တရုတ်က အာကာသယာဉ်မှူး သုံးဦးပါသည့် အာကာသယာဉ် လွှတ်တင်ရန်ပြင်ဆင်၊ လပေါ်ခြေချနိုင်ရေး ရည်မှန်းချက် နီးစပ်လာ
တရုတ်နိုင်ငံက အာကာသယာဉ်မှူးသုံးဦး လိုက်ပါသည့် အာကာသယာဉ်ကိုမေလ ၂၄ ရက်တွင် လွှတ်တင်သွားမည် ဖြစ်ပြီး ယင်းသို့လွှတ်တင်ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ လပေါ်လူသားများ ခြေချနိုင်ရေးရည်မှန်းချက် အောင်မြင်ရန် နီးစပ်လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအာကာသယာဉ်မှူးသုံးဦးသည် ကောင်းကင်ဘုံဟုအမည်ပေးထားသည့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်းသို့ အလှည့်ကျတာဝန်အဖြစ် သွားမည်ဖြစ်သည်။ အဆိုပါအာကာသယာဉ်မှူးသုံးဦး လိုက်ပါသည့် Shenzhou-23 အာကာသခရီးစဉ်ကို နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျူကွမ်းအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏လူလိုက်ပါသော အာကာသအေဂျင်စီကမေလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါအာကာသယာဉ်မှူးသုံးဦးတွင်အမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးသည် ဟောင်ကောင်၏ပထမဆုံးသော အာကာသယာဉ်မှူးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြထားသည်။
ယခုလုပ်ဆောင်သည့် အာကာသခရီးစဉ်သည် အာကာသသိပ္ပံဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်းနှင့် အာကာသယာဉ်မှူးများ၏ စွမ်းဆောင်ရည်ကိုတိုးတက်အောင် ဆောင်ရွက်ခြင်းအပြင်အာကာသစခန်းသို့ ကုန်ပစ္စည်းပို့ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်မတိုင်မီ လပေါ်တွင် လူများခြေချနိုင်ရေး ရည်မှန်းထားသည်။
MWD
