အစ္စရေးစစ်တပ်အတွင်း မဖြစ်မနေစစ်မှုထမ်းရမည့် ဥပဒေကို Ultra-Orthodox ဂျူးလူမျိုး ထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

News Image

  • အစ္စရေးစစ်တပ်အတွင်း မဖြစ်မနေစစ်မှုထမ်းရမည့် ဥပဒေကို Ultra-Orthodox ဂျူးလူမျိုး ထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

အစ္စရေးစစ်တပ်တွင် မဖြစ်မနေစစ်မှုထမ်းရမည့်အမိန့်ကို ကန့်ကွက်ရန်အတွက် Ultra-Orthodox ဂျူးဘာသာရေးဂိုဏ်းဝင် သောင်းနှင့်ချီ၍ အစ္စရေးတစ်ဝန်းတွင် လမ်းများနှင့်ရထားလမ်းများကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ ကြကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

ဂျေရုဆလင်မြို့နှင့် တဲလ်အဗစ် မြို့ပြဧရိယာနှစ်ခုစလုံးတွင် လူအုပ်ကြီးက လမ်းမများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြသဖြင့် အဝေးပြေးလမ်းမများ ပိတ်ဆို့သွားခဲ့ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများပါ ရပ်ဆိုင်းသွားခဲ့ရသည်။

အချို့သော ဆန္ဒပြသူများသည် "ဇီယွန်ဝါဒီအဖြစ် အသက်ရှင်မည့်အစား ဂျူးလူမျိုးအဖြစ် သေဆုံးတာကမှ ပိုမြတ်ဦးမယ်" ဟူ၍လည်းကောင်း၊ "ဇီယွန်ဘာသာတရားအတွက် စစ်တပ်ထဲမှာအမှုထမ်းဖို့ ငါတို့ ငြင်းဆန်တယ်" ဟူ၍လည်းကောင်း ရေးသားထားသည့် အစ္စရေးနိုင်ငံကို ရှုတ်ချသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။

အစ္စရေးနိုင်ငံတွင် ဂျူးအမျိုးသားနှင့် အမျိုးသမီးအများစုသည် မဖြစ်မနေစစ်မှုထမ်းရန် တာဝန်ရှိသည်။ သို့သော်လည်း သြဇာအာဏာရှိသော Ultra-Orthodox နိုင်ငံရေးပါတီများသည် ၎င်းတို့၏ နောက်လိုက်များ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရရှိပြီး ၎င်းအစား ဘာသာရေးစာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ရန်အတွက် အခွင့်အရေးများ ရယူပေးထားနိုင်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင် အဆိုပါကင်းလွတ်ခွင့်များသည် ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။ စစ်မျက်နှာပေါင်းစုံတွင် စစ်ပွဲများဆင်နွှဲနေရသဖြင့် စစ်သားအင်အား ပြင်းထန်စွာလိုအပ်နေသော အစ္စရေးစစ်တပ်သည် မဖြစ်မနေစစ်မှုထမ်းရမည့်သက်တမ်းကာလကို တိုးမြှင့်ရန် ကြိုးပမ်းနေသည်။

အစ္စရေးတွင် ဂျူးအမျိုးသား အများစုသည် သုံးနှစ်နီးပါး စစ်မှုထမ်းဆောင်ရန်လိုအပ်ပြီး ယင်းနောက်ပိုင်းတွင်လည်း အရန်တပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ရလေ့ရှိသည်။ ဂျူးအမျိုးသမီးများမှာမူ မဖြစ်မနေ စစ်မှုထမ်းသက်တမ်း နှစ်နှစ် သတ်မှတ်ထားသည်။

ကိုးကား- Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး