ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး အစည်းအဝေးတက်ရောက်
ပုသိမ် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးမကျမီကာလအတွင်း သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးမကျမီကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့် တက်ရောက်လာသည့်ဌာနများမှ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိများကို ရှင်းလင်းတင်ပြသည်။
ထိုကဲ့သို့ သက်ဆိုင်ရာဌာနများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်နေရသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ဆည်၊ မြောင်း၊ တာတမံများ၊ ရေငံတားတာများလည်း များပြားသည့်အတွက် ဆည်၊ တာတမံများ၏ ကြံ့ခိုင်ရေး၊ ယိုစိမ့်မှုများ၊ ကျိုးပေါက်မှုများ မဖြစ်စေရေးကိုလည်း စစ်ဆေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဧရာဝတီမြစ်၊ ငဝန်မြစ် စသည့်မြစ်ကြီးမြစ်ငယ်အသွယ်သွယ် စီးဆင်းသည့်အတွက် ကမ်းပြိုမှုများဖြစ်ပေါ်လျက်ရှိရာ ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့်လည်း အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများ စီစဉ်ဆောင်ရွက် ထားရှိရန်လိုကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များစုဆောင်းထားရှိမှုနှင့် အချိန်မီစိုက်ပျိုးနိုင်ရေး၊ လမ်းဘေးဝဲ/ယာ တစ်အုပ် တစ်မသစ်ပင်များစိုက်ပျိုးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရေး၊ မိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများ အချိန်မီရရှိစေရေး၊ စာရင်းဇယားများ တိကျမှန်ကန်မှု ရှိစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
