ရုရှားသမ္မတ ပူတင်က နိုင်ငံတကာ AI မဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

News Image

  • ရုရှားသမ္မတ ပူတင်က နိုင်ငံတကာ AI မဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကွန်ပျူတာအခြေခံ အဆောက်အအုံများ ပူးတွဲတည်ဆောက်ရန်နှင့် AI စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် သည့် ကမ္ဘာလုံးဆိုင်ရာ အစပျိုးမှုအသစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီး ဥာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုနက်ရှိုင်းစွာလုပ်ဆောင်သွားမည့် အစီအစဉ်များကို ကြေညာခဲ့သည်။

ကာဇက်စတန်နိုင်ငံ၊ အာစတာနာမြို့တွင် ကြာသပတေးနေ့ (မေ ၂၈) က ကျင်းပခဲ့သည့် ယူရေးရှားစီးပွားရေးဖိုရမ် (Eurasian Economic Forum) ၌ ပူတင်က ပြောကြားရာတွင် ရုရှားနိုင်ငံသည် နိုင်ငံအများအပြားမှ သိပ္ပံ၊ ပညာရေးနှင့် စီးပွားရေးအသိုက်အဝန်းများကို စုစည်းပေးမည့် AI မဟာမိတ်အဖွဲ့တစ်ခုထူထောင်ရန် ကူညီပေးခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် လာမည့်နှစ်တွင် ရုရှားနိုင်ငံ၌ ဉာဏ်ရည်တုဆိုင်ရာ နိုင်ငံတကာ အဆင့်မြင့်အစည်းအဝေးတစ်ခုကျင်းပရန်လည်း ၎င်းက အဆိုပြုခဲ့သည်။

ပူတင်၏ပြောကြားချက်အရ အဆိုပါအစည်းအဝေးတွင် မိမိစိတ်ကြိုက် ရာနှုန်းပြည့် စီမံခန့်ခွဲနိုင်ခွင့်ရှိသည့် AI မော်ဒယ်များ (Sovereign AI models) ပူးပေါင်းထုတ်လုပ်ရေး၊ အပြန်အလှန်ချိတ်ဆက်ထားသော ကွန်ပျူတာနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ ဖန်တီးရေးနှင့် AI နည်းပညာများကို ဒေသတွင်းလိုအပ်ချက်များနှင့်ကိုက်ညီရန် လိုက်လျောညီထွေဖြစ်စေရေး စသည့်အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

AI နည်းပညာသည် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးတက်ပြောင်းလဲမှုတို့ကို သေချာစေရန်အတွက် အရေးပါသောအချက်တစ်ချက်အဖြစ် ပေါ်ထွက်လာပြီး နိုင်ငံများနှင့် နိုင်ငံဖြတ်ကျော်ကော်ပိုရေးရှင်းကြီးများသည် အဆိုပါနယ်ပယ်တွင် ဦးဆောင်သူ ဖြစ်လာစေရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် အကြီးစားကွန်ပျူတာစနစ်များနှင့် ဒေတာစင်တာများကို ထောက်ပံ့ပေးရန် လိုအပ်သောသိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ခိုင်မာသော ပညာရေးစနစ်နှင့် ကြွယ်ဝသော စွမ်းအင်အရင်းအမြစ်များအပါအဝင် အားသာချက်များစွာရှိထားကြောင်းလည်း ပူတင်က အခိုင်အမာ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် မိမိကိုယ်ပိုင် AI စနစ်များကို အမှီအခိုကင်းကင်းဖြင့် လွတ်လပ်စွာတီထွင်နိုင်ပြီး အဆိုပါကဏ္ဍရှိ အကြီးစားစီမံကိန်းများကိုဘဏ္ဍာငွေထောက်ပံ့ပေးနိုင်သည့် အနည်းငယ်သောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် နည်းပညာပလက်ဖောင်းများကို ထိန်းသိမ်းထားရှိရန်အရေးကြီးပုံကိုလည်း ၎င်းက အလေးအနက် ပြောဆို ခဲ့သည်။

တစ်ချိန်တည်းမှာပင် အရင်းအမြစ်များနှင့်ကျွမ်းကျင်မှုများကို ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် သိသာထင်ရှားသော စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း အကျိုးအကြောင်းပြလျက် ပိုမိုနီးကပ်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖြစ်လာစေရန် ပူတင်က တိုက်တွန်းခဲ့သည်။

အလိုအလျောက်မောင်းနှင်စနစ်များ (Automation) က လူသား အလုပ်သမားများ၏ နေရာတွင် ပိုမိုအစားထိုးဝင်ရောက်လာသည်နှင့်အမျှ လူပေါင်းသန်းချီ၍ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များပြောင်းလဲရန် ဖိအားပေးခံရနိုင်ပြီး AI နည်းပညာသည် လုပ်ငန်းခွင်စျေးကွက်ကို အခြေခံကျကျ ပုံစံပြောင်းလဲပစ်လိမ့်မည်ဟု ရုရှား ခေါင်းဆောင် က သတိပေးခဲ့သည်။ “ဒီလို ဖြစ်စဉ်တွေဟာ နောက်ပြန်လှည့်လို့မရသလို ရှောင်လွှဲလို့လည်း မရပါဘူး” ဟု ၎င်းက ဆိုသည်။

နည်းပညာကုမ္ပဏီကြီး Yandex နှင့် နိုင်ငံ၏အကြီးဆုံးဘဏ်ဖြစ်သော Sberbank အပါအဝင် ရုရှားနိုင်ငံ၏ အဓိကကုမ္ပဏီကြီး အနည်းငယ်သည် ပြည်တွင်းဖြစ် AI မော်ဒယ်များကို စတင်တီထွင်လျက်ရှိကြသည်။

TASS သတင်းဌာန၏ ဖော်ပြချက်အရ Yandex ကုမ္ပဏီ၏ B2B Tech ဌာနခွဲသည် မြန်နှုန်းမြင့် စကားပြောဆိုမှုနှင့် ဒေတာခွဲခြမ်းစိတ်ဖြာမှုများ အတွက် အထူးကောင်းမွန်အောင် ပြုလုပ်ထားသည့် Alice AI LLM Flash အမည်ရှိ Large Language Model ကို မကြာသေးမီက ထုတ်ဖော်ပြသ ခဲ့သည်။ ကုမ္ပဏီတွင်း သတင်းမြစ်တစ်ခုကို ကိုးကား၍ ကြာသပတေးနေ့ (မေ ၂၈) တွင် သတင်းဌာနကဖော်ပြချက်အရ အဆိုပါမော်ဒယ်သည် စီးပွားရေးဆိုင်ရာစံညွှန်းစစ်ဆေးမှု (Benchmark tasks) များ၏ ၅၆ ရာခိုင်နှုန်းတွင် OpenAI ၏ GPT-5.4 mini ထက် သာလွန်ကောင်းမွန် ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး