Hind Rajab Foundation က အိန္ဒိယနိုင်ငံတွင် ခရီးလှည့်လည်နေသည့် အစ္စရေး အရန်စစ်သည်တစ်ဦးကို ဖမ်းဆီးပေးရန် လျှောက်ထားလွှာတင်သွင်း
Hind Rajab Foundation (HRF) သည် ဟီမာချယ်ပရာဒက်ရှ် ပြည်နယ်သို့ လက်ရှိရောက်ရှိလည်ပတ်နေသည့် အစ္စရေးနိုင်ငံသား အီတန် ဂီလ်ဘိုအာ (Eitan Gilboa) အား ချက်ချင်းဖမ်းဆီးပေးရန် အိန္ဒိယရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ထံ အရေးပေါ်တိုင်ကြားစာ တစ်စောင် တင်သွင်းခဲ့သည်။
ဘယ်လ်ဂျီယံအခြေစိုက် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဂါဇာဒေသတွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူများကို တရားဥပဒေ အရ အရေးယူနိုင်ရန် ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့က “အစ္စရေးတပ်မတော်မှ အရန်စစ်သည်တစ်ဦးဖြစ်သူ ဂီလ်ဘိုအာသည် ဂါဇာရှိ လူနေအိမ်ခြေတစ်ခုလုံးကို ကလဲ့စားချေသည့်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ဖြိုချဖျက်ဆီးခဲ့ပြီး ၎င်းလုပ်ရပ်အပေါ် အောင်ပွဲခံခဲ့ကြောင်း သက်သေပြနိုင်သည့် အသေးစိတ်စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို တင်ပြထားသည်။ အဆိုပါလုပ်ရပ်များသည် ၁၉၆၀ ပြည့်နှစ် ဂျနီဗာကွန်ဗင်းရှင်းအက် ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်သည်” ဟု ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ဂျနီဗာကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် အပိုဒ် ၁၄၆ အရ ကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူများကို မည်သည့်လူမျိုးဖြစ်စေ ရှာဖွေဖော်ထုတ်ပြီးတရားစွဲဆိုရန် ဥပဒေကြောင်းအရ တာဝန်ရှိသည်ဟု ဖောင်ဒေးရှင်းက ဆိုသည်။
အဆိုပါအဖွဲ့၏ ပြောကြားချက်အရ ၎င်း အစ္စရေးအရန်စစ်သည် သည် လက်ရှိတွင် ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်ရှိ ကျေးရွာတစ်ရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။
Hind Rajab Foundation ၏ အထွေထွေညွှန်ကြားရေးမှူးဖြစ်သူ ဒိုင်ယက်ဘ် အာဘူ ရဂျာ (Dyab Abou Jahjah) က “အီတန် ဂီလ်ဘိုအာ က ကမ္ဘာလှည့်ခရီးသွားတစ်ယောက်မဟုတ်ပါ၊ သူဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကနေ ထွက်ပြေးတိမ်းရှောင်ရင်း အိန္ဒိယ နိုင်ငံရဲ့ ဧည့်ဝတ်ကျေပွန်မှုကိုခံယူနေတဲ့ စစ်ရာဇဝတ်သားတစ်ဦးသာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကိုးကား- Al Jazeera
Photo:x.com
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
