ဂျပန်နိုင်ငံတွင် ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ထွက်ပေါ်

News Image

  • ဂျပန်နိုင်ငံတွင် ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ထွက်ပေါ်

ဂျပန်လွှတ်တော်သည် Sanae Takaichi အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ် လိုက်ပြီး အမျိုးသမီးတစ်ဦးက နိုင်ငံအစိုးရကို ဦးဆောင်သည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

အောက်တိုဘာ ၂၁ ရက်နေ့ ဂျပန်လွှတ်တော်တွင် ပထမအကြိမ် မဲခွဲရာ တွင် ၆၄ နှစ်အရွယ် Sanae Takaichi သည် Constitutional Democratic Party ခေါင်းဆောင် Yoshihiko Noda ကို ၂၃၇ မဲ ၁၄၉ မဲ ဖြင့် အနိုင် ရရှိ ခဲ့သည်။ အဆိုပါရလဒ်ကြောင့် ဒုတိယအကြိမ် မဲခွဲရန် မလိုအပ်တော့ဘဲ ဂျပန်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ခဲ့သည်။

Takaichi အား လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီးကာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ဂျပန်ဧကရာဇ်နှင့် တွေ့ဆုံ ပြီးနောက် သူမသည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တရားဝင် တာဝန် စတင်ထမ်းဆောင်မည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေး လုံခြုံမှုဝန်ကြီးဟောင်းဖြစ်သူ Takaichi သည် စက်တင်ဘာလကပင် အမျိုးသားယှဉ်ပြိုင်ဘက် လေးဦးကို အနိုင်ရခဲ့ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ပထမဆုံး အမျိုးသမီး ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ဈေးနှုန်းများ မြင့်တက်မှုကြောင့် နိုင်ငံသားများအမျက်ဒေါသထွက်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကတိကဝတ်များနှင့် နိုင်ငံခြားသားများ အပေါ် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများ ပြုလုပ်မည်ဟု ကတိပေး ထားသည့် LDP ပါတီခေါင်းဆောင် Takaichi အား ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်အတွက် နိုင်ငံ၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Takaichi သည် LDP ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံပြီး ခြောက်ရက်အကြာတွင်၊ Komeito ပါတီသည် သူမ၏ ရှေးရိုးစွဲ ရပ်တည်ချက်များကို မကျေနပ်သဖြင့် ညွန့်ပေါင်းအစိုးရမှ နုတ်ထွက်ခဲ့သည်။ ယင်းအချက်က Takaichi အား အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြုပြင်ပြောင်းလဲရေးဝါဒီ လက်ယာယိမ်း Japan Innovation Party (JIP) နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်။

လွှတ်တော်တွင် မဲခွဲမည့်နေ့မတိုင်မီ တစ်ရက်အလိုက Takaichi သည် "နိုင်ငံ၏ စီးပွားရေးကို ပိုမိုအားကောင်းလာစေရန်နှင့် ဂျပန်နိုင်ငံကို အနာဂတ်မျိုးဆက်သစ်များအတွက် တာဝန်ယူနိုင်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ပြန်လည်ပုံဖော်ရန်" ကတိပြုခဲ့သည်။

ဗြိတိန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟောင်း Margaret Thatcher ကဲ့သို့ မိမိကိုယ်ကို နှိုင်းယှဉ်ပြောဆိုလေ့ရှိသော Takaichi သည် ပြောင်းလဲမှုအတွက် ရှင်းလင်းသော ပုံစံတစ်ရပ် ချပြခဲ့သည်။ သူမသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဆောင်ရွက်ခဲ့သည့် ဘဏ္ဍာငွေ အများ အပြား သုံးစွဲ၍ စီးပွားရေးကိုလှုံ့ဆော်ခြင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ မူဝါဒတင်းကျပ်မှုလျှော့ချခြင်းဗျူဟာကို ထောက်ခံခဲ့ပြီး အတိုးနှုန်း မြှင့်တင် ခဲ့သည့်အတွက် ဂျပန်ဗဟိုဘဏ်အား ဝေဖန်ခဲ့သည်။

သူမသည် Ishiba နှင့် Trump တို့ကြား သဘောတူညီခဲ့သော ကုန်သွယ်ရေး သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ထိုသဘောတူညီချက်တွင် ဂျပန်နိုင်ငံက အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြုပ်နှံရန် ကတိပြုခဲ့ပြီး၊ ၎င်းနှင့်အတူ ကား များနှင့် အခြားထုတ်ကုန်ပစ္စည်းများအတွက် အကောက်ခွန်နှုန်း လျှော့ချခွင့် ရရှိခဲ့သည်။ သို့သော် အဆိုပါသဘောတူညီချက်သည် တရားမျှတမှု မရှိကြောင်း သုံးသပ်တွေ့ရှိရပါက ပြန်လည်ဆွေးနွေးညှိနှိုင်းရန် အလားအလာ ကိုလည်း မြှင့်တင်ခဲ့သည်။

လေ့လာသူများက Takaichi ၏ အမျိုးသားရေးဝါဒီ ရပ်တည်ချက်သည် တောင်ကိုရီးယားနှင့် တရုတ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် အဆင် မပြေ ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။ သူမသည် ဂျပန် စစ်သည်ဟောင်းများကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ထားသည့် Yasukuni ဘုရားကျောင်းသို့ မကြာခဏ သွားရောက်လေ့ရှိပြီး၊ ထိုနေရာ ကို အာရှအိမ်နီးချင်းနိုင်ငံများက ဂျပန်၏ အတိတ်မှ စစ်ဝါဒီသဘောထား သင်္ကေတအဖြစ် ရှုမြင်ကြသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂