြင်ပအန္တရာယ်တွေမှကာကွယ်

နိုင်ရေးတို့အတွက် မူဝါဒချမှတ်တာကိုဆိုလိုတာပါ။

မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့နိုင်ငံများစွာက ဒီအယူအဆကို အမျိုးသားရေးမူဝါဒရဲ့ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်လာတာတွေ့ရပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကြားမှာ ပြိုင်ဆိုင်မှုတွေ မြင့်တက်လာတာ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်တာ၊ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်ဈေးကွက်တွေ လှုပ်ခတ်တာတွေက နိုင်ငံတွေကို စီးပွားရေးလုံခြုံရေးရဲ့အရေးပါမှုကို ပိုမိုသတိပြုမိစေခဲ့ပါတယ်။ ဒါပေမဲ့ကမ္ဘာကြီးက ပိုရှုပ်ထွေးလာတာနဲ့အမျှ ဒီအယူအဆရဲ့ အဓိပ္ပာယ်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ အမေရိကန်နဲ့ တရုတ်တို့ကြားက ပြိုင်ဆိုင်မှုတွေ၊ ကမ္ဘာ့စွမ်းအင်လမ်းကြောင်း

တွေရဲ့ မတည်ငြိမ်မှုတွေက စီးပွားရေးလုံခြုံရေးဆိုတဲ့ အယူအဆကို အသစ်တစ်ဖန် ပြန်စဉ်းစားရတော့မယ့် အခြေအနေဆီ တွန်းပို့နေပါတယ်။

လက်ရှိကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့ စီးပွားရေးကို လက်နက်တစ်ခုလို အသုံးပြုလာပါတယ်။ ထောက်ပံ့ရေးကွင်းဆက်တွေ ပြန်လည်ဖွဲ့စည်းတာ၊ ကုန်သွယ်ရေးကန့်သတ်ချက်တွေချမှတ်တာ၊ နည်းပညာ တင်ပို့မှုတွေကို ထိန်းချုပ်တာနဲ့ အခွန်နှုန်းထား တိုးမြှင့်တာတွေ အားလုံးက စီးပွားရေးလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ဆောင်လာတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ အမေရိကန်အစိုးရကလည်း အခွန်နှုန်းထားအသစ်တွေချမှတ်ရာမှာ “အမျိုးသားလုံခြုံရေး အကြောင်းပြချက်ကို မကြာခဏအသုံးပြုပါတယ်။ အမေရိကန်အမြင်မှာ စီးပွားရေးကိစ္စဟာ စီးပွားရေးသက်သက် မဟုတ်တော့ဘဲ နိုင်ငံလုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စတစ်ခုဖြစ်လာနေပါတယ်။

ဒီအခြေအနေအောက်မှာ အမေရိကန်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပဒေသမှနိုင်ငံတွေကလည်း သူတို့ကိုယ်ပိုင်စီးပွားရေး လုံခြုံရေးမူဝါဒကို အားကောင်းအောင် လုပ်ဆောင်လာကြပါတယ်။ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့၊ အရေးကြီးသတ္တုနဲ့ ကုန်ကြမ်းအရင်းအမြစ်တွေကို လုံခြုံစွာရယူနိုင်ဖို့၊ နည်းပညာလျှို့ဝှက်ချက်တွေကို ကာကွယ်နိုင်ဖို့ ကြိုးပမ်းလာကြတာပါ။ သို့ပေမယ့်လည်း ဒီနိုင်ငံတွေအများစုအတွက် စီးပွားရေးလုံခြုံရေးဆိုတာ အဓိကအားဖြင့် ကာကွယ်ရေးဆန်နေတဲ့အယူအဆတစ်ခုသာဖြစ်နေဆဲပါ။ သူတို့ဟာ ပြင်ပမှလာတဲ့ အန္တရာယ်တွေကို တားဆီးဖို့ ကြိုးစားနေတာဖြစ်ပြီး တခြားနိုင်ငံတွေကို သွားရောက်ဖိအားပေးဖို့ မဟုတ်ပါဘူး။

ဒါပေမဲ့အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ဒီအယူအဆကို ပြောင်းလဲစပြုလာပါတယ်။ ယခင်က ကာကွယ်ရေးအတွက်သာ အသုံးပြုခဲ့တဲ့ စီးပွားရေးလုံခြုံရေးဟာ ယခုအခါ ပိုမိုတက်ကြွတဲ့ လုပ်ဆောင်မှုလိုအပ်လာနေပါတယ်။ အထူးသဖြင့် ဟော်မုရေလက်ကြားကြီးဟာ ကမ္ဘာ့စွမ်းအင်ဖူလုံရေးအတွက် အရေးအကြီးဆုံးနေရာဖြစ်လာပါတယ်။ ကမ္ဘာ့ရေနံတင်ပို့မှုအများအပြားက ဒီရေလက်ကြားကို ဖြတ်သန်းနေရတာကြောင့် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်လာတဲ့ တင်းမာမှုမှန်သမျှက ကမ္ဘာ့စီးပွားရေးကို တိုက်ရိုက် ရိုက်ခတ်နိုင်ပါတယ်။ ဒီအခြေအနေမှာ အမေရိကန်က သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ ပိုမိုတက်ကြွစွာ ပါဝင်ဖို့ တောင်းဆိုလာပါတယ်။ ရေလမ်းကြောင်းကိုအသုံးပြုနေတဲ့နိုင်ငံတွေက ဟော်မုရေလက်ကြား လုံခြုံရေးတာဝန်ကို မျှဝေယူရမယ်ဆိုတဲ့ သဘောထားကို အမေရိကန်က ထုတ်ဖော်ပြောလာတာဖြစ်ပါတယ်။ သို့သော် အဲဒီတောင်းဆိုချက်ဟာ မဟာမိတ်နိုင်ငံတွေအတွက် လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။

ဥပမာ ဂျပန်နဲ့ တောင်ကိုရီးယားကို ကြည့်မယ်ဆိုရင် အမေရိကန်နဲ့ စစ်ရေးမဟာမိတ်ဆက်ဆံရေး ရှိနေသလို စီးပွားရေးအရလည်း အလွန်နီးကပ်စွာ ချိတ်ဆက်ထားပါတယ်။ တစ်ဖက်မှာတော့ အရှေ့အလယ်ပိုင်းဒေသမှ စွမ်းအင်အရင်းအမြစ်တွေကို အလွန်အမင်း မှီခိုနေရပါတယ်။ အကယ်၍ အီရန်နဲ့ ပတ်သက်နေတဲ့တင်းမာမှုတွေ ပိုမိုကြီးထွားလာမယ်ဆိုရင် ဒီနိုင်ငံတွေကစွမ်းအင်ဖူလုံရေးကို ကာကွယ်ဖို့ စစ်ရေးအရပါဝင်လာရနိုင်ပါတယ်။ ဒါပေမဲ့  အဲဒီလိုပါဝင်မှုက စီးပွားရေးလုံခြုံရေးကို အာမခံပေးမယ့် အစား စီးပွားရေးမလုံခြုံမှုအသစ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ရေးပဋိပက္ခတွေဟာ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေကို တုန်လှုပ်စေတတ်သလို စွမ်းအင်ဈေးနှုန်းတွေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်သွားနိုင်ပြီး ထောက်ပံ့ရေးကွင်းဆက်လည်း ထိခိုက်နိုင်ပါတယ်။ 

ဒီလိုအခြေအနေမျိုးကို ရုရှား-ယူကရိန်းစစ်ပွဲမှာ ကမ္ဘာကြီးက မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ စစ်ပွဲမတိုင်ခင်က ဥရောပနိုင်ငံအများစုဟာ ရုရှားရဲ့ဓာတ်ငွေ့ကို ယုံကြည်စွာ မှီခိုခဲ့ကြပါတယ်။ စွမ်းအင်ရရှိရေးကို စီးပွားရေးပြဿနာတစ်ခုအဖြစ်သာ မြင်ကြပါတယ်။

ဒါပေမဲ့ စစ်ပွဲစတင်ပြီးတဲ့နောက်မှာတော့ စွမ်းအင်ရရှိရေးဟာ အမျိုးသားလုံခြုံရေးပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဓာတ်ငွေ့ဈေးနှုန်းတွေက တက်သွားတယ်။ စက်မှုလုပ်ငန်းတွေထိခိုက်တယ်။ အိမ်ထောင်စုအသုံးစရိတ်တွေ မြင့်တက်လာတယ်။ ဒီဖြစ်ရပ်က နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေးနဲ့ လုံခြုံရေးကို သီးခြားခွဲပြီးမကြည့်နိုင်တော့ဘူးဆိုတာ ပြသခဲ့ပါတယ်။ ထို့ အတူ တရုတ်နဲ့အမေရိကန်ကြား နည်းပညာပြိုင်ဆိုင်မှုကလည်း စီးပွားရေးလုံခြုံရေး အဓိပ္ပာယ်ကို ပြောင်းလဲစေခဲ့ပါတယ်။ တစ်ပိုင်းလျှပ်ကူးချစ်ပြားတွေ၊ AIနည်းပညာတွေ၊ ရှားပါးသတ္တုတွေနဲ့ အဆင့်မြင့်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အခုအချိန်မှာ စီးပွားရေးပိုင်ဆိုင်မှုတွေတင်မဟုတ်တော့ဘဲ အမျိုးသားလုံခြုံရေး ပိုင်ဆိုင်မှုတွေအဖြစ် သတ်မှတ်ခံလာရပါတယ်။

ဒါကြောင့်ပဲ အမေရိကန်ဟာ ချစ်ပြားနည်းပညာတင်ပို့မှုတွေကို ကန့်သတ်လာသလို တရုတ်နိုင်ငံကလည်း ရှားပါးသတ္တုတင်ပို့မှုအပေါ် ထိန်းချုပ်မှုတွေ လုပ်လာပါတယ်။ စီးပွားရေးနဲ့ နည်းပညာကဏ္ဍတွေကအခုတော့ မဟာဗျူဟာပြိုင်ဆိုင်မှုရဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခု ဖြစ်လာနေပါတယ်။ ဒီအခြေအနေတွေကြားမှာ ဂျပန်နဲ့ တောင်ကိုရီးယားလို နိုင်ငံတွေဟာ အခက်ခဲဆုံး အနေအထားကို ရောက်နေကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ အဓိကလုံခြုံရေးမဟာမိတ်က အမေရိကန်ဖြစ်နေပြီး အကြီးဆုံး ကုန်သွယ်ဖက်တွေထဲမှာတော့ တရုတ်နိုင်ငံပါဝင်နေလို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အမေရိကန်ဘက် အလွန်အကျွံ လိုက်ပါသွားမယ်ဆိုရင် တရုတ်ဈေးကွက်ကို ဆုံးရှုံးနိုင်ပါတယ်။ တရုတ်နဲ့ ပိုပြီး နီးစပ်အောင် နေမယ်ဆိုရင်လည်း အမေရိကန်ရဲ့ ယုံကြည်မှု လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေဟာ နှစ်ဖက်စလုံးနဲ့ ဆက်ဆံရေးကောင်းမွန်အောင်ထိန်းထားဖို့ ကြိုးစား

နေရပါတယ်။

ဒီလိုအခြေအနေမျိုးကို အရင်ခေတ်တွေတုန်းကသိပ်မတွေ့ရပါဘူး။ စစ်အေးတိုက်ပွဲကာလမှာတော့ ကမ္ဘာကြီးဟာ အင်အားစုနှစ်ဖက်အဖြစ် ကွဲပြားနေခဲ့ပါတယ်။ ဘယ်ဘက်မှာ ရပ်တည်နေကြမလဲဆိုတာကလည်း အတော်လေးရှင်းလင်းခဲ့ပါတယ်။ ဒီကနေ့ကမ္ဘာမှာတော့ အခြေအနေက မတူတော့ပါဘူး။ နိုင်ငံတွေဟာ အမေရိကန်နဲ့လည်း ပူးပေါင်းလာရသလို၊တရုတ်နဲ့လည်း ကုန်သွယ်ရပါတယ်။ အရှေ့အလယ်ပိုင်းမှစွမ်းအင်တွေကိုလည်းမှီခိုနေရပြီး အကျိုးစီးပွားတွေက တစ်ခုနဲ့တစ်ခုရှုပ်ထွေးစွာ ချိတ်ဆက်လာနေပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုက အခြားတစ်ဖက်မှာတော့ ပြဿနာအသစ်တွေ ဖြစ်စေနိုင်ပါတယ်။ စီးပွားရေးလုံခြုံရေးကို တိုးမြှင့်ဖို့ လုပ်ဆောင်ချက်တစ်ခုက တစ်ချိန်တည်းမှာပဲ စီးပွားရေးအန္တရာယ်အသစ်တွေကို ဖန်တီးပေးနိုင်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ အနာဂတ်ကမ္ဘာကြီးမှာ စီးပွားရေးလုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးကြားက နယ်နိမိတ်ဟာ ပိုပြီးမှုန်ဝါးလာမယ်လို့ သုံးသပ်နေပါတယ်။ စီးပွားရေးပြဿနာတစ်ခုက လုံခြုံရေးဆိုင်ရာပြဿနာဖြစ်လာနိုင်သလို လုံခြုံရေးပြဿနာ တစ်ခုကလည်း စီးပွားရေးအကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီအတွက် နိုင်ငံအများစုဟာ မိတ်ဖက်နိုင်ငံ တစ်နိုင်ငံတည်းအပေါ် အလွန်အကျွံ မှီခိုနေတဲ့ မဟာဗျူဟာကနေ တဖြည်းဖြည်းခွာလာဖို့ ကြိုးစားနေကြပါတယ်။ ကုန်သွယ်ရေးမိတ်ဖက်တွေ တိုးချဲ့လာကြတယ်။ စွမ်းအင်အရင်းအမြစ်တွေကို မျိုးစုံရှာဖွေလာကြတယ်။ ထောက်ပံ့ရေး ကွင်းဆက်တွေကို နိုင်ငံတစ်နိုင်ငံတည်းမှာ စုပုံထားတာမျိုးထက် ဒေသအလိုက်ဖြန့်ကြက် ထားလာကြတယ်။

ဒီလိုစုံလင်လှတဲ့ကွဲပြားမှုတွေကို တိုးမြှင့်ခြင်းက အနာဂတ်စီးပွားရေးလုံခြုံရေးရဲ့ အဓိကသော့ချက်တစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ယူဆနေကြပါတယ်။ အကြောင်းကတော့ ကမ္ဘာကြီးဟာ အရင်ကထက် ပိုပြီး မသေချာတဲ့ အခြေအနေထဲကို ရောက်လာနေလို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ စီးပွားရေးလုံခြုံရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကိုကာကွယ်ရုံတင် မဟုတ်တော့ဘဲ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး၊ စွမ်းအင်နဲ့ နည်းပညာပြိုင်ဆိုင်မှုတွေကြား အမျိုးသားအကျိုးစီးပွားကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေအတွက်တော့ ဒီမေးခွန်းကို ဖြေရှင်းရတာက အရင်ကထက်ပိုမို ခက်ခဲလာနေပြီး စီးပွားရေးလုံခြုံရေးကို ရှာဖွေနေတဲ့ လမ်းကြောင်းပေါ်မှာပင် စီးပွားရေး မလုံခြုံမှုအသစ်တွေ ပေါ်ပေါက်လာနိုင်တဲ့ ခေတ်သစ်စိန်ခေါ်မှု တစ်ခုကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။          ။

Ref: SMCP