ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝါတေးစီရင်စုတွင် လောင်ကျွမ်းနေသော တောမီးသည် ယခုအချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ဧပြီ ၂၄ ရက် နံနက်ပိုင်းအထိ ဟက်တာပေါင်း ၁၂၀၀ နီးပါးကို ကူးစက်လောင်ကျွမ်းလျက်ရှိကြောင်းနှင့် ပြည်သူ၂၆၀၀ ခန့်မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထိုတောမီးသည် ဧပြီ ၂၂ ရက်တွင် အိုဆူချီမြို့ရှိ တောင်တန်းဒေသ၌ စတင်ခြင်းဖြစ်ပြီး ယနေ့အထိ လူနေအိမ်များအပါအဝင် အဆောက်အအုံရှစ်လုံးကို ဖျက်ဆီးထားပြီးဖြစ်သည်။ တောမီးကြောင့် အိုဆူချီမြို့လူဦးရေ လေးပုံတစ်ပုံခန့်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် တာဝန်ရှိသူများက အမိန့်ထုတ်ပြန်ထားသည်။
တောမီးငြှိမ်းသတ်ရန် အီဝါတေးစီရင်စု အစိုးရနှင့် ကာကွယ်ရေးတပ်ဖွဲ့မှ ရဟတ်ယာဉ်များဖြင့် ရေပက်ဖျန်းခြင်းများလုပ်ဆောင်နေသည့်အပြင် အိမ်နီးချင်းစီရင်စုငါးခုမှ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း အကူအညီတောင်းထားရသည်။ ထို့ပြင် ဧပြီ၂၀ ရက်တွင် ဂျပန်အရှေ့မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်၌လှုပ်ခတ်သည့် အင်အားပြင်းငလျင်ကြောင့် အီဝါတေးအပါအဝင်စီရင်စုခုနစ်ခုရှိ မြို့နယ်ပေါင်း ၁၈၂ ခုကို ငလျင်အန္တရာယ် သတိပေးချက်ထုတ်ပြန်ထားသည်။ ထို့ကြောင့် တောမီးငြှိမ်းသတ်နေစဉ် ငလျင်အန္တရာယ်ကိုပါ ထပ်မံသတိပြုရန် လိုအပ်နေကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးထားသည်။
MWD
