ဗြိတိန်နိုင်ငံသို့ ထရမ့် ခရီးစဉ်သွားရောက်မှု ပြည်သူများ၏ ဆန္ဒပြခြင်း ခံရ
လန်ဒန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ ရာနှင့်ချီသောပြည်သူများသည် စက်တင်ဘာ ၁၆ ရက်တွင် လန်ဒန်မြို့အစွန်ရှိ ဝင်ဆာရဲတိုက် အပြင်ဘက်၌ စုဝေး၍ ဗြိတိန်နိုင်ငံသို့ အမေရိကန်သမ္မတ ထရမ့် နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ထိုနေ့ညပိုင်းတွင် ထရမ့်က လန်ဒန်စတန်းစတက် လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဝင်ဆာရဲတိုက်၌ တည်းခိုမည်ဖြစ်သည်။ ထရမ့်သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် ဗြိတိန်ဘုရင် တတိယ ချားလ်စ်၊ ဝန်ကြီးချုပ် ကီယာစတာမာတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ဘယ်ကင်ဟမ်နန်းတော်က ဆိုထားသည်။
အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို “ထရမ့်တားဆီးရေး ညွန့်ပေါင်းအဖွဲ့” (Stop Trump Coalition) ဟု အမည် ရသည့်အဖွဲ့မှ စီစဉ်ခြင်းဖြစ်သည်။ ပြည်သူများက “အမုန်းတရားသည် မည်သည့်နိုင်ငံကိုမျှ ကြီးမြတ်လာ စေမည်မဟုတ်” စသည့် စာတန်းများကိုင်ဆောင်ကာ ဝင်ဆာရဲတိုက်အပြင်ဘက် ပင်မလမ်းမတစ်လျှောက် တွင် “ဗြိတိန်နိုင်ငံမှ ထွက်သွား” ၊ “ဗြိတိန်နိုင်ငံက သင့်အားမကြိုဆိုပါ” စသည့် ဆောင်ပုဒ်များ အော်ဟစ် ခဲ့သည်။
ဗြိတိန်နိုင်ငံက ထရမ့်အား ထိုကဲ့သို့ အဆင့်မြင့်သော ဧည့်ဝတ်ပျူငှာမှုဖြင့် ကြိုဆိုခြင်းသည် “ဒါက မထိုက် တန်ပါဘူး” ဟု ဆန္ဒပြသူ မီကိုဟယ်နင်က ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
ယင်းသည် ထရမ့်က အမေရိကန်သမ္မတအနေဖြင့် ဒုတိယအကြိမ် ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခြင်းဖြစ်သည်။ ၎င်းက ပထမအကြိမ် သမ္မတအဖြစ် ထမ်းဆောင်စဉ်ကာလ အတွင်း ၂၀၁၉ ခုနှစ်က ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ထရမ့်သည် ပုဂ္ဂိုလ်ရေးကြောင့် ဗြိတိန်နိုင်ငံ စကော့တလန်ဒေသသို့ သွားရောက်ခဲ့ရာ ဒေသတွင်းပြည်သူ များ၏ ကန့်ကွက်ဆန္ဒပြခြင်း ခံခဲ့ရသည်။
ကိုးကား - Xinhua
