အစ္စရေးသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပြစ်ဒဏ်ခတ်ခြင်းမခံရဘဲ ကျူးလွန်နေကြောင်း အမေရိကန် နိုင်ငံရေးသမားတစ်ဦးက ပြောကြား
အမေရိကန် လွှတ်တော်အမတ် အီလ်ဟန် အိုမာ (Ilhan Omar) က လက်ဘနွန်နိုင်ငံအပေါ် အစ္စရေး၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချလိုက်ပြီး အစ္စရေးထံ အမေရိကန်ကပေးအပ်နေသည့် စစ်ရေးအကူအညီများကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်။
“အစ္စရေးက အကြိမ်ကြိမ် သင်ခန်းစာရသွားတာကတော့ သူတို့အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ တခြားရက်စက်ကြမ်းကြုတ်မှုတွေကို ဘာ ပြစ်ဒဏ်မှခံရမှာမပူဘဲ စိတ်ကြိုက်ကျူးလွန်လို့ရတယ်ဆိုတာပါပဲ” ဟု အိုမာက X လူမှုကွန်ရက်ပေါ်ရှိ သူမ၏ ပို့စ်တွင် ရေးသားထားသည်။
“အခုတော့ သူတို့က ဂါဇာမှာသုံးခဲ့တဲ့ စစ်ဗျူဟာ (Playbook) ကို လက်ဘနွန်ဆီ တင်ပို့နေပြီ” ဟု ဆိုကာ “လက်ဘနွန်မှာဖြစ်ပွားနေတဲ့ အစ္စရေးရဲ့စစ်ပွဲကြောင့် လူပေါင်းထောင်ချီသေဆုံးနေရပြီး လူဦးရေတစ်သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်” ဟု ထောက်ပြခဲ့သည်။ ၎င်းပြင် သူမက “အစ္စရေးကို အမေရိကန်ရဲ့ အကူအညီတွေပေးတာ လုံးဝရပ်တန့်ရမယ်” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား- Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
