အမေရိကန်နှင့် သဘောတူညီချက် မရရှိပါက အီရန်အပေါ် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု အမေရိကန်ပြော
အကယ်၍ အီရန်နိုင်ငံအနေဖြင့် အမေရိကန်အစိုးရနှင့် သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ခြင်းမရှိပါက အမေရိကန်က အီရန်အပေါ် ယခုထက်ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က မတ်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အရေးနှင့်စပ်လျဉ်း၍ ရှေ့လာမည့်နေ့ရက်များသည် အလွန်အရေးကြီးကြောင်း၊ အကယ်၍ အီရန်နိုင်ငံအနေဖြင့် အမြော်အမြင်ရှိမည်ဆိုပါက အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် ချမှတ်မည်ဖြစ်ကြောင်း ဟက်ဆက်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်း CBS သတင်းဌာနက ကိုးကားဖော်ပြထားသည်။
ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော သဘောတူညီမှုတစ်ရပ် ချမှတ်ရန် အဆင်သင့်ရှိနေပြီး အီရန်ဘက်မှလည်း အဆိုပါ သဘောတူညီချက်ပါ စည်းကမ်းချက်များကို ကောင်းစွာသိရှိထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် လက်ရှိအခြေအနေတွင် အမေရိကန်၏ တိုက်ခိုက်ရေးစွမ်းအားမှာ ပိုမိုအားကောင်းလာသော်လည်း အီရန်တပ်မတော်၏ အင်အားမှာ အားနည်းလာလျက်ရှိနေကြောင်း၊ ယင်းအခြေအနေကို အီရန်အစိုးရက သိနားလည်ထားကြောင်း ဟက်ဆက်က ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် ၎င်းတို့၏ အထူးတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို အရှေ့အလယ်ပိုင်းဒေသသို့ ပို့ဆောင်ထားကြောင်း နယူးယောက်တိုင်းမ် သတင်းစာက အမေရိကန်စစ်ဘက်အရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ မတ်လ ၂၉ ရက်တွင် ဖော်ပြထားသည်။
အဆိုပါ အမေရိကန်အထူးတပ်ဖွဲ့ဝင်များသည် ဒေသအတွင်း ဖြန့်ကြက်ထားပြီးဖြစ်သည့် အမေရိကန်ကမ်းတက်တပ်ဖွဲ့ဝင်များနှင့် ရေတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
MWD
