သတ္တု-အော်ဂဲနစ် ဖွဲ့စည်းမှုများ တီထွင်နိုင်သည့်အတွက် ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆုကို သိပ္ပံပညာရှင်သုံးဦး ရရှိ
သတ္တု-အော်ဂဲနစ် ဖွဲ့စည်းမှုများ (MOFs) ကို တီထွင်နိုင်သည့်အတွက် သိပ္ပံပညာရှင် သုံးဦးဖြစ်သည့် ဆုဆုမု ကိတာဂါဝါ၊ ရစ်ချက်ဒ် ရော့ဘ်ဆင် နှင့် အိုမာ အမ် ယာဂီတို့အား ၂၀၂၅ ခုနှစ်အတွက် ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်လိုက်ကြောင်း တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၈ ရက်၌ ကြေညာခဲ့သည်။
“၂၀၂၅ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာနိုဘယ်ဆု ရရှိခဲ့သည့်သူများ သည် ဓာတ်ငွေ့များနှင့် တခြား ဓာတုပစ္စည်းများ ဖြတ်သန်းစီးဆင်းနိုင်ရန် နေရာလွတ်အကျယ်ကြီး အများအပြားရှိသည့် မော်လီကျူး ဖွဲ့စည်း တည်ဆောက်မှုတွေကို ဖန်တီးနိုင်ခဲ့ပါသည်” ဟု ယင်းအကယ်ဒမီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖွဲ့စည်းမှုများဖြစ်သည့် သတ္တု-အော်ဂဲနစ် ဖွဲ့စည်းမှုများအား ပူပြင်း ခြောက်သွေ့သည့် လေထုထဲမှ ရေရယူခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို ဖမ်းယူခြင်း၊ အဆိပ်သင့်ဓာတ်ငွေ့များကို သိုလှောင်ခြင်း နှင့် ဓာတုဓာတ်ပြုမှုများကို အထောက်အကူပေးခြင်းတို့အတွက် အသုံး ပြုနိုင်မည်ဖြစ်ကြောင်း တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက ဖြည့်စွက် ပြောကြားခဲ့သည်။
ကိတာဂါဝါမှာ ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ကာ ရော့ဘ်ဆင်မှာမူ ဗြိတိန်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး ဩစတြေးလျနိုင်ငံရှိ မဲလ်ဘုန်းတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ဂျော်ဒန် နိုင်ငံ အမ်မန်မြို့တွင် မွေးဖွားသူဖြစ်သည့် ယာဂီမှာမူ အမေရိကန်နိုင်ငံ ဘာကလေ မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်ကြောင်း သိရသည်။ “MOF များသည် ကြီးမားသည့်အလားအလာ ရှိနေသော ကြောင့် လုပ်ဆောင်ချက်အသစ်တွေပါဝင်ပြီး စိတ်ကြိုက်ဖန်တီးထားသည့် ပစ္စည်းများ ဖန်တီးရန်အတွက် ယခင်က ကြိုတင်မခန့်မှန်းနိုင်ခဲ့သည့် အခွင့်အလမ်းတွေကို ဆောင်ကြဉ်းပေးပါသည်” ဟု ဓာတုဗေဒ ပညာရပ် ဆိုင်ရာ နိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဟိုင်နာလင့်ခ်က ပြောကြား ခဲ့သည်။
ကိုးကား- Xinhua
