တောင်ဆူဒန် ရွှေတွင်း တိုက်ခိုက်ခံရ ၊ လူ ၇၀ ကျော် သေဆုံး

News Image

  • တောင်ဆူဒန် ရွှေတွင်း တိုက်ခိုက်ခံရ ၊ လူ ၇၀ ကျော် သေဆုံး

တောင်ဆူဒန်နိုင်ငံရှိ ရွှေတွင်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒုတိယသမ္မတ ဂျိမ်းဝါနီ အစ်ဂါက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မြို့တော်ဂျူဘား၏ အနောက်တောင်ဘက် ၇၀ ကီလိုမီတာခန့်တွင် တည်ရှိသော အလယ်ပိုင်းအီကွေတိုးရီးယားပြည်နယ် ခေါ်ကော်တန်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစ်ဂါက မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် အနည်းဆုံး ဒေသခံ တွင်းတူးလုပ်သား ၇၃ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အစ်ဂါက စုံစမ်းစစ်ဆေးရန် တောင်းဆိုပြီး တိုက်ခိုက်မှုကျူးလွန်သူများကို ဖော်ထုတ်ရန် အာဏာပိုင်များအား တိုက်တွန်းထားကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် ရုပ်အလောင်းများ အများအပြား တွေ့ရှိရပြီး အချို့အသက်ရှင်သူများသည် အနီးနားရှိ တောအုပ်များထဲသို့ ထွက်ပြေးတိမ်းရှောင် သွားကြသည်။ အဆိုပါ ရွှေတူးဖော်ရေးဒေသမှာ တူးဖော်သူများ၊ ရွှေတူးဖော်ရေးကုမ္ပဏီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပြိုင်အဆိုင် လုယက်မှုများကြောင့် ပဋိပက္ခများကို မကြာခဏ ကြုံတွေ့ရသော နေရာတစ်ခု ဖြစ်သည်။

Ref: RT

MWD