ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်များပေးလျှင် ကမ္ဘာ့ နျူကလီးယား စစ်ပွဲကြီး ဖြစ်ပြီဟု လူကာရှန်ကို ပြောပြီ

News Image

  • ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်များပေးလျှင် ကမ္ဘာ့ နျူကလီးယား စစ်ပွဲကြီး ဖြစ်ပြီဟု လူကာရှန်ကို ပြောပြီ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားသကဲ့သို့ အမေရိကန်က ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်များ ထောက်ပံ့ပေးလိုက်လျှင် ကမ္ဘာ့ နျူကလီးယားစစ်ပွဲကြီး ဖြစ်ပြီဟု ဘယ်လာရုစ် သမ္မတ လူကာရှန်ကိုက ပြောကြားလိုက်ပါသည်။

တိုမာဟော့ခ်ဒုံးကျည်များသည် တာဝေးပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၂၅၀၀ အထိ ပစ်လွှတ်နိုင်သည့် မဟာဗျူဟာမြောက် ဒုံးကျည် လည်းဖြစ်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မကြာသေးမီ ရက်ပိုင်းက အစ္စရေး လွှတ်တော်၌ မိန့်ခွန်းပြောကြားချိန်က ရုရှားနှင့်ငြိမ်းချမ်းရေးရရှိရန် ဗျူဟာ အဖြစ် တိုမာဟော့ခ်ဒုံးကျည်များကို ယူကရိန်းထံ ပေးပို့ခြင်းဖြင့် ဖိအား ပေးရမည်ဟု ပြောကြားသွားခဲ့ကြောင်း သိရပါသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက တိုမာဟော့ခ်ဒုံးကျည်ကသာ ရုရှား၏ စစ်ရေးထောက်ပံ့မှုလမ်းကြောင်းများ၊ ဒရုန်းစက်ရုံများနှင့် ရုရှား၏ ရေနံ သိုလှောင်စက်ရုံများ၊ စစ်ဖက်ဆိုင်ရာအဆောက်အအုံများကို ပစ်ခတ် ဖျက်ဆီး နိုင်သဖြင့် စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသည်ဟု ယုံကြည် နေသဖြင့် အဆိုပါဒုံးကျည်များ ထောက်ပံ့ပေးရန် ဒေါ်နယ်ထရမ့်ထံ တောင်းဆိုထားကြောင်း သိရပါသည်။

သို့ဖြစ်ရာ ရုရှားနျူကလီးယားလက်နက်ပစ်စင်များကို မိမိနိုင်ငံအတွင်း တပ်ဆင်ထားသော ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ဒေါ်နယ်ထရမ့် ၏ ပြောစကားအပေါ် တုံ့ပြန်သည့်အနေဖြင့် ထိုသို့ ခြိမ်းခြောက် ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။ 

ကိုးကား- THE HINDU

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃